သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Burma VJ မှတ်တမ်းတင်ဗွီဒီယို အမေရိကန် ရုပ်ရှင်ပွဲတော်မှာ ဆု ၃ ဆု ရရှိ


Burma VJ : Reporting from a Closed Country မြန်မာဗွီဒီယိုသတင်းသမား ဖိနှိပ်ခံနိုင်ငံက သတင်းပေးပို့ခြင်းလို့ခေါ်တဲ့ မှတ်တမ်းတင် ရုပ်ရှင်ကားဟာ မကြာခင်က အမေရိကန်ပြည်ထောင်စုမှာ ကျင်းပပြီးစီးသွားတဲ့ မှတ်တမ်းတင်ရုပ်ရှင်ပွဲတော် တခုမှာ ဆု ၃ ခု ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီကားဟာ ၂၀၀၇ ခုနှစ် ရဟန်းရှင်လူ ပြည်သူ့လှုပ်ရှားမှုအကြောင်း မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ၈၅ မိနစ်ကြာ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို နော်ရှိုးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထား ပါတယ်။

ဒီ Burma VJ မှတ်တမ်းတင်ကားကို အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်က ဒါရမ် (Durham) မြို့မှာ ကျင်းပခဲ့တဲ့ Full Frame မှတ်တမ်းတင် ရုပ်ရှင်ပွဲတော်မှာ ဆု ၃ ခု ချီးမြှင့်ခြင်းခံခဲ့ရတာပါ။ ဒီပွဲတော်ကို လွန်ခဲ့တဲ့ ၁၂ နှစ်က စလို့ နှစ်စဉ် ဧပြီလမှာ ကျင်းပပြီး တကယ့်အဖြစ်အပျက် အကြောင်းအရာတွေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ကားတွေ ကို ဆုချီးမြှင့်တာ ဖြစ်ပါတယ်။

ဧပြီလ ၄ ရက်ကနေ ၇ ရက်အထိ ကျင်းပခဲ့တဲ့ ဒီပွဲတော်မှာ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူတွေ အပါအဝင် လာရောက်အားပေး သူပေါင်း ၇,၀၀၀ ကနေ ၁၀,၀၀၀ လောက်အထိ ရှိတယ်လို့ ဆိုပါတယ်။ Burma VJ ကားရဲ့ ဗွီဒီယိုရုပ်ပုံတွေကို နော်ဝေး အခြေစိုက် Democratic Voice of Burma (DVB) က ဗွီဒီယိုသတင်းသမားတွေဆီက ရယူပြီး ဒိန်းမတ်နိုင်ငံသား အန်ဒါစ် အော့စ်တာဂါ့ဒ် (Anders Ostergaard) က ဒါရိုက်တာအဖြစ် စီမံပြီး ထုတ်လုပ်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲတော်မှာ ကမ္ဘာ့နိုင်ငံအသီးသီးက အကြောင်းအရာ အမျိုးမျိုးကို မှတ်တမ်းတင်ထားတဲ့ ရုပ်ရှင်ပေါင်း ၁,၂၀၀ လောက် ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ Burma VJ ဟာ ဆုရရှိခဲ့တဲ့ မှတ်တမ်းတင်ရုပ်ရှင်ပေါင်း ၁၀ ခုထဲက တခုဖြစ်ပါတယ်။ ဆုပိုင်ရှင်တွေ ကို ဘယ်လို ရွေးချယ်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီပွဲတော် စီမံကျင်းပရေး ညွှန်ကြားရေးမှူး မစ္စ စေဒီတေလာရီ (Ms. Sadir Tillery) က အခုလို ရှင်းပြပါတယ်။

“ကျမတို့ဆီမှာ ပါဝင်ယှဉ်ပြိုင်လိုတဲ့အတွက် လျှောက်လွှာတင်သွင်းလာတဲ့ ရုပ်ရှင် ၁,၂၀၀ လုံးကို အကဲဖြတ်တဲ့အဖွဲ့ဝင် အယောက် ၂၀ ပါ ကော်မတီတခု ရှိပါတယ်။ အဲဒီထဲကမှ ၁၀၀ ကိုရွေးတယ်၊ အဲဒီနောက် လက်ရွေးစင် ၁၀ ကားကို နောက်ဆုံး ရွေးတာပါ။”

Burma VJ ကား ရရှိခဲ့တဲ့ ဆု ၃ ခုကတော့ Anne Dellinger Grand Jury Award လို့ ခေါ်တဲ့ အနုပညာ လက်ရာမြောက်မှု အတွက် ပေးတဲ့ဆု၊ နောက်တခါ မြောက်ကာရိုလိုင်းနားပြည်နယ် ဒုခ် (Duke) တက္ကသိုလ် မှတ်တမ်းတင်ရုပ်ရှင်လေ့လာရေး ဌာနကနေပြီး ပညာရေးနဲ့ အပြောင်းအလဲ ဖော်ဆောင်ရေးအတွက် တွန်းအားဖြစ်စေတဲ့အတွက်ကြောင့် ပေးတဲ့ဆု၊ နောက် Full Frame / Working Films Award လို့ခေါ်တဲ့ ပြည်သူလူထုကို လူ့ဘောင်ပြောင်းလဲတိုးတက်ရေးအတွက် စုစည်း လုပ်ဆောင် ချင်စိတ်ဖြစ်အောင် လှုံ့ဆော်မှုတွေကြောင့် ပေးတဲ့ဆုတို့ပဲ ဖြစ်ပါတယ်။

အဲဒီကားကို ကိုယ်တိုင်ကြည့်ခဲ့တဲ့ မစ္စတေလာရီက သူ့ရဲ့ထင်မြင်ချက်ကို အခုလို ပြောပါတယ်။

“ဒီကားရဲ့ ရိုက်ကွင်းရိုက်ကွက်တွေဟာ တကယ်ပဲ ပြောင်မြောက်လှသလို ရိုက်ကူးသူတွေရဲ့ သတ္တိကလည်း အင်မတန် လေးစားဖို့ ကောင်းပါတယ်။ ဒီကားကိုကြည့်ပြီး ကျမတို့ ပိုပြီး အမြင်ကျယ် ဗဟုသုတ ရှိလာသလို မြန်မာနိုင်ငံအကြောင်း ပိုသိလာပြီး ဒီအကြောင်းအရာတွေကို အလေးပေး စာနာတတ်ဖို့ စိတ်ဝင်စားလာပါတယ်။”

တဆက်တည်းမှာပဲ မြန်မာသတင်းသမားများသမဂ္ဂရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်ကလည်း မြန်မာနိုင်ငံရဲ့ အခြေအနေမှာ ဗွီဒီယိုသတင်းသမားတွေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ အခုလို မှတ်ချက်ချပါတယ်။

“အများကြီး ထိရောက်မှု ရှိပါတယ်။ ဒီလိုသတင်းမျိုးတွေသာ ကမ္ဘာကို ထွက်မလာလို့ကတော့ ရွှေဝါရောင်တော်လှန်ရေး ပဲ ဖြစ်ဖြစ်၊ နာဂစ်မုန်တိုင်းတုန်းက လူတွေ ဒုက္ခရောက်ကြတာတွေ၊ ပြီးတော့ စစ်အစိုးရအနေနဲ့ ဒီလို ဒုက္ခရောက်တဲ့ ကြားထဲ ကနေ အမြတ်ထုတ်သွားတဲ့ ကိစ္စမျိုးတွေ၊ ဒါတွေကို ကမ္ဘာက သိခွင့်ရမှာ မဟုတ်ပါဘူး။

“ဥပမာတခုအနေနဲ့ ထပ်ပြောရရင် ဂျပန်နိုင်ငံက သတင်းထောက် ခန်းဂျိ နာဂါအိ (Kenji Nagai) စစ်အစိုးရရဲ့ စစ်သားတွေ က ရင်ဘတ်တည့်တည့်ကို ပစ်သတ်လို့ သေသွားတဲ့ကိစ္စတွေဟာလည်း ဗွီဒီယိုသတင်းသမားတွေက ဗွီဒီယိုသတင်း မှတ်တမ်း နဲ့သာ မှတ်တမ်းတင်မထားခဲ့ဘူးဆိုရင် စစ်အစိုးရက လိမ်ချင်သလို လိမ်လို့ရမယ့် အနေအထားမှာ ရှိပါတယ်။ အခုတော့ စစ်အစိုးရအနေနဲ့ ဘယ်လိုမှ ငြင်းလို့မရတဲ့ တရားခံဖြစ်သွားတဲ့အထိ ရောက်သွားစေပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဗွီဒီယိုသတင်းဟာ ဘယ်လောက်အရေးပါတယ်ဆိုတာကို သိနိုင်ပါတယ်။”

Burma VJ မှတ်တမ်းတင်ကားဟာ Full Frame ဆုအပြင် တခြားအဖွဲ့တွေက ပေးအပ်တဲ့ မှတ်တမ်းတင် ရုပ်ရှင်ဆုတွေကို လည်း ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီ Burma VJ မှတ်တမ်းတင်ကားကို လာမယ့် မေလ ၈ ရက် နယူးယောက်ခ်မြို့မှာ သတင်းစာ ရှင်းလင်းပွဲနဲ့အတူ စပြီး ရုံတင်ပြသမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG