သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အမေရိကန်ဗျူဟာ အာရှနဲ့တပြေးညီ ချမှတ်လို


အမေရိကန်နိုင်ငံမှာ သမ္မတ အသစ် ဘရက်ခ် အိုဘားမား တက်လာပြီးနောက် မြန်မာပြည်အပေါ် ထားရှိတဲ့ နိုင်ငံခြားရေး မူဝါဒကို ပြန်လေ့လာ သုံးသပ်နေပါတယ်လို့ နိုင်ငံခြားရေး ဌာနက သတင်းတွေ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အခုလို အချိန်မှာ အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဂျင် စတိုင်းဘက် က မြန်မာနိုင်ငံပေါ်မှာ ပြန်လည် သုံးသပ်နေတဲ့ အမေရိကန် ရဲ့ ပေါ်လစီဟာ အာရှနိုင်ငံတွေ ထားရှိတဲ့ပေါ်လစီနဲ့ တပြေးညီ ရှိစေလိုပါတယ်လို့ အစည်းအဝေးတခုမှာ ဗုဒ္ဓဟူးနေ့က ပြောကြားသွားပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

သမ္မတ အိုဘားမား အစိုးရက အရင် သမ္မတ ဘုရှ်လက်ထက်က ချထားခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ထိရောက်မှု မရှိသလို မြန်မာ အစိုးရနဲ့ ရင်းနှီးဆက်ဆံတဲ့ အာစီယံ နိုင်ငံတွေရဲ့ ပေါ်လစီဟာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပြုပြင်ပြောင်းလဲဖို့ အောင်မြင်မှုမရှိတာကြောင့် မြန်မာနိုင်ငံပေါ်မှာ ထားရှိတဲ့ နိုင်ငံခြားရေး မူဝါဒကို ပြန်လည်သုံးသပ်နေတယ်လို့ ပြောခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဂျင် စတိုင်းဘက်က အမျိုးသား အာရှ သုတေသန ဗျူရိုမှာ ကျင်းပ ခဲ့တဲ့ အမေရိကန်နဲ့ အာရှနိုင်ငံများရဲ့ ပေါ်လစီများ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံပေါ် ထားရှိတဲ့ ပေါ်လစီကို သုံးသပ်ရာမှာ ပိုပြီး ပွင့်လင်းမှုရှိတဲ့ မြန်မာနိုင်ငံဖြစ်လာရေးကို လိုလားတယ်လို့ ပြောကြားသွားပါတယ်။

“နိုင်ငံခြားရေး ဝန်ကြီး ကလင်တန် ပြောထားတာရှိပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒတွေကို အခုလောလောဆယ်မှာ ပြန်ပြီးတော့ သုံးသပ်နေတယ်ဆိုတာပါပဲ။ ကျွန်တော်တို့ရဲ့ အဓိက ဦးတည်ချက်ကတော့ မပြောင်းလဲပါဘူး။ မြန်မာနိုင်ငံ ပိုပြီးတော့ ပွင့်လင်းမှုရှိပြီး ကိုယ်ပြည်သူတွေရဲ့ အခွင့်အရေးတွေကို လေးစားမှု ရှိမယ် အာစီယံအသင်းက ရေးဆွဲထားတဲ့ ပဋိဉာဉ်စာတမ်း စည်းမျဉ်း စည်းကမ်းချက်တွေနဲ့အညီ ဖြစ်လာရေး လုပ်ဆောင်တာမျိုး ကျွန်တော်တို့က တွေ့ချင်ပါတယ်။ နောက်ပြီးတော့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေနဲ့ ဒေသတွင်းမှာ တည်ငြိမ်မှုတွေ ရှိလာအောင် လုပ်စေချင်ပါတယ်။ ဒီလိုမျိုးနဲ့ ကမ္ဘာ့စီးပွားရေး လောကထဲကို ပါဝင်လာနိုင်ပါတယ်။”

သမ္မတ အိုဘားမားအစိုးရက မြန်မာနိုင်ငံပေါ် ထားရှိတဲ့ ပေါ်လစီကို ပြန်လည်သုံးသပ်နေချိန်မှာ အာရှရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး စတီဖင် ဘလိတ် ဟာ ပြီးခဲ့တဲ့ သတင်းပတ်က သူ့ရဲ့ ၅နိုင်ငံ အာရှခရီးစဉ် အတွင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းအပြင် အတိုက်အခံ ဒီမိုကရေစီ အဖွဲ့ချုပ် စီအီးစီများနဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါ တယ်။

သက္ကရာဇ် ၂၀၀၇ခုနှစ်က ရဟန်းသံဃာတော်တွေ ကြွချီဆန္ဒပြတာကို မြန်မာစစ်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စု ဥရောပ သမဂ္ဂ အပါအဝင် အနောက်အုပ်စုက ရှိဆဲ မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အားဖြည့်ချမှတ်ခဲ့ရာမှာ မြန်မာနိုင်ငံမှာ နေအိမ်အကျယ်ချုပ် ကျခံ နေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အခုလို ကြိုးပမ်းမှုများဟာ တရုတ်၊ အိန္ဒိယ၊ ရုရှ၊ အာစီယံနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင် ဆက်ဆံမှုတွေ၊ ကုန်သွယ်ရေး အားကောင်းမှုတွေကြောင့် ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ထိရောက်မှု ရှိသင့်သလောက် မရှိခဲ့ပါဘူး။

နိုင်ငံခြားရေး ဝန်ကြီး စတိုင်းဘက် က မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုရှိတဲ့ နိုင်ငံတွေ အနေနဲ့ ဒေသန္တရ အကျိုး စီးပွားအတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်နဲ့အတူ တပြေးညီ မူဝါဒ ချမှတ်ဖို့ လိုတယ်လို့ အခုလို ပြောခဲ့ပါ တယ်။

“မြန်မာပြည်နဲ့ ပတ်သက်ပြီး ၂ဘက်စလုံး အတွက် သုညပဲ အဖြေထွက်စေမယ့် ဆက်ဆံရေးကတော့ ဘယ်နိုင်ငံကိုမှ အကျိုးမရှိစေပါဘူး။ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုရှိတဲ့ နိုင်ငံတွေကနေ ဖြေရှင်းနည်းသစ်တွေကို ဖန်တီးလုပ်ဆောင်နေကြတာဟာ ကိုယ့်တိုင်းပြည်အတွက်ပါ အကျိုးမရှိစေဘူးဆိုတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ အားလုံးမှာ မြန်မာပြည်နဲ့ ပတ်သက်လို့ အတူတကွ လုပ်ဆောင်ကြမယ်ဆိုတဲ့ ဘုံရပ်တည်ချက် ရှိပါတယ်။ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ မြန်မာစစ်အစိုးရကို စည်းရုံး သွားမယ်။ နိုင်ငံတကာက ဝိုင်းပယ်ထားတဲ့ အခြေအနေမျိုးကနေ အပြင်ကို ထွက်လာအောင် တခြား လမ်းကြောင်းတွေလည်း ရှိတယ်။ ကိုယ့်အကျိုးစီးပွား တခုတည်းဆိုတာလည်း မဟုတ်ဘူးဆိုတာ ရှင်းပြသွားမယ်။ ဒေသတွင်းနိုင်ငံတွေက တယောက်တမျိုး လုပ်ကိုင်နေကြတာမျိုး မဟုတ်ဘဲ ဒီထက်ပိုပြီး ပညာသားပါတဲ့ အပြုသဘောဆောင်တဲ့ လုပ်ရပ်မျိုးကို ကျွန်တော်တို့က မြင်ချင်ပါတယ်။”

မြောက်ကိုရီးယား နယူးကလီယား အစီအစဉ် အဆုံးသတ်ရေး ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ သဏ္ဍာန်တူတဲ့ အလျော့အတင်းပြုလုပ်နိုင်တဲ့ ဘောင်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲ တရပ် စတင်ဖို့ကိုလည်း အမေရိကန်ပြည်ထောင်စု က စဉ်းစားသုံးသပ်ပေးဖို့ အဆင်သင့်ရှိတယ်လို့ သူက ပြောသွားပါတယ်။

မြန်မာနိုင်ငံသားတွေဘဝတိုးတက်ရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေး အတွက် အာစီယံ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန် တို့နဲ့ တပြေးညီ ပေါ်လစီချက်မှတ်နိုင်ရေး အမေရိကန်က မျှော်လင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဒုတိယ ဝန်ကြီးက ပြောသွားပါတယ်။

သမ္မတ အိုဘားမား အစိုးရအနေနဲ့ မြန်မာနိုင်ငံပေါ် ထားရှိတဲ့ အမေရိကန် ပေါ်လစီကို ပြန်လည်သုံးသပ်ရာမှာ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ပေ့ါပေးမယ့် အလားအလာနဲ့ ပတ်သက်လို့ သတင်းဌာနတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

နယူးဟန်ရှာပြည်နယ်က ရီပတ်ဗလစ်ကန် အထက်လွှတ်တော် အမတ် ဂျက် ဂရက်ကတော့ မြန်မာနိုင်ငံ အပေါ် ရပ်တည်ချက် ခိုင်မာဖို့ဆိုတဲ့ ခေါင်းကြီးနဲ့ ဘော်စတင် ဂလုပ် သတင်းစာမှာ ရေးသားရာမှာ မြန်မာ နိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ ပေါ်လစီဟာ လက်ရှိအတိုင်း စွဲကိုင်သွားသင့်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံသားတွေဆီက သဘောထားတွေကို အဓိကထား ရယူသင့်တယ်လို့ ရေးသားထားတာ ကို တွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG