သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မဟာဗျူဟာ ထောက်ခံဖို့ နေတိုးကို အိုဘားမား တိုက်တွန်း


နေတိုး မြောက်အတ္တလန်တိတ်အဖွဲ့ တည်ထောင်တဲ့ အနှစ် ၆၀ မြောက် နှစ်ပတ်လည်အချိန်နဲ့ ကိုက်ပြီး ပြင်သစ်-ဂျာမဏီ နယ်စပ်မြို့မှာ ဒီကနေ့ကျင်းပတဲ့ နေတိုးထိပ်သီးစည်းဝေးပွဲကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) တက်ရောက်နေပါတယ်။ သမ္မတ အိုဘားမားဟာ သူ့ရဲ့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်ဆိုင်ရာ ဗျူဟာသစ်ကို ထောက်ခံဖို့အတွက် စည်းရုံးမယ့်အကြောင်း ဗွီအိုအေသတင်းထောက် ပေါ်လာ ဝုဖ်ဆင် (Paula Wolfson) သတင်းပေးပို့ထား တာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

သမ္မတအိုဘားမားရဲ့ ဒီဗျူဟာသစ်ဟာ နေတိုးမဟာမိတ်တွေနဲ့ နာရီပေါင်းများစွာ အသေအချာ ညှိနှိုင်းတိုင်ပင်ပြီးမှ ရရှိလာတဲ့ ဗျူဟာသစ် ဖြစ်ပါတယ်။ အဲဒီ ညှိနှိုင်း တိုင်ပင်မှုတွေ အခုချိန်မှာ ပြီးဆုံးသွားပြီမို့ ဒါကို အကောင်အထည်ဖော်ဖို့ စတင်ရ မယ့် အချိန်ရောက်ပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။

“ဒီ နေတိုးထိပ်သီးစည်းဝေးပွဲဟာ ဘယ်သူက ဘာတွေ ထည့်ဝင်ကြပါလို့ ပြောဆိုကြမယ့် ညီလာခံ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမတို့ မဟာမိတ်တွေအနေနဲ့ ဗျူဟာမြောက် စည်းဝေးပွဲမှာ ပြောဆိုညှိနှိုင်းခဲ့ကြတဲ့ အချက်တွေပေါ် မူတည်ပြီး ကျမတို့မှာ ရှိတဲ့ အရင်းအမြစ်တွေ ဘယ်လိုထည့်ဝင်နိုင်၊ အသုံးချနိုင်ကြမလဲ ဆိုတာကိုတော့ ဆွေးနွေးကြမှာပါ။”

အဲဒီအရင်းအမြစ်တွေက တကယ်တော့ တပ်ဖွဲ့တွေချည်းပဲလည်း မဟုတ်ပါဘူး။ အာဖဂန် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေကို စစ်သင်တန်း ပို့ချပေးနိုင်မယ့် နည်းပြတွေ လိုအပ်တဲ့အကြောင်း သမ္မတအိုဘားမားရဲ့ ဥရောပခရီးစဉ်ကို သတင်းလိုက်ယူနေကြတဲ့ သတင်းထောက်တွေနဲ့ တယ်လီဖုန်းကတဆင့် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စကလင်တန် က အလေးထား ပြောကြားခဲ့ပါတယ်။

“ဘယ်လိုနည်းနဲ့ အလုပ်ဖြစ်နိုင်မလဲဆိုတာကို ကျမတို့ အဓိက အာရုံစိုက် လုပ်ကိုင်နေကြပါတယ်။ ဖြစ်နိုင်တာကတော့ အာဖဂန်တပ်ဖွဲ့တွေ သူတို့လုံခြုံရေးအတွက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ကြဖို့ ဘယ်လောက်မြန်မြန် တာဝန်ယူနိုင် မလဲ ဆိုတာကို ဝိုင်းကူကြမယ်ဆိုရင်တော့ အလုပ်ဖြစ်မယ် ထင်ပါတယ်။”

စစ်ဖက်နဲ့ အရပ်ဖက် လုပ်ငန်းရပ်တွေအတွက် ငွေကြေးဆိုင်ရာ ထောက်ပံ့မှုတွေ လိုအပ်တဲ့အကြောင်းလည်း ပြီးခဲ့တဲ့ အင်္ဂါ နေ့က နယ်သာလန်နိုင်ငံ The Hague မြို့မှာ ကျင်းပခဲ့တဲ့ အာဖဂန်ကူညီရေးဆိုင်ရာ ညီလာခံကို တက်ရောက်ခဲ့တဲ့ မစ္စကလင်တန် က ဇောင်းပေး ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ အာဖဂန်နဲ့ ပါကစ္စတန်နိုင်ငံ ဗျူဟာသစ်မှာ စစ်ရေး၊ သံတမန်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ နည်းလမ်းတွေကို ရောယှက် အသုံးပြုသွားဖို့ သမ္မတ အိုဘားမား အစိုးရက စီစဉ်နေတဲ့အကြောင်း အဲဒီ တယ်လီဖုန်းကတဆင့် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာပဲ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ဂျင်မ်ဂျုန်းစ် (Jim Jones) က ပြောပါတယ်။

ဂျင်မ်ဂျုန်းစ်ဟာ မရိမ်းတပ်က ဗိုလ်ချုပ်ဟောင်းတဦးဖြစ်ပြီး နေတိုး မဟာမိတ်တပ်ဖွဲ့ရဲ့ အကြီးအကဲအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူက အာဖဂန်နဲ့ ပတ်သက်လာရင် အားလုံးက ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ကြရမယ်ဆိုတဲ့ ခံယူချက်အသစ်မျိုး နေတိုး မဟာမိတ်တပ်ဖွဲ့ဝင်တွေကြားမှာ ရှိနေတယ်လို့ ပြောပါတယ်။

“နေတိုးမှာ တာဝန်ထမ်းဆောင်ဘူးတာရော၊ အာဖဂန်ကိစ္စကို ၂၀၀၃ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေ အရရော ပြောရမယ်ဆိုရင် အာဖဂန်ကိစ္စနဲ့ ပတ်သက်လာရင် ခံယူချက်အသစ်၊ စိတ်ဓာတ်အသစ် ရှိနေတယ်လို့ ကျနော် ထင်တယ်။ ဒါပေမယ့် အဲဒီ ခံယူချက်အသစ်က လက်တွေ့အဖြစ် ဘယ်လိုပြောင်းလဲလာမလဲ ဆိုတာကိုတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့လေ။”

အခြေအနေတွေကတော့ အားရစရာပဲလို့ ဂျင်မ်ဂျုန်းစ်က ပြောပါတယ်။ သမ္မတအိုဘားမားက သူတို့ရဲ့အမြင်တွေကို အလေး ထားပြီး ထည့်သွင်း စဉ်းစားခဲ့တဲ့အတွက် နေတိုးမဟာမိတ်တပ်ဖွဲ့ဝင် နိုင်ငံတွေက ဝမ်းမြောက် ကျေနပ်နေကြတယ် လို့ သူက ပြောပါတယ်။ ဒါဟာ နေ့သစ်တခုဖြစ်တယ်လို့ ဂျုန်းစ်က အားလုံးကို ခြုံပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG