သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်နဲ့ ပြည်သူ နီးစပ်ရေး မလွယ်ကူ


ဒီကနေ့ မတ်လ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ၆၄ နှစ်မြောက် တော်လှန်ရေးနေ့ ဒါမှမဟုတ် တပ်မတော်နေ့ ဖြစ်ပါတယ်။ ပြည်သူတွေကို ကာကွယ်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်အပေါ် တချိန်က ပြည်သူလူထုရဲ့ ချစ်ခင်လေးစားမှု ရခဲ့ပေမယ့် ဒီနေ့ဒီအချိန်မှာတော့ ပြည်သူနဲ့ တပ်မတော်ကြားမှာ ယုံကြည်မှုဟာ အတော်လေး အလှမ်း ကွာနေပြီလို့ ပြောနိုင်ပါတယ်။ ဒီတော့ နှစ်ဘက် လေးစား ချစ်ခင်မှု အပြန်အလှန်ပြန်ရဖို့ အခြေအနေ ရှိပါသေးရဲ့လား၊ ဘယ်လိုမျိုးလုပ်နိုင်မလဲ ဆိုတာကို မစုမြတ်မွန်က သုံးသပ်တင်ပြပေးထားပါတယ်။

မြန်မာ့လွတ်လပ်ရေးအတွက် ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်တိုက်ခိုက်ခဲ့တဲ့နေ့ကို အစွဲပြုပြီး ဖြစ်လာခဲ့တဲ့ တော်လှန်ရေး နေ့ ရောက်တိုင်း မြန်မာနိုင်ငံမှာ တပ်မတော်သားတွေကို မိဘပြည်သူတွေက ပန်း၊ ရေချမ်းနဲ့ ဂုဏ်ပြုလာခဲ့ကြတဲ့ အစဉ်အလာဟာ ဒီကနေ့မှာ မှေးမှိန်လုနီးပါး ဖြစ်နေပါပြီ။ ပြည်သူ့ရန် ကာကွယ်ပေးမယ်ဆိုတဲ့ တပ်မတော်အပေါ် ပြည်သူ တွေရဲ့ ချစ်ခင်လေးစားမှုတွေဟာလည်း တနေ့တခြား နည်းလာပြီလို့ သုံးသပ်သူတွေက ပြောနေကြပါတယ်။ ဒီတော့ တပ်မတော်နဲ့ပြည်သူ အလှမ်းကွာသွားစေတဲ့ အဓိကအကြောင်းတွေက ဘာတွေပါလဲ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ကိုယဉ်ထွေးက အခုလိုသုံးသပ်ပါတယ်။

“အဓိကအကြောင်းကတော့ စစ်တပ်က နိုင်ငံရေးကိစ္စ၊ ပြည်သူလူထုရဲ့ အရေးကိစ္စတွေထဲမှာ တရားမဲ့ဝင်ရောက်ခဲ့ခြင်းဟာ အဓိကအကြောင်းပဲလို့ ကျနော်တော့ ထင်ပါတယ်။ တကယ်တမ်းဝင်ခဲ့တာတော့ ၁၉၆၂ ခုနှစ်ကတည်းကပေါ့။ အဲဒီ အချိန်တုန်းက ရှိနေတဲ့ အနေအထားက ဝေးတော့ဝေးသွားတယ်၊ သိပ်မသိသာသေးဘူး။ ရှစ်လေးလုံးအရေးတော်ပုံရဲ့ အစပိုင်းကာလတွေမှာ ကြည့်မယ်ဆိုရင်တောင်မှပဲ ပြည်သူလူထုက လမ်းလျှောက်ရင်းနဲ့တောင် စစ်သားတွေ တွေ့လို့ရှိရင် ပြည်သူ့စစ်သား ဒို့စစ်သားဆိုပြီး အော်ခဲ့ဟစ်ခဲ့တာတွေ ရှိပါတယ်။ အဲဒီအချိန်အထိ ပြည်သူလူထုထဲမှာ စစ်တပ်က ငါတို့
ဘက်မှာရှိနိုင်တယ်၊ ငါတို့နဲ့ တသားတည်းရှိနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် တကယ်ကို ရှိခဲ့ကြပါတယ်။

“ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ စစ်တပ်က တရားလက်လွတ် အနိုင်ကျင့်ပြီး ဖြိုခွဲလိုက်တဲ့ကိစ္စမှာ တော်တော်ထင်ရှားတဲ့ ဝေးကွာစေမှုကြီးလို့ ကျနော်ထင်ပါတယ်။ အခုနောက်ဆုံးဖြစ်ခဲ့တဲ့ သံဃာ့အရေးတော်ပုံလို ဟာမျိုးမှာတော့ နဂိုက ပင်လယ်
လောက်ခြားနေတာ အခုတော့ သမုဒ္ဒရာလောက်ခြားသလို ဖြစ်သွားပါတယ်။”

ဒီတော့ တချိန်ကလို ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှု ပြန်ရဖို့ တပ်မတော်ဘက်က ဘယ်လောက်ပြန်ပြီး လုပ်ရမှာပါလဲ၊ လက်ရှိ စစ်တပ်ဘက်ကရော ပြည်သူတွေရဲ့ လေးစားထောက်ခံမှုကို အရေးတယူ ရှိပါရဲ့လား၊ မြန်မာနိုင်ငံ မျိုးချစ် စစ်သည် ဟောင်းများ အစည်းအရုံး ဥက္ကဋ္ဌ ဦးခင်မောင်ညွန့်ကတော့ …

“အမှန်ကတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲမှာပဲ ပြည်သူတွေ ဘယ်လိုခံစားတယ်၊ ပြည်သူတွေ ရဲ့ စိတ်ဓာတ်အခြေအနေ ဘယ်လိုရှိတယ်၊ ပြည်သူတွေ ဘယ်သူ့ကို ထောက်ခံအားပေးတယ်ဆိုတာ တပ်ထဲကလူတွေ သိပါတယ်။ သိတဲ့အတွက်လည်း ၁၉၉၀ ရွေးကောက်ပွဲမှာရော၊ ၁၉၆၀ ရွေးကောက်ပွဲမှာရော တပ်တွင်းအင်အားစု တော်တော် များများဟာ သူတို့ လွတ်လွတ်လပ်လပ် ရွေးချယ် ဆုံးဖြတ်နိုင်ခွင့် ရခဲ့တဲ့အတွက် ပြည်သူဘက်ကပဲ ရပ်နေတာ ပဲ။”

လက်ရှိအနေအထားကိုကြည့်ရင် ပြည်သူတွေရဲ့ စစ်တပ်အပေါ်ထားတဲ့ အမြင်တွေ၊ သဘောထားတွေဟာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုဖြစ်ပြီး နောက်ပိုင်းမှာ နာကျည်းတဲ့ အနေအထားမျိုးတောင် ရောက်သွားခဲ့တယ်ဆိုတော့ ပြည်သူနဲ့ တပ်မတော် အပြန်အလှန် ယုံကြည်မှု ပြန်ရအောင်လုပ်ဖို့ လက်တွေ့မှာ လွယ်နိုင်ပါ့မလား။

“ဒီဟာကတော့ တပ်ထဲမှာရှိနေတဲ့ပုဂ္ဂိုလ်တွေ တိုင်းပြည်မျက်နှာကိုပဲကြည့်မယ်၊ ဘယ်သူ့မျက်နှာမှ မကြည့်ဘူး၊ တပ်မတော် ရဲ့ နေရာမှန်ကို ပြန်ရောက်အောင်သွားချင်တဲ့ ပုဂ္ဂိုလ်တွေက သူတို့ရဲ့လုပ်ဆောင်မှုအပေါ်မှာပဲ မူတည်တယ်။ သူတို့လုပ်ရ တာလည်း တော်တော်တော့ ခက်ခဲမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်ထိက ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်ထားတဲ့ ကိစ္စတွေ၊ မတရားဖမ်းဆီး နှိပ်စက်ညှဉ်းပန်းတာတွေ၊ တရားခံ အကုန်လုံးက တပ်မတော်အပေါ်မှာပဲ လက်ညှိုးထိုးရမယ့် အနေအထား ရောက်နေတယ်ဆိုတော့ ပြည်သူကို ပြန်ချဉ်းကပ်ပြီး လုပ်လို့ရှိရင်တော့ ဖြစ်နိုင်တဲ့ အနေအထားမှာ ဖြစ်ပါတယ်။”

“တကယ်တမ်းလုပ်မယ်ဆိုရင်တော့ သိပ်အများကြီး လုပ်စရာတော့ မလိုပါဘူး။ အဓိက လုပ်ရမှာကတော့ လက်ရှိ စစ်ခေါင်းဆောင်တွေ အနေနဲ့ အဲဒီလို အရမ်းကို ဝေးကွာနေပြီ၊ ဝေးကွာခြင်းဟာလည်း အမုန်းတရားတွေနဲ့ ဝေးကွာနေတာ ဖြစ်တယ်၊ အဲဒါကလည်း မကောင်းတဲ့အနေအထားတခု ဖြစ်တယ်၊ အဲဒါ ငါတို့စစ်တပ်မှာ အဓိကတာဝန်ရှိတယ် ဆိုတာကို မြင်ဖို့လိုပါတယ်။ အဲဒီအမြင်ရှိပြီး ကောင်းတာကိုလုပ်မယ်ဆိုရင်တော့ သိပ်အများကြီး၊ အကြီးကြီးလုပ်စရာတော့ မလိုပါဘူး။ စစ်တပ်က စစ်တပ်အလုပ်ကို လုပ်ပြီး ပြည်သူလူထုနဲ့ဆိုင်တဲ့ ကိစ္စတွေကို ပြည်သူလူထုကိုယ်တိုင် ဆုံးဖြတ်လုပ်ကိုင်ခွင့်
ရှိသွားတဲ့အနေအထား ဖြစ်လာရင်တော့ နီးစပ်စရာ အခြေအနေက အလွယ်တကူ ဖြစ်လာမယ်၊ မြန်မယ်လို့ ကျနော် ထင်ပါ တယ်။”

“ပြည်သူမငြိုငြင်မယ့်ဟာမျိုး၊ ပြည်သူနဲ့တပ်မတော် နီးနီးကပ်ကပ်ဖြစ်နိုင်မယ့်ဟာမျိုး ကြိုးစားပြီးတော့ သိမ်သိမ်မွေ့မွေ့နဲ့ လှုပ်ရှားရမယ်။ ပြောဆိုရမယ်၊ ပြည်သူကိုချဉ်းကပ်ရမယ်။ ဒါဆိုရင် ပြည်သူက အလိုအလျောက် နားလည် သဘောပေါက် လာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး ဥက္ကဋ္ဌ ဦးခင်မောင်ညွန့်နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ကိုယဉ်ထွေးတို့က သုံးသပ်ပြသွားတာ ဖြစ်ပါတယ်။ သူတို့ပြောသွားတဲ့အတိုင်း လက်တွေ့ဖြစ်လာပြီး တပ်မတော် အပေါ် ပြည်သူရဲ့ လေးစားချစ်ခင်မှု ပြန်ရနိုင်ဖို့က အချိန် တော်တော်ယူလိမ့်မယ်လို့ ပြောရပါလိမ့်မယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG