သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား ရဲ့  အာဖဂန်ဗျူဟာ နေတိုးအဖွဲ့ ထောက်ခံ


အမေရိကန်အစိုးရရဲ့ အာဖဂန်နစ်စတန် ဆိုင်ရာ မဟာဗျူဟာသစ်ကို နေတိုး အဖွဲ့ကြီးက တညီတညွတ်တည်း တခဲနက်ထောက်ခံခဲ့ကြတယ်လို့ အမေရိကန် သမ္မတ ဘရက်အိုဘားမားက မနေ့က ပြင်သစ်နိုင်ငံ စထရက်စ်ဘို့ မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောလိုက်ပါတယ်။ နေတိုးအဖွဲ့ရဲ့ နှစ်ခြောက်ဆယ် ပြည့် အထိန်းအမှတ်အဖြစ် ကျင်းပခဲ့တဲ့ နှစ်စဉ်အစည်းအဝေး အဆုံးသတ်ချိန်မှာ အခုလို ပြောခဲ့တာလည်း ဖြစ်ပါတယ်။

သမ္မတ အိုဘားမား က အာဖဂန်နစ်စတန်ပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်ဖို့ အတွက် အမေရိကန်တနိုင်ငံတည်းပဲ ဖြေရှင်းလို့မရဘူး။ နေတိုးအဖွဲ့ရဲ့ ရုပ်ဝတ္ထု ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ လိုအပ်တယ် လို့ ပြောခဲ့ပါတယ်။ အာဖဂန်နစ္စတန် နဲ့ ပါကစ္စတန်နိုင်ငံက အယ်ခိုင်းဒါး လက်နက်ကိုင်အဖွဲ့တွေကို အမြစ်ဖြုတ် တိုက်ခိုက် နိုင်ဖို့အတွက် နောက်ထပ်စစ်သားအင်အား ၅,၀၀၀ ကို ထပ်ပို့ပြီး ထောက်ပံ့ငွေ ဒေါ်လာ သန်းနဲ့ချီပြီး သုံးစွဲဖို့လိုအပ်တယ်လို့လည်း သမ္မတ အိုဘားမား က ပြောခဲ့ပါ တယ်။

ဒါ့အပြင် နေတိုးအဖွဲ့အနေနဲ့ ရုရှားနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်ပြီး ထိန်းသိမ်းထားဖို့ကိုလည်း သမ္မတ အိုဘားမား က တိုက်တွန်းခဲ့ပါတယ်။ နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်သစ်ဖြစ်သူ ဒိန်းမတ် ဝန်ကြီးချုပ် အဲန်ဒါစ် ဖို ရက်စ်မြူဆန် (Anders Fogh Rasmussen) ကိုလည်း ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။ နေတိုးအစည်းအဝေး အပြီးမှာတော့ သမ္မတ အိုဘားမား ဟာ ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေး ကျင်းပဖို့ရှိတဲ့ ချက်သမ္မတ နိုင်ငံကို မနေ့ကပဲ ခရီးဆက်ခဲ့ပါ တယ်။ အဲဒီ ထိပ်သီးအစည်းအဝေးမှာ သမ္မတ အိုဘားမား က အဖွင့်မိန့်ခွန်း ပြောကြားဖို့လည်း ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG