သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဗျာဆရာကြည်အောင် ကွယ်လွန်


ကဗျာတွေကို ဝီရရသလို့ခေါ်တဲ့ ရဲရင့်မှုရသ ပေါ်အောင် ရေးဖွဲ့တတ်တဲ့ အင်းဝမြို့က ကဗျာဆရာကြည်အောင် မနေ့က ကွယ်လွန်သွားတဲ့အကြောင်း ဗွီအိုအေ မြန်မာပိုင်း က သိသိချင်းပဲ မနေ့ကညပိုင်းအစီအစဉ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ အခုတခါတော့ ဆရာကြည်အောင် ပြောခဲ့တဲ့ စကားနဲ့ သူ့ရဲ့ ရေးဖော်ရေးဖက် ကဗျာဆရာ မောင်စွမ်းရည် တို့ရဲ့ ပြောဆိုချက်တွေကို စုပေါင်းပြီး မညိုညိုလွင်က တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံလို့ဆိုပြီး စာရေးသားခွင့် ပိတ်ပင်ခံထားရတဲ့ ကဗျာဆရာ ကြည်အောင်ဟာ မနေ့က မတ်လ ၂၇ ရက်နေ့ ညနေပိုင်းမှာပဲ နှလုံးရောဂါနဲ့
ကွယ်လွန်သွားခဲ့ပါတယ်။ ကဗျာဆရာကြည်အောင်ဟာ အသက် ၇၂ နှစ်မှာ ကွယ်လွန်ခဲ့ တာဖြစ်ပြီး အိမ်ထောင်မရှိသူတဦးလည်း ဖြစ်ပါတယ်။ ဆရာကြည်အောင်ဟာ လမင်းတရာ ဆိုတဲ့ ကဗျာစာအုပ်နဲ့ ၁၉၆၃ ခုနှစ်က အမျိုးသားစာပေဆုကို ရခဲ့သူပါ။ သူ့ရဲ့ ဆေးရုံပေါ်က နောက်ဆုံးအချိန်တွေ အကြောင်းကိုတော့ သူနဲ့ ဆွေမျိုးတော်စပ်သူတဦးက ဗွီအိုအေကို မနေ့က ရှင်းပြထားပါတယ်။

“ဒီနေ့ညနေ ၃ နာရီထိုးဖို့ ၆ မိနစ်အလိုပေါ့။ မန္တလေးဆေးရုံကြီးမှာပါပဲ။ အခုဖြစ်တာတော့ အစုံပေါ့၊ ပထမဆုံးက Heart Attack ပေါ့။ နောက် ကျောက်ကပ်ရော အဆုတ်ရော တောက်လျှောက်ဖြစ်လာတာပေါ့။ အကုန်လုံးတွဲဖြစ်တာပါ။ ဆေးရုံ တင်တာ ၁၅ ရက်လောက်ရှိပြီပေါ့။ ပထမတကြိမ် ၄ ရက်လောက်တင်တုန်းကတော့ Heart Attack ပေါ့။ အဲဒါ သက်သာ သွားပြီ ဆိုပြီး ပြန်ဆင်းတယ်။

“အင်းဝမှာ ၂ ရက်နေပြီးတော့ အမောဖောက်တာနဲ့ မန္တလေးကို ချက်ချင်းပြန်တင်တာပါ။ မဆုံးခင် ဒီနေ့မနက် အင်းဝက သူ့တပည့်လေးတွေ လာတွေ့တော့ သူကငိုတယ်။ ငိုပြီး ဘာပြောလဲဆိုတော့ မင်းတို့လေးတွေကို လမ်းကောင်းမှန်ပေါ် ငါရောက်စေချင်တာတဲ့၊ အခုတော့ ငါ မလုပ်ပေးနိုင်တော့ဘူးနဲ့တူတယ်တဲ့။ အဲဒါ နောက်ဆုံးစကားပဲ။ အဲဒီနောက်ပိုင်း သူ သတိမရတော့ဘူး။”

ကဗျာဆရာကြည်အောင်နဲ့ တချိန်ထဲ၊ တခေတ်ထဲ ကဗျာတွေရေးခဲ့ကြပြီး အရင်းနှီးဆုံး နေထိုင်လှုပ်ရှားခဲ့သူတဦးကတော့ အခု အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ ကဗျာဆရာ မောင်စွမ်းရည်ပါ။ သူ့ရဲ့သူငယ်ချင်း ကဗျာဆရာ ကြည်အောင်ရဲ့ အကြောင်း ဆရာ မောင်စွမ်းရည်က အခုလို ရှင်းပြပါတယ်။

“ကြည်အောင်က လူရိုးတယောက်ဗျ။ အပြောအဆိုလည်း ရိုးတယ်၊ အနေအထိုင်လည်း ရိုးပါတယ်။ ကဗျာကတော့ သူက ရဲရင့်တက်ကြွတဲ့ ဝီရ ရသမြောက်တဲ့ကဗျာတွေ ရေးလေ့ရှိတယ်ဆိုတာမျိုး ကိုသာနိုးက ခဏခဏ ထောက်ပြဖူးပါတယ်။ သူ့ရဲ့ လမင်းတရာဆိုတဲ့ ကဗျာစာအုပ်နဲ့ အမျိုးသားစာပေဆုရတဲ့အခါကြတော့ သူ့သူငယ်ချင်း ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုစောလွင်က သူ့သားကိုတောင်မှ လမင်းတရာလို့ နာမည်ပေးခဲ့တယ်ဗျ။ သူက မန္တလေးခရိုင် ဗကသဥက္ကဋ္ဌအဖြစ်လည်း လုပ်ပါတယ်။ သူက လူချစ်လူခင် အင်မတန်များပြီး ရဲရင့်တက်ကြွတဲ့ ကဗျာဆရာအဖြစ်နဲ့ သူ့ကဗျာတွေကလည်း အင်မတန် ထင်ရှားသူ ဖြစ်ပါတယ်။

“ကျနော့်ရဲ့ မြန်မာပြည်မှာ နောက်ဆုံးထုတ်ခဲ့တဲ့ အမေ့ခေါ်သံကဗျာစာအုပ်က သူကိုယ်တိုင် ရွေးချယ်စီစဉ်ပြီး အမှာစာရေး ထုတ်ပေးခဲ့တာ။ လူထုတိုက်ကထုတ်ဖို့အတွက် သူလုပ်ခဲ့တာ။ အဲဒီအမှာစာမှာ သူက တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည် ဆိုတာ မန္တလေးတက္ကသိုလ်က မွေးထုတ်လိုက်တဲ့ အမြွှာညီအစ်ကိုသုံးဦးပါပဲလို့ ပြောတယ်။ ကျနော်နဲ့ကတော့ သူက စိတြ ဆိုတဲ့ ကဗျာစာအုပ် ၁၉၆၀ ခုနှစ်က အတူ ထုတ်ခဲ့တယ်။ အဲဒါတွေဖတ်ပြီး အခုတော့ စိတ်မကောင်းဖြစ်နေရတာပေါ့။ ကျနော်တို့ကတော့ ပြည်ပမှာရောက်နေတယ်။ သူကတော့ ပြည်တွင်းမှာ စာလည်း ရေးခွင့်မရှိ၊ ဟောပြောခွင့်လည်း မရှိဘူး ပေါ့။

“သူက ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ပြီး ခြံထဲမှာ ဟောပြောပွဲလုပ်ရာကစပြီး ကိုလေး(အင်းဝဂုဏ်ရည်) နဲ့ သူနဲ့ကို ပိတ်ပင်တာခံခဲ့ရတယ်။ စာလည်းရေးခွင့်မရတော့ဘူးပေါ့။ အမှန်ကတော့ သူတို့မကြိုက်ရင် မကြိုက်တဲ့စာ မရေးနဲ့ဆိုရင် တော်လောက်ပါပြီ။ အခုတော့ ပိုပြီး ရက်စက်လွန်းရာ ကျပါတယ်။ စာလုံးဝကို မရေးရဘူး။ သူတို့ နာမည်ပါ ထုတ်ဖော်ခွင့် မရတော့ အင်မတန်ဆိုးပါတယ်။ ဒီလိုစာဆိုကြီးတွေကို ပစ်မထားကောင်းဘူးဗျ။ အဲဒါတွေက နောက်ကျရင် အပြစ်ကြီးတွေ အဖြစ်နဲ့ ပေါ်လွင်လာပါလိမ့်မယ်၊ သူတို့လုပ်ခဲ့တာတွေက။ ဆုံးရှုံးမှုကတော့ အင်မတန်ကြီးကျယ်တဲ့ ဆုံးရှုံးမှုပေါ့ဗျာ။”

ကဗျာဆရာကြည်အောင် မကွယ်လွန်ခင် လွန်ခဲ့တဲ့ ၄ လလောက်က ဗွီအိုအေ မြန်မာပိုင်းရဲ့ အနုပညာမိုးကောင်းကင် အစီအစဉ်မှာ ဆရာကြည်အောင် ပြောဆိုခဲ့တာ ရှိပါတယ်။ အဲဒီအထဲက မြန်မာ့အနုပညာသမားတွေရဲ့ လွတ်လပ်ခွင့် အခြေအနေတွေအကြောင်း ပြောပြခဲ့တာကတော့…

“ကျနော်တို့ ပြည်သူတွေနဲ့ အနုပညာသည်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေရဲ့ ပါးစပ်ကို အပ်နဲ့ အချုပ်ခံနေရတယ်။ တုပ်နှောင် ထောင်တန်း ချခံနေရတယ်။ ကဗျာဆရာ အနုပညာရှင်တွေအားလုံး သူတို့ဆိုချင်တဲ့တေးကို မဆိုရ၊ သူတို့ ဖန်တီး ချင်တဲ့ အနုပညာကို ဖန်တီးခွင့်မရ၊ ဒီမိုကရေစီ မှောင်ကျနေတာပေါ့ဗျာ။”

ကဗျာဆရာကြည်အောင် ပြောခဲ့တာ ဖြစ်ပါတယ်။ ဆရာ့ရဲ့ ဈာပနကို အခုလာမယ့် တနင်္ဂနွေနေ့ မနက် ၁၀ နာရီကျရင် မန္တလေးဆေးရုံကြီးကတဆင့် သုသာန်ကို ပို့ဆောင်သဂြုႋဟ်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG