သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် မန္တလေး သင်္ကြန်အကြို


နှစ်ဟောင်းကနေ နှစ်သစ်ကိုကြိုဆိုတဲ့ မြန်မာတို့ရဲ့ သင်္ကြန်ပွဲ အကြိုနေ့မှာ နေရာတော်တော်များများမှာ ရေ စပြီး ပက်နေ ကြပြီဖြစ်သလို စင်တင်ဖျော်ဖြေပွဲတွေနဲ့ ရေကစားမဏ္ဍပ်တွေလည်း သက်ဝင်စည်ကားနေပါတယ်။ ရန်ကုန်မြို့ထဲပိုင်းမှာ မဏ္ဍပ်ငယ်လေးတွေနဲ့ ရေပက်နေကြသလို မဏ္ဍပ်ကြီးတွေနဲ့ စည်ကားတဲ့ အင်းလျားလမ်း၊ ဆရာစံလမ်းတွေဘက်မှာလည်း ဒီနေ့ကစပြီး ရေတွေပက်နေကြပါပြီ။ ဒီနှစ်က အရင်နှစ်တွေထက် ဘာများ ပိုပြီးထူးခြားပါသလဲ၊ အင်းလျားလမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းဘက်ကို ကားနဲ့ပတ်ကြည့်ထားတဲ့ ရန်ကုန်သူတယောက်ကို မစုမြတ်မွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီနှစ်တော့ ဘယ်နားမှာ ပိုပြီး စည်ကားပါသလဲ၊ တွေ့ခဲ့မြင်ခဲ့တာလေးတွေ ပြောပြပေးပါဦး။

“ထွက်တဲ့လူလည်း ထွက်နေတာ၊ ပျော်တဲ့လူလည်း ပျော်နေကြပြီပေါ့။ အင်းလျားလမ်းတောက်လျှောက်ပဲ စည်တာ။ တက္ကသိုလ်ရိပ်သာလမ်းက အရင်တုန်းကဆိုရင် ကျိတ်ကျိတ်တိုး၊ မင်းသား မင်းသမီးတွေဆိုလည်း မဏ္ဍပ်ထိုင်တာနဲ့တင် ပိုက်ဆံရကြတာလေ။ အဲလိုမျိုး မဏ္ဍပ်တွေထောင်ပြီး လုပ်မယ့်လူလည်း မရှိဘူး။ စပွန်ဆာလည်း မရကြတာလား မသိဘူး။ တက္ကသိုလ်ရိပ်သာလမ်းကတော့ လုံး၀ ဘာမဏ္ဍပ်မှကို မရှိတာ။ အရင်နှစ်တွေတုန်းကဆို တက္ကသိုလ်ရိပ်သာလမ်းကလည်း ပြည့်ကျပ်ပြီးတော့မှ အင်းလျားလမ်းဘက်ကို တောက်လျှောက်သွားကြတာ။ အဲဒီတက္ကသိုလ်ရိပ်သာလမ်း အခုတော့ ဘာမှ မရှိဘူး။ အင်းလျားလမ်းမှာပဲ အပြည့်ပေါ့၊ မဏ္ဍပ်တွေက ဆက်တိုက် ဆက်တိုက်။”

တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ ဘာမဏ္ဍပ်မှမရှိဘူးဆိုတော့ မဏ္ဍပ်က လုပ်ခွင့်မရတာလား၊ ဘာကြောင့် မရှိတာပါလဲ။

“မဏ္ဍပ်က လုပ်ခွင့်ပါမစ် ရတယ်။ ဒါပေမဲ့လည်း မလုပ်နိုင်ကြဘူးလို့ ပြောတာပဲ၊ ဘယ်သူမှမရှိဘူး။ သူငယ်ချင်းတောင် လုပ်မယ်ဆိုပြီးတော့မှ ပြန်ပြီး မလုပ်တော့တာပေါ့။ ပါမစ်ကတော့ ကျပြီးသားတဲ့။”

လုပ်ဖို့အခက်အခဲက ငွေရေးကြေးရေး အခက်အခဲ ရှိလို့လား၊ ဘယ်လိုအခက်အခဲ ရှိကြလို့လဲ။

“မဏ္ဍပ် တခု တခုဆောက်ဖို့ သိန်း ၇၀ ကနေ သိန်း ၁၅၀ ဆိုတော့လည်း လူတွေက မရင်းချင်ကြတာလည်း ပါမှာပေါ့နော်။”

အစိုးရမဏ္ဍပ်တွေရော တွေ့ရပါသလား။ ဘယ်မဏ္ဍပ်တွေ လုပ်တာ တွေ့ရပါလဲ။

“အစိုးရမဏ္ဍပ်တွေက ကမ္ဘာအေး၊ အင်းလျားလမ်း၊ ဒီဘက်တဝိုက်မှာတော့ မတွေ့ရဘူး။ မြို့တော်ဝန်မဏ္ဍပ်မှာတော့ ရှိကောင်း ရှိမှာပေါ့။ မြို့တော်ဝန်မဏ္ဍပ်ကတော့ ဒီလို အကြိုညနေဆိုရင်တော့ ဖွင့်ပွဲတွေဘာတွေနဲ့ လုပ်နေကြပဲ။ မဏ္ဍပ် တွေက နည်းတော့ ဟိုတကွက် ဒီတကွက်ပဲ လူတွေက လိုက်ကြည့်ကြမှာပဲလေ။ သွားစရာက သုံးနေရာလောက်ပဲ ရှိမယ် ထင်တယ်။ ကမ္ဘာအေးဘုရားလမ်း ရှိမယ်၊ အင်းလျားလမ်း ရှိမယ်၊ ကန်တော်ကြီးမှာ ဇော်ဝင်းထွဋ်မဏ္ဍပ် ရှိမယ်၊ ဒါပဲ ရှိမယ်။ နောက် ဆန်းမစ်ပါ့ခ်ဗျူးမဏ္ဍပ်၊ အဲဒီနားကတော့ ကြီးကြီးကျယ်ကျယ်လို့တော့ ခေါ်လို့မရပါဘူး။ ရေနံကုမ္ပဏီတွေက ထောင်တာ နှစ်ခုသုံးခုရှိတယ်၊ အဲဒီလောက်ပဲ။”

ရန်ကုန်ရေကစားမဏ္ဍပ်တွေရဲ့ အခြေအနေကို ရန်ကုန်သူတယောက် ပြောပြခဲ့တာ ဖြစ်ပါတယ်။

သင်္ကြန်ဆိုရင် မဖြစ်မနေပြောရမယ့် မန္တလေးမြို့မှာရော ဒီနှစ်သင်္ကြန် ဘယ်လောက် စည်ကားပါသလဲ။ မန္တလေးမြို့ထဲက သင်္ကြန်မဏ္ဍပ်တခုမှာ တီးခတ်ဖျော်ဖြေဖို့ ရောက်နေတဲ့ Lazy Club တီးဝိုင်းက ဂစ်တာသမား ကိုနိုင်ဇော်ကို ဒီနှစ် မန္တလေး သင်္ကြန်ရဲ့ ထူးခြားမှု ဘာတွေ့ရလဲလို့ မေးကြည့်တော့ သူက အခုလို စဖြေပါတယ်။

“မန္တလေးမှာတော့ စည်ပါတယ်။ ကျုံးဘေးမှာလည်း မဏ္ဍပ်တွေ အများကြီးပဲ။ ဒါပေမဲ့ ကိုယ်တို့မဏ္ဍပ်ကတော့ မြို့ထဲမှာပေါ့၊ ရတနာပုံ ရှော့ပင်းမောလ်ရှေ့မှာ။ အရင်တုန်းက စကိုင်းဝေါ့ခ်ရှိတဲ့ရှေ့မှာဆိုတော့ ကျုံးဘေးမှာမဟုတ်တဲ့ မဏ္ဍပ်ပေါ့။ အဲဒီ တခုကတော့ ထူးခြားတယ်။ ကိုယ်လည်း မန္တလေးမှာ တီးဖူးသမျှ နှစ်တိုင်း ကျုံးဘေးမှာပဲ တီးဖူးတယ်လေ။ ဒီတခေါက်တော့ ကျုံးဘေးမှာမဟုတ်ဘဲ တီးရတယ်။

“ထူးခြားတာက အဆိုတော် တော်တော်များများကလည်း မဏ္ဍပ်တွေက တာဝန်ခံပြီး မငှားဖြစ်ဘဲ သူတို့ဘာသာ မန္တလေးကို တက်လာကြတယ်။ တက်လာပြီး တပွဲချင်း လိုက်ဆိုတာပေါ့။ ဒီနှစ်ရဲ့ ထူးခြားမှုက၊ အရင်တုန်းက မန္တလေးမှာ မဏ္ဍပ်ကြီး တွေက အဆိုတော်တွေကို စာချုပ် ချုပ်တာပေါ့၊ ဒီသင်္ကြန်လေးရက်အတွက် ဘယ်လောက် ဆိုပြီး။ အခုကျတော့ အဆိုတော် တွေက မဏ္ဍပ်အထိုင် မရတာ များတယ်။ အဲတော့ သူတို့က မန္တလေးကို တက်လာကြပြီး သူတို့ဘာသာ မဏ္ဍပ်တွေကို လိုက် ဆက်သွယ်တယ်၊ ပြီးတော့ သူတို့ တခါဆိုရင် ဘယ်လောက်ပေးရမယ်ဆိုပြီး၊ အဲဒီပုံစံကတော့ ဒီနှစ်မှာ ထူးခြားတာပေါ့။

“တီးဝိုင်းတွေကလည်း လည်နေကြတာပေါ့။ Metal Zone တီးဝိုင်းက မြို့တော်ခန်းမမှာ။ Lazy Club က ရတနာပုံဈေး ဟောင်း ရှေ့၊ Diamond Plaza ရှေ့မှာ ရှိတယ်။ မန္တလေးက တီးဝိုင်းတွေလည်း အများကြီးပဲ။ ရန်ကုန်မှာက T Home ရှိတယ်၊ Emperor မဏ္ဍပ် ရှိတယ်၊ အဲပုဂံပေါ့။ The Tree ရှိတယ်။ IC က တောင်ကြီးမှာဆိုတော့ သူနဲ့တွဲဆိုမယ့် အဆိုတော် တော်တော်များများကလည်း တောင်ကြီးမှာပေါ့။”

Lazy Club တီးဝိုင်းက ဂစ်တာသမား ကိုနိုင်ဇော်က မန္တလေးသင်္ကြန်အကြောင်းနဲ့ အနုပညာသမားတွေရဲ့ ဒီနှစ်သင်္ကြန် အစီအစဉ်တွေကို ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG