သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီဂျလီမုန်တိုင်း လမ်းကြောင်းပြောင်း၊ ဘင်္ဂလားဒေ့ရှ်ကို ဦးတည်


ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ ဘီ်ဂျလီ ခေါ် ဆိုင်ကလုန်း မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဦးတည်သွားနေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေကို အဖျားရိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင် က ခန့်မှန်းပါတယ်။ ဒီလို မုန်တိုင်းအဖျားခတ်တာကြောင့် အဲဒီဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

“ဘင်္ဂလားပင်လယ်မှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းနဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင် က အခုလိုပြောပါတယ်။ မုန်တိုင်းအခြေအနေကတော့ ကျနော်တို့အတွက်တော့ နည်းနည်းကောင်းသွားတယ်လို့ ပြောရမှာပေါ့။ အပေါ်နည်းနည်း တက်သွားတယ်။ တက်သွားပြီးတော့ ဘင်္ဂလားဒေ့ရှ်ကိုပဲ ဖြတ်တော့မယ့် အနေအထား ရှိတယ်။ ကျနော်တို့က နည်းနည်း မိုးလောက်ဘာလောက်ပဲ ရခိုင်မြောက်လောက်မှာ ရှိနိုင်တယ်လို့ မှန်းပါတယ်။ လေတိုက်နှုန်းကလည်း တော်တော်ကျသွားပြီ။ ကျနော်တို့ မှန်းတာတော့ မြန်မာနိုင်ငံအစွန်းဆုံး မောင်တောမှာ အလွန်ဆုံးရှိရင် ၄၅-၅၀ ပဲ၊ တခါတရံ ၆၀ လောက်တော့ ရှိနိုင်တာပေါ့။ ခန့်မှန်းကတော့ ၆၀ လောက်ပေါ့။ အဲလောက်ပါပဲ။ ရေကလည်း ၃ ပေမှ ၅ ပေပေါ့။ မုန်တိုင်းပင်လယ်ရေလှိုင်းက ၃ ပေမှ ၅ ပေပေါ့။ အဲဒီလောက် မှန်းတာပေါ့။”

ဘီ်ဂျလီ ခေါ် ဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားကို ဝင်ရောက်နိုင်တယ်၊ မြန်မာပြည်က တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးရွာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းပါတယ်။

“ဒီမုန်တိုင်းနဲ့ပတ်သက်လို့ ပြောရရင်တော့ ရခိုင်မြောက်ရယ်၊ ချင်းရယ်၊ ကချင်ရယ်၊ မကွေးရယ်၊ စစ်ကိုင်းရယ်၊ မန္တလေးရယ်ပေါ့နော်။ လောလောဆယ်တော့ ဒီဧရိယာ တဝိုက်ပဲ မုန်တိုင်းရဲ့ Affect (သက်ရောက်မှု) ရှိပါမယ်။ ဒါကလည်း မိုးပါပဲ။ ဒါအားလုံးမှာ ၃၆ နာရီအတွင်း မိုးရွာမယ်လို့ ခန့်မှန်းထားပါတယ်။”

ဒီကနေ့ နေ့ခင်းပိုင်းမှာ ချင်းပြည်နယ်ဟားခါးမြို့မှာ မနက်ဖြန်မနက် ၈ နာရီလောက်မှာ မုန်တိုင်းဝင်ရောက်နိုင်တာကြောင့် ဒေသခံပြည်သူတွေကို သတိထားဖို့ မော်တော်ကားနဲ့ မြို့တွင်းမှာ လှည့်လည်ကြေညာခဲ့တယ်လို့ ဟားခါး မြို့ခံတယောက်က ပြောပါတယ်။

ဒါပေမယ့် ဒေါက်တာထွန်းလွင် ကတော့ မုန်တိုင်းဟာ မနက်ဖြန်မနက် ၈ နာရီထက်စောပြီး ဝင်ရောက်နိုင်တယ်လို့ တွက်ဆထားပါတယ်။

“မူလက မှန်းတာကတော့ မနက်ဖြန်မနက်လောက်မှ ဝင်မယ်လို့ မှန်းပါတယ်။ ဒါပေမယ့် အခုဟာတော့ မုန်တိုင်းက ပိုမြန်သွားတယ်။ ဒီကနေ့ ညလောက်ကနေ ဖြတ်မယ်ဆိုရင်တော့ ကျနော်တို့ ချင်းပြည်နယ်ကတော့ မနက်စောစောပေါ့နော်။ ၈ နာရီအထိတော့ နေမယ်မထင်ဘူး။ ကျနော်ထင်တာတော့ မနက်ပိုင်း ၄ နာရီ ၅ နာရီ ပတ်ဝန်းကျင်လောက်တော့ ချင်းပြည်နယ်ကို ဖြတ်မယ်ထင်တယ်။”

မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာချိန်မှာ အားပျော့သွားနိုင်ပြီး စိုးရိပ်စရာ သိပ်မရှိတော့ဘူးလို့ ဒေါက်တာထွန်းလွင် က ဆက်ပြောပါတယ်။ ဒီမုန်တိုင်းဟာ ရခိုင်ပြည်မြောက်ပိုင်း၊ ချင်း၊ ကချင်၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေကလွဲရင် မြန်မာပြည်ရဲ့ ကျန်ဒေသတွေကိုတော့ ရိုက်ခတ်မှုမရှိနိုင်ဘူးလို့ ဒေါက်တာထွန်းလွင် က ခန့်မှန်းပါတယ်။

အခုတိုက်တဲ့မုန်တိုင်းဟာ ၂၀၀၉ ခုနှစ်အတွင်းမှာ ပထမဆုံး ဖြစ်ပေါ်တဲ့ မုန်တိုင်းဖြစ်ပြီး ဒီနှစ်အတွင်းမှာ အနည်းဆုံး မုန်တိုင်း ၆ လုံးကနေ ၇ လုံးအထိ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက သတင်းထုတ်ပြန်ထားပါတယ်။ လွန်ခဲ့တဲ့နှစ် မေလဆန်းမှာတိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းတုန်းကတော့ မုန်တိုင်းဦးတည်ရာလမ်းကြောင်းနဲ့ လေတိုက်နှုန်းပြင်းအား ခန့်မှန်းချက်တွေ လွဲချော်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ အဆုံးအရှုံး ကြီးမားခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG