သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ခရိုင်ငါးခု အရေးပေါ်အခြေအနေ ထုတ်ပြန်


ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင် အုံကြွမှုတွေ ကြီးထွားလာကြပြီးတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေအထိ ဖြစ်လာတဲ့အတွက် ဒီနေ့ဆိုရင် မြို့တော် ဘန်ကောက်နဲ့ အနီးတဝိုက်က ခရိုင် ၅ခုမှာ ထိုင်းအစိုးရ က အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ရပါတယ်။ ထိုင်းအစိုးရ ရုံးဝန်းထဲ အထိ ဆန္ဒပြသူ တွေက ဝင်ရောက်ပြီးတော့ တိုက်ခိုက်တာမျိုးတွေအထိ အခြေအနေတွေဟာ ဆိုးရွား လာတာမို့ ဒါကို ထိန်းသိမ်းဖို့ ဆိုပြီး ထိုင်းဝန်ကြီးချုပ်က အခုလို ကြေညာ လိုက်ရတာပါ။ ကိုအောင်လွင်ဦး က ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက အကြမ်းဖက် တိုက်ခိုက်မှုတွေလုပ်တဲ့အထိ ဖြစ်လာလို့ ထိုင်း အစိုးရက ဘန်ကောက်နဲ့ အနား ခရိုင် ၅ခုကို အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ရတာပါ။ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွေကို ရွှေ့ဆိုင်းလိုက်ရတဲ့အထိ ဖြစ်အောင် ဆန္ဒပြပွဲတွေဖြစ်ပြီးတဲ့ နောက်ပိုင်း ဘန်ကောက်မြို့မှာ အစိုးရရုံးတွေကို ဆန္ဒပြတဲ့ သူ တွေက ပစ်မှတ်ထားလာပြီး၊ ဒီနေ့မှာတော့ အကြမ်းဖက် တိုက်ခိုက်တဲ့အထိ ဖြစ်လာတာပါ။ အထူးသဖြင့် ပြည်ထဲရေး ဝန်ကြီးရုံးထဲကို အတင်းဝင်လာပြီးတော့ ဝန်ကြီးချုပ် အဘီဆစ် ဝိက်ချာချီ၀ စီးနင်းလာတဲ့ ကားကို ကုလားထိုင်တွေ၊ ရေဗူးတွေ စတဲ့ နီးရာက ပစ္စည်းတွေနဲ့ ပစ်ပေါက် တိုက်ခိုက်လိုက်လို့ ဝန်ကြီးချုုပ် လက်မောင်းမှာအနည်းငယ် ထိခိုက်သွားပြီး နောက်ဆုံးမှာတော့ လွတ်မြောက်သွားခဲ့ပါတယ်။ သူ့ကားကတော့ အတော်လေးကို ပျက်စီးသွားပါတယ်။ ဝန်ကြီးချုပ်ရဲ့ လုံခြုံရေး တာဝန်ယူထားတဲ့ ဗိုလ်မှူးအဆင့် အရာရှိတယောက်ကိုလည်း ဝိုင်ပြီး ထိုးကြိတ်ပြီး ဆန္ဒပြသူတွေက ဖမ်းသွားတယ် လို့ သိရပါတယ်။

“အစိုးရအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဖြေရှင်းခဲ့ပေမဲ့ အခြေအနေတွေက ဒီနေ့မှာ ပိုဆိုးလာလို့ လက်ရှိ အခြေအနေအရ အစိုးရက တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ လိုအပ်လာလို့ အခုလို အစိုးရ လုပ်ရတာပါ” ဝန်ကြီးချုပ် အဘီဆစ်က ပြောပါတယ်။

အရေးပေါ် ကြေညာချက်ထုတ်ပြန် ပြီးတဲ့အခါမှာတော့ ဘန်ကောက်မြို့ထဲကို စစ်တပ်က တင့်ကားတွေ၊ သံချပ်ကာ ကား တွေ ဝင်လာပါတယ်။ အခုဆိုရင် အစိုးရ ရုံးရှိတဲ့ နေရာတဝိုက်မှာ နေရာယူထားတာ ရှိတယ်။ ဘန်ကောက်မြို့ရဲ့အဓိက လမ်းဆုံလမ်းခွ ၆ခုမှာ ထိန်းသိမ်းထားလိုက်ပြီ လို့လည်း ပြောပါတယ်။ အစိုးရကတော့ ဆူပူမှုတွေကို နှိမ်နင်းဖို့ စစ်တပ်က အသင့် ရှိနေတယ်။ ဆေးရုံတွေကိုလည်း အသင့်ပြင်ထားဖို့ ပြောထားပါတယ်။ ဒါပေမဲ့ ညနေပိုင်းတုန်းက ဝင်လာတဲ့ သံချပ်ကာ ကားကို ဆန္ဒပြ အင်္ကျ ီ အနီဝတ် ထားသူတွေ တက်စီးသွားတာကို တွေ့လိုက်ရပါတယ်။ မနေ့တုန်းက ပတ္တယားမှာ ဆန္ဒပြသူတွေကို တိတိကျကျ အရေးယူ ကိုင်တွယ်ဖို့ ကိစ္စမှာ လုံခြုံရေး တပ်ဖွဲ့တွေက မနာခံတာတွေ ရှိတယ်လို့ အတည် မပြု နိုင်တဲ့ သတင်းတွေလည်း ကြားရပါတယ်။

ဒုတိယ ဝန်ကြီးချုပ် ဆုထေး ကတော့ စစ်တပ်နဲ့ ရဲ လုံခြုံရေး အဖွဲ့တွေ တိတိကျကျ အမိန့်ကို လိုက်နာသွားဖို့ လိုတယ်လို့ ဒီနေ့ ထပ်ပြောပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေက အမိန့်ကို ပူးပေါင်းဆောင်ရွက်ဖို့ လိုလိုလားလားမရှိဘူး ဆိုတာမျိုက တကယ် ဖြစ်နေတယ်ဆိုရင် အရေးပေါ် ကြေညာချက်ကို ထုတ်ပြန်ပေမဲ့လည်း လုံခြုံရေး အာဏာပိုင်တွေက ထိန်းသိမ်းနိုင် ပါ့မလားဆိုတာ မသေချာ တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံရေး အရ ကွဲလွဲမှုတွေက အတော်ကို ကြီးကြီးမားမား ရှိနေတာပါ။ ဆန္ဒပြသူတွေ လိုလားတဲ့ ရာထူး ဖယ်ရှားခံ ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှာနာဝက် ကို ဆန့်ကျင် အုံကြွမှုတွေ အရင်တုန်းကလည်း ရှိခဲ့ဖူးပါတယ်။ အခုချိန်မှာ ထိုင်းနိုင်ငံမှာ သင်္ကြန်ကာလလည်း ရောက်နေပြီ၊ မတည်မငြိမ်ဖြစ်နေတာတွေက ခရီးသွားလာတဲ့ သူတွေကို အနှောက်အယှက် ဖြစ်နေတာကို ထိုင်းပြည်သူတွေက မကြိုက်ပါဘူး။ အထူးသဖြင့် စီးပွားရေးအရ ရုန်းကန်နေရတဲ့အချိန်၊ လုပ်ငန်းကိုင်ငန်းတွေလည်း မကောင်းတဲ့အခြေအနေတွေ ဖြစ်နေတော့ ခရီးသွား လုပ်ငန်းတွေကို ထိခိုက်မယ်လို့ စိုးရိမ် နေကြပါတယ်။ အရေးပေါ်အခြေအနေ ကြေညာပြီး မရှေးမနှောင်းမှာ စင်္ကာပူ နိုင်ငံခြားရေးဌာနက သူ့နိုင်ငံသားတွေကို မလိုအပ်ဘဲနဲ့ ထိုင်းနိုင်ငံကို ခရီးမထွက်ဖို့၊ တကယ်လို့ မလွဲှသာ မရှောင်သာ သွားရမယ်ဆိုရင်လည်း ပဋိပက္ခတွေဖြစ်နေတဲ့ နေရာကို မသွားဖို့ ၊ ခရီးသွား အာမခံတွေကို ဝယ်ပြီး သွားဖို့လည်း တိုက်တွန်းထားပါတယ်။ အခု ဆန္ဒပြပွဲတွေကြောင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေ ထိခိုက်တယ်။ ထိုင်း ဘတ်ငွေ သန်းပေါင်းများစွာ ချီပြီး ထိခိုက်တာတွေ ရှိနေပါတယ် ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG