သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် မုန်တိုင်းဝင်နိုင်ကြောင်း သတိပေးချက် ထွက်


မြန်မာနိုင်ငံ အနောက်ပိုင်း ဘင်္ဂလားပင်လယ်အော်ဘက်ကနေ လေတိုက်နှုန်း တနာရီ မိုင် ၇၀ ကျော်နှုန်းလောက်နဲ့ တိုက်ခတ်မယ့် ဘီဂျလီလို့ နာမည်ရတဲ့ ဆိုင်ကလုန်း မုန်တိုင်းတခု ရခိုင်ပြည်နယ်ကနေ ကုန်းတွင်းပိုင်းကို ခု ရက်ပိုင်း အတွင်းမှာ ဝင်ရောက်တိုက်ခတ်နိုင်တယ်လို့ ဧပြီလ ၁၆ ရက်နေ့စွဲနဲ့ အမေရိကန်နဲ့ ဗြိတိန်တို့က နိုင်ငံတကာ မိုးလေဝသ သတိပေးချက်တွေမှာ ဖော်ပြနေပါတယ်။

ဒီမုန်တိုင်းဟာ မြန်မာစံတော်ချိန် စနေနေ့ညနေပိုင်း ဒါမှမဟုတ် ညပိုင်းလောက်မှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင် ပြည်နယ် အထက်ပိုင်းနဲ့ ချင်းပြည်နယ် အောက်ပိုင်းကို ဝင်ရောက်တဲ့အခါ လေတိုက်နှုန်း တနာရီ ၇၅ မိုင်နှုန်းအထိ ပို အားကောင်းနိုင်သလို မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးနိုင်တယ်လို့ မိုးလေဝသ ခန့်မှန်း သတိပေးချက်တွေမှာ ရေးထား ပါတယ်။ လူပေါင်းသိန်းနဲ့ချီ သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တာ တနှစ်ပြည့်ခါနီးမှာ မြန်မာနိုင်ငံ အနောက်ပိုင်း အတွက် ခုလို သတိပေးချက်တွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ဧပြီလ ၁၆ ရက်နေ့ နိုင်ငံတကာ မိုးလေဝသ ခန့်မှန်းချက်တွေအရ တနာရီ လေတိုက်နှုန်း မိုင် ၇၀ လောက် တိုက်ခတ်နိုင်တဲ့ မုန်တိုင်းတခု ဘင်္ဂလားပင်လယ်အော်ကနေ မြန်မာနိုင်ငံ အနောက်ပိုင်းကို ဧပြီလ ၁၈ ရက် စနေနေ့မှာ ဝင်ရောက် နိုင်ပါ တယ်။ ဧပြီလ ၁၆ ရက်နေ့ကတည်းက ဘင်္ဂလားပင်လယ်အော်ထဲမှာ ဗဟိုပြုတဲ့ မုန်တိုင်းဟာ မြန်မာနိုင်ငံဘက်ကို ဦးတည် တိုက်ခတ်နေပြီး စနေနေ့ ညနေပိုင်းလောက် ကုန်းတွင်းပိုင်းထဲ ဝင်ရောက်ရင် လေတိုက်နှုန်း ပိုအားကောင်း လာနိုင်တယ် လို့ အမေရိကန် ရေတပ်စခန်းတခုရဲ့ မိုးလေဝသ ခန့်မှန်းချက်မှာ တွေ့ရပါတယ်။ ဗြိတိန်က အပူပိုင်းမုန်တိုင်း လေ့လာရေး ဌာနတခုရဲ့ ခန့်မှန်းချက်မှာလည်း ဘီဂျလီမုန်တိုင်းဟာ တနာရီ မိုင် ၇၀ နှုန်းလောက်နဲ့ မြန်မာနိုင်ငံ အနောက်ဘက်ကို ဝင်လာနိုင်ဖွယ်ရှိတယ်လို့ သတိပေးထားပါတယ်။

ဧပြီလ ၁၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ မြန်မာအစိုးရ သတင်းစာထဲမှာတော့ ပုသိမ်မြို့ အနောက်တောင်ဘက် မိုင် ၆၀၀ အကွာ ပင်လယ်ကို ဗဟိုပြုနေတဲ့ မုန်တိုင်းဟာ သိသိသာသာ အားကောင်းလာခြင်းမရှိဘဲ အနောက်မြောက်ဘက်ကို ဆက်ပြီး ရွှေ့သွားမယ်လို့ ပြောပါတယ်။ အမေရိကန် အာကာသလေ့လာရေး (NASA) သုတေသနဌာနရဲ့ မိုးလေဝသ သတိပေးချက် အရဆိုရင် ဆိုင်ကလုန်းမုန်တိုင်း 1B ဟာ ဘင်္ဂလားပင်လယ်အော်မှာ အပူပိုင်းမုန်တိုင်းအဖြစ် အားကောင်းလာတဲ့အတွက် ဘီဂျလီလို့ နာမည်ပြောင်း သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုအချိန်ဟာ မုန်တိုင်းရာသီဖြစ်တဲ့အပြင် နာဂစ်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာ တနှစ်ပြည့်ခါနီး အချိန် လည်း ဖြစ်ပါတယ်။ ဒါကြောင့် ခုလို မိုးလေဝသ သတိပေးချက်တွေ ထွက်ပေါ်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ ဘယ်လို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်ဆိုတာကို ဧရာဝတီတိုင်းက နာဂစ်မုန်တိုင်း ဒုက္ခသည်တွေကို ကိုယ်တိုင် အကူအညီပေးခဲ့တဲ့ မသရဖီသန်းက သူ့ရဲ့အတွေ့အကြုံအရ ခုလိုပြောပါတယ်။

“မုန်တိုင်းလာတော့မယ်ဆိုရင် အရေးအကြီးဆုံးကတော့ ရေဒီယို၊ တီဗွီတွေမှာ မုန်တိုင်းအကြောင်း သတိပေးချက်တွေကို အချိန်တိုင်း နားထောင်နေဖို့က အရေးကြီးပါတယ်။ မုန်တိုင်းက ဘယ်အချိန်မှာ ဝင်တော့မယ်၊ တနာရီကို လေတိုက်နှုန်း ဘယ်လောက်ရှိမယ်၊ အဲဒီဟာတွေကို နားထောင်နေဖို့က အရေးကြီးပါတယ်။ နောက်တခုက အိမ်မှာရှိတဲ့ အရေးကြီးတဲ့ ပစ္စည်းတွေ၊ ဥပမာ ပိုက်ဆံတို့၊ သန်းခေါင်စာရင်းတို့၊ မှတ်ပုံတင်တို့ကို ရေလုံတဲ့ ပလတ်စတစ်အိတ်ထဲထည့်ပြီး ကိုယ်နဲ့ ဆောင်ထားဖို့ လိုပါတယ်။ ကိုယ်ကိုယ်တိုင်လည်း နွေးနွေးထွေးထွေးဝတ်ထားပြီး မိုးကာတို့ဘာတို့ ဆောင်ထားဖို့လိုတယ်။ ပြီးတော့ လက်နှိပ်ဓာတ်မီးတို့၊ ရေတို့၊ စားစရာတို့ကိုလည်း တနိုင်တပိုင် ရေလုံတဲ့ ပလတ်စတစ်အိတ်နဲ့ ထည့်ထားဖို့ လိုတယ် လို့ တခြားအဖွဲ့အစည်းတွေက ကျမတို့သွားခဲ့တဲ့ ရွာတွေမှာ လိုက်ပြီး သင်တန်းပေးတာကို တွေ့ခဲ့ပါတယ်။

“မုန်တိုင်းဝင်ပြီဆိုရင် ကိုယ့်အိမ်ရဲ့ အလုံဆုံး၊ အခိုင်ဆုံးအပိုင်းမှာ နေဖို့ကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့ ကိုယ့်အိမ်က မခိုင်ဘူးဆိုရင် ရွာထဲမှာရှိတဲ့၊ အခုဆိုရင် မြစ်ဝကျွန်းပေါ်ဒေသက ရွာတွေတော်တော်များများမှာရှိတဲ့ ဆိုင်ကလုန်း တောင်ကုန်းလို့ခေါ်တဲ့ နေရာလေးတွေကို အုန်းပင် ပင်စည်တွေကိုဖြတ်ပြီး ဆောက်ပေးထားတဲ့ ၆ ပေ၊ ၇ ပေလောက်မြင့်တဲ့ တောင်ကုန်းလေးတွေ ရှိပါတယ်။ အဲဒီတောင်ကုန်းလေးတွေမှာ သွားနေနိုင်ရင်လည်း ကောင်းပါတယ်၊ ရေတက်လာတဲ့ အခါကျရင်။

“နောက် ရွာထဲမှာရှိတဲ့ ကုန်းမြင့်ပိုင်း၊ မြင့်တဲ့နေရာတွေကိုသွားဖို့ အရေးကြီးပါတယ်။ အဲဒီသွားမယ့်နေရာတွေက ကိုယ်နဲ့ ဝေးမယ်ဆိုရင် ကိုယ့်မှာရှိတဲ့ လှေကို ဆီဖြည့်ထားဖို့တို့ ပြင်ဆင်ထားဖို့တို့က အရေးကြီးပါတယ်။ တချို့ဆိုရင် အိမ်မှာ ကားတာယာအဟောင်းတွေကို ဆောင်ထားကြပါတယ်။ ရေတွေအများကြီး ကြီးလာလို့ မြင့်တဲ့နေရာကို သွားတဲ့အခါ တခုခုဖြစ်ခဲ့ရင် အသက်ကယ်ဘောအဖြစ် သုံးလို့ရအောင်ဆိုပြီးတော့ အဲဒီလိုလုပ်ထားတာတွေလည်း တွေ့ရပါတယ်။”

မသရဖီသန်းလိုပဲ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေကို အကူအညီပေးခဲ့တဲ့ မခိုင်မွန်ဦးကလည်း မုန်တိုင်းဝင်ချိန် သတိထားစရာ တခုကို ခုလိုပြောပြပါတယ်။

“တကယ်လို့ မုန်တိုင်းကြားထဲမှာ ရောက်နေလို့ အပင်တွေမှာ တွယ်နေမယ်ဆိုရင်လည်း ကုက္ကိုပင်လို၊ ညောင်ပင်လို အပင်ကြီးတွေမှာ မတွယ်သင့်ဘူး။ အဲဒီလိုအပင်မျိုးတွေက လွယ်လွယ်ကူကူ လဲကျသွားနိုင်တယ်။ သူက အပင်ကြီးတယ် ဆိုပေမဲ့ မုန်တိုင်းဒဏ်ကို မခံနိုင်ဘူး။ အုန်းပင်တို့ ထန်းပင်တို့မှာ တွယ်နေမယ်ဆိုရင်တော့ အဲဒီအပင်တွေက တော်ရုံတန်ရုံ လဲကျမသွားနိုင်ဘူး။

“မုန်တိုင်းဝင်လာလို့ ကိုယ်ကသာ ပြင်ဆင်ထားလို့ ရမယ်ဆိုရင်တော့ အဆောက်အဦး အကာအကွယ် ခိုင်ခိုင်မာမာရှိမယ့် နေရာမျိုးကို သွားနိုင်မယ်ဆိုရင်တော့ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ ကိုယ့်အတွက် လုံခြုံပါလိမ့်မယ်။ တကယ်လို့ ရေတွေ ထဲ ရောက်သွားတာ ဖြစ်မယ်ဆိုရင်လည်း အသက်ကယ်နိုင်မယ့် ကျွတ်တို့ ဘာတို့ အဲဒါမျိုး၊ တကယ်လို့ အဲဒါမျိုး မရှိဘူး ဆိုရင်လည်း လွယ်လွယ်ကူကူရနိုင်မယ့် ရေသန့်ဘူး အလွတ်တွေကို အိတ်ထဲထည့်ပြီး ကိုယ်နဲ့ကပ်ထားမယ်၊ အိတ်ထဲမှာ ရေသန့်ဘူးအလွတ်တွေ ထည့်ထားပြီး လွယ်ထားမယ်ဆိုရင်တော့ ရေထဲရောက်နေရင်တောင် လွယ်လွယ်ကူကူ ပေါ်နိုင်တာပေါ့။”

နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးက အတွေ့အကြုံတွေနဲ့ ကြိုတင်ပြင်ဆင်နိုင်မှာတွေကို ပြောပြခဲ့ကြတာ ဖြစ်ပါတယ်။

စနေနေ့ညနေပိုင်း ဒါမှမဟုတ် ညပိုင်းမှာ လေတိုက်နှုန်း တနာရီ မိုင် ၇၀ လောက်နဲ့ မြန်မာနိုင်ငံ အနောက်ပိုင်းကို ဝင်နိုင် တယ်ဆိုတဲ့ ဘီဂျလီမုန်တိုင်းနဲ့အတူ မိုးသည်းထန်စွာရွာပြီး ရေကြီးနိုင်တယ်လို့လည်း နိုင်ငံတကာ မိုးလေဝသ ခန့်မှန်းချက် တွေက ခန့်မှန်းပါတယ်။

အခုနောက်ဆုံး ဆက်သွယ်မေးမြန်းချက်အရ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မိုးဖွဲဖွဲကျနေတာကလွဲလို့ ထူးခြားမှု မရှိသေးဘူး လို့ မြို့ခံတွေက ပြောကြပါတယ်။ မြန်မာ့ရုပ်မြင်သံကြားက အဝါရောင်အဆင့် မုန်တိုင်းဝင်မယ်လို့ ကြေညာတာကို ကြားလိုက်ရပေမဲ့ လူတော်တော်များများကတော့ မုန်တိုင်းဝင်မှာကို သတိထားမိကြပုံ မရသေးဘူးလို့ စစ်တွေမြို့ခံတဦးက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG