သုံးရလွယ်ကူစေသည့် Link များ

ဒုံးကျည်ပစ်လွှတ်မှုကို ဟန့်တားရင် မြောက်ကိုရီးယား အင်အားသုံး တုံ့ပြန်မည်


မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည်ကို ပစ်လွှတ်ဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန်မှာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကို ပိုပြီး ပြင်းထန်တဲ့ အပြောအဆိုတွေနဲ့ ထိုးနှက် တိုက်ခိုက်နေပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေ မှာ ဒုံးကျည်ပစ်လွှတ်တာကို တုံ့ပြန်ဖို့ နည်းလမ်းတွေကတော့ နည်းနည်းပဲရှိတယ်လို့ ဗွီအိုအေသတင်းထောက် ကာ့တ် အာချင်း (Kurt Achin) က ဆိုးလ်မြို့ကနေ သတင်းပေးပို့ထားပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြပေးထား ပါတယ်။

လာမယ့်ရက်ပိုင်းတွေအတွင်း ပစ်လွှတ်တော့မယ်လို့ ခန့်မှန်းထားကြတဲ့ ဒုံးကျည်ပစ်လွှတ်စင်နေရာကို မြောက်ကိုရီးယား တိုက်လေယာဉ်တွေက အကာအကွယ် ပေးထားကြတယ်လို့ အမည်မဖော်ပြတဲ့ အစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး မြောက်ကိုရီးယားရဲ့ အဓိက သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

တချိန်တည်းမှာပဲ ဒုံးကျည်ပစ်လွှတ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက စကားလုံးတွေနဲ့ တိုက်ခိုက်တာကို ပိုလုပ် လာပါတယ်။ ဒုံးကျည်ပစ်လွှတ်မှာကို ရန်လိုတဲ့ အင်အားစုတွေက ကြားဖြတ်တားဆီးဖို့ လုပ်လာရင် ဘယ်လိုကြိုးစားမှုလေး ကိုပဲ ဖြစ်ဖြစ် မြောက်ကိုရီးယားစစ်ဘက်က အင်အားသုံးပြီး လက်တုံ့ပြန်မယ်လို့ အစိုးရအာဘော် KCNA ကိုရီးယား ဗဟို သတင်း ဌာန က သတိပေးထားပါတယ်။

အခုလာမယ့် စနေနေ့နဲ့ နောက်ဗုဒ္ဓဟူးနေ့ ကြားထဲမှာ အာကာသ သုတေသနလုပ်ငန်းအတွက် ဂြိုဟ်တုတလုံးကို ပစ်လွှတ် မယ့်အကြောင်း နိုင်ငံတကာ အဖွဲ့အစည်းတွေကို မြောက်ကိုရီးယားက ပြီးခဲ့တဲ့လမှာ အကြောင်းကြားခဲ့ပါတယ်။ ဒီစမ်းသပ်မှု ဟာ မြောက်ကိုရီးယားရဲ့ တာဝေးသွား တိုက်ချင်းပစ် ဒုံးကျည်နည်းပညာ စမ်းသပ်မယ့်ကိစ္စကို ပုံဖျက် ဖုံးကွယ်ထားတာ ဖြစ်တယ်လို့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့က ပြောပါတယ်။

ဒုံးကျည်လမ်းကြောင်းဟာ ဂျပန်နိုင်ငံပေါ်က ဖြတ်သွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဂျပန်နယ်မြေကို ခြိမ်းခြောက် လာမယ့်ပုံ ရှိရင်တော့ ဒုံးကျည်ကို ပစ်ချမယ်လို့ ဂျပန်က ပြောပါတယ်။ အဲဒီလို လုပ်ရပ်မျိုးကို ဂျပန်ရဲ့ ဒုံးခွင်းဒုံး ပစ်လွှတ်တဲ့ နေရာတွေကိုသာမက တခြား အဓိကပစ်မှတ်တွေကိုပါ လုံး၀ သနားကြင်နာမှုမထားဘဲ အပြင်းအထန် တုံ့ပြန်မယ်လို့ မြောက်ကိုရီးယား သတင်းဌာနက တုံ့ပြန်ပြောဆိုပါတယ်။

မိုက်ခ် ချီနွိုင်း (Mike Chinoy) ဟာ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ပစိဖိတ်ကောင်စီက အကြီးတန်း သုတေသနမှူးပါ။ ဒုံးကျည်ပစ်လွှတ်မယ့်ကိစ္စကို ကိုင်တွယ်ဆောင်ရွက်ဖို့က အမေရိကန်နဲ့ မဟာမိတ်တွေမှာ လုပ်စရာ သိပ်မရှိဘူးဆိုတာ မြောက်ကိုရီးယားက သိတယ်လို့ သူက ပြောပါတယ်။

“မြောက်ကိုရီးယားတို့ရဲ့ အမြင်မှာတော့ ဒီလိုပစ်လွှတ်ဖို့ ကြိုးစားတဲ့အတွက် ဘာမှ အရှုံးမရှိပါဘူး။”

အမေရိကန်နဲ့ သူ့ရဲ့ ဒေသတွင်း မဟာမိတ်တွေ ရပ်တည်ချက်က ဒီလိုပစ်လွှတ်တာဟာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာကျလိမ့်မယ် ဆိုတာပါ။ မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်ပြီးတဲ့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ဆိုလိုပါတယ်။ ဒါပေမဲ့လည်း ဒုံးကျည်ပစ်လွှတ်မှာကို အာကာသ သုတေသန အကြောင်းပြပြီး ပါးပါးနပ်နပ်နဲ့ ချိတ်ဆက်ထားပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီထဲက ဗီတိုအာဏာရှိတဲ့ သူ့ရဲ့ သမိုင်းအစဉ်အဆက် မဟာမိတ်တွေ အမြင်ရှင်းအောင် မြောက်ကိုရီးယားက လုပ်ထားပါတယ်။

“အဆုံးတနေ့ကျ တရုတ်နဲ့ ရုရှားတို့မှာ အဓိပ္ပာယ်ပြည့်ဝတဲ့ ဒဏ်ခတ်အရေးယူမှုမျိုး လုပ်ချင်စိတ်မရှိဘူးဆိုတာ သူတို့ သိနေ တယ်။ တရုတ်နဲ့ ရုရှား မပါဘဲနဲ့တော့ ဂျပန်၊ တောင်ကိုရီးယား၊ ဒါမှမဟုတ် အမေရိကန် ဘယ်သူပဲဖြစ်ဖြစ် လုပ်နိုင်တာ သိပ် မရှိပါဘူး။”

ဒုံးကျည်ပစ်လွှတ်မယ့်အပေါ် သမ္မတအိုဘားမား အနေနဲ့ ခိုင်မာတဲ့တုံ့ပြန်မှု လုပ်ရမှာဖြစ်ပေမဲ့ နျူကလီးယားလက်နက် အစီအစဉ်နဲ့ ပတ်သက်ပြီး သံတမန်ရေး ကြိုးပမ်းမှုဆိုင်ရာ ဖြစ်နိုင်ခြေတွေကိုတော့ ထိခိုက်လို့မရဘူးလို့ ချီနွိုင်းက သုံးသပ်ပါ တယ်။

“ဒုံးကျည်ပစ်လွှတ်ပြီးတဲ့နောက် အမေရိကန်က စေ့စပ်ညှိနှိုင်းရေးဘက် ပြန်လှည့်လာမယ်ဆိုရင် ဒါကလည်း ကြောင်းကျိုး ဆီလျော်တယ်လို့ ကျနော်ထင်တယ်လေ။ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အခြေအနေကတော့ မြောက်ကိုရီးယားဟာ သူ အင်အားပြပြီး တဲ့နောက် စေ့စပ်ဆွေးနွေးပွဲကို ပြန်လာအောင် အမေရိကန်ကို ဖိအားပေးပါလိမ့်မယ်။”

လန်ဒန်မြို့မှာ ကျင်းပနေတဲ့ စီးပွားရေးထိပ်သီး နိုင်ငံ ၂၀ ရဲ့ အစည်းအဝေးပြင်ပမှာ ဒုံးကျည်ပစ်လွှတ်မယ့်အပေါ် တုံ့ပြန်ဖို့ ဖြစ်နိုင်ခြေတွေကို သမ္မတအိုဘားမားဟာ အာရှခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG