သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဝကျွန်းပေါ် မိုးကြီးလို့ ဆားဈေးတက်နိုင်


မြန်မာနိုင်ငံမှာ ဆားအဓိကထုတ်လုပ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့ရပြီး ဆားထုတ်လုပ်မှု ကို အရင်အခြေအနေ ပြန်ဖြစ်အောင် မလုပ်နိုင်သေးချိန်မှာပဲ ဒီနှစ်လည်း အချိန်အခါမဟုတ် မိုးကြီးခဲ့တာကြောင့် ဆား ထုတ်လုပ်မှုတွေကို ပုံမှန်ထက်စောပြီး ရပ်နားခဲ့ရပါတယ်။ ဒီနှစ်ထုတ်လုပ်နိုင်တဲ့ဆားဟာ အရင်နှစ်တွေကထက်စာရင် လေးပုံတပုံလောက်ပဲ ရှိတဲ့အတွက် ဆားဈေးတွေ တက်နိုင်တယ်လို့ ဆားလုပ်ငန်းရှင်တွေက ခန့်မှန်းကြပါတယ်။ ဧရာဝတီ တိုင်းဘက်က ဆားတောင်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော် က တင်ပြပေးထားပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသက အဓိက ဆားထုတ်လုပ်တဲ့ လပွတ္တာနယ်ဘက်မှာ ဆားထုတ်လုပ်တဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ကြတဲ့ အခြေအနေကို ဒေသခံ ဆားလုပ်ငန်းရှင်တယောက်က အခုလို ပြောပါတယ်။

“အခု ကွင်းတွေအားလုံးရဲ့ ၈၀%၊ ၉၀% လောက်ကတော့ ရပ်စဲလိုက်ပြီလို့ပဲ ပြောရမှာပေါ့။ လုပ်ငန်း ဆက်လုပ်လို့မရတဲ့ အနေအထား ရှိသွားပြီ။ အခု ဒီနေ့ နေပူပြီ၊ နေပူပြီဆို စလှမ်းလိုက်ပြီ။ ကွင်းကို ပြန်ပြင်မယ်ဆိုရင် ရက်ပေါင်း ၂၀ကျော် လောက် ပြန်ပြင်ရမယ်။ ရက်ပေါင်း ၂၀ ကျော် ပြန်ပြင်လိုက်မယ်ဆိုရင်၊ ဒီကြားထဲ အရက် ၂၀ ကျော်အတွင်းမှာလည်း မိုးထပ်မရွာမှ၊ ဆားဖြစ်မယ်ဆိုရုံပဲ ရှိတယ်။ ဆားထုတ်မှုအတွက် အဆင်သင့်ဖြစ်ရုံပဲ ရှိတယ်။ အဲဒီလိုအနေအထားမျိုးဆိုတော့ နောက်ပိုင်းကို ဘယ်လိုမှ မျှော်မှန်းလို့မရဘူး။”

မြစ်ဝကျွန်းပေါ်ဒေသမှာ ဆားထုတ်လုပ်တဲ့ရာသီဟာ အောက်တိုဘာလ မိုးစဲချိန်က စပြီး မိုးမကျမီ မေလလယ်လောက်အထိ ဖြစ်ပါတယ်။ အခုလို ဆားထုတ်လုပ်တာကို ရပ်ဆိုင်းလိုက်ရတာကတော့ ပြီးခဲ့တဲ့ မတ်လလယ်လောက်က ကွက်ကျားမိုး ရွာသွန်းခဲ့တာနဲ့ သင်္ကြန်အတွင်း မိုးရက်ဆက် ရွာသွန်းခဲ့တာကြောင့် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်း ပြန်လည်ထူထောင်ရတာနဲ့ ဒီနှစ် မိုးဖျက်တာကြောင့် တမြို့နယ်လုံးရဲ့ ဒီနှစ် ဆားထုတ်လုပ်မှုဟာ အရင်နှစ်တွေထက် နှိုင်းစာရင် လေးပုံတပုံလောက်ပဲ ထွက်ရှိမယ်လို့ ခန့်မှန်းပါတယ်။

“ဒီနှစ်မှာလုပ်ရတဲ့ လုပ်ငန်းတွေက ကျွဲနွား အခက်အခဲ၊ ကျွမ်းကျင်တဲ့လုပ်သားတွေ သေဆုံးသွားတဲ့အတွက်ရော ကျန်ခဲ့တဲ့ လုပ်သားတွေက ကစဉ့်ကလျားနဲ့ ဟိုရောက် ဒီရောက် ရောက်ကုန်တယ်။ တချို့ကလည်း ကယ်ဆယ်ရေးစခန်း ရောက်ကုန် တယ်၊ တချို့ကလည်း တခြားဒေသကို ရောက်တဲ့လူက ရောက်သွားကြတော့ ကျနော်တို့မှာ စက်အင်အား အခက်အခဲ၊ ကျွဲ နွား အင်အား အခက်အခဲ၊ ကျွမ်းကျင်လုပ်သား အခက်အခဲ၊ ပြီးတော့ ကျွဲနွားတွေ မရှိတဲ့အခါကျတော့ ကွင်းမှာ မြက်တွေက တအား ထ သွားပြီ။

“ဒီလုပ်ငန်းရာသီလည်း ရောက်ရော မြက်တွေကို ပြန်သတ်၊ ပြန်ခုတ် လုပ်ရတာ၊ အဲဒီ ဒုက္ခတွေက လူနဲ့လုပ်လို့ မနိုင်ဘူး။ စက်နဲ့ထိုးရတာနဲ့ လုပ်ရတဲ့အခါကျတော့ ကွင်းဖော်ရတာကို နောက်ကျသွားတယ်။ ကျုံးမယ်လို့ လုပ်လည်းလုပ်ရော ရာသီက ပထမတခါ ဖောက်တယ်။ သုံးလပိုင်းထဲမှာ။ အခု လေးလပိုင်း ရွာတာနဲ့ဆိုရင် တလစွန်းစွန်းလောက်ပဲ ကွာတယ်။ ပထမ တခါလည်း ဆယ်ရက်ကျော်ကျော်လောက် လုပ်ငန်းရာသီ ပြတ်တောက်သွားတယ်။ ပြီးတော့မှ ပြန်ကျုံးတာဆိုရင် လက်ထဲ မှာ ရာသီလုပ်ချိန်က ဘာမှမရှိဘူး။ ရရှိမှုက တမြို့နယ်လုံးရဲ့ နှစ်တိုင်း ထွက်တဲ့နှုန်းနဲ့ ယှဉ်လိုက်ရင် ၂၅%ထက် မပိုနိုင်ဘူး၊ အဲဒီလောက်ပဲ ရမယ်။”

အခြား ဆားကုန်သည်တယောက်ကတော့ သူ့ဆားကွင်းက ခါတိုင်း တနှစ်ကို ပိဿာချိန် ၂၅၀,၀၀၀၊ ၃၀၀,၀၀၀ ထွက်ပေမဲ့ ဒီနှစ်မှာတော့ ၃၀,၀၀၀ လောက်ပဲ ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ဆားဂိုဒေါင်တွေ ကို ပြန်ပြီး မတည်ဆောက်နိုင်သေးတာကြောင့် ရရှိထားတဲ့ ဆားတွေကို သိုလှောင်ဖို့လည်း အခက်အခဲ ရှိနေတယ်လို့ ဆက် ပြောပါတယ်။

ဒီလို ဆားထုတ်လုပ်မှု ကျဆင်းတာကြောင့် သင်္ကြန်မတိုင်ခင်ကာလက လပွတ္တာမြို့နယ်မှာ ဆားတပိဿာ ၁၃၀ လောက် ပေါက်နေရာကနေ အခုအခါ ကျပ် ၂၀၀ ကျော်အထိ ဈေးတက်သွားခဲ့ပါတယ်။ ဒီ့ထက်လည်း ထပ်တက်နိုင်တဲ့ အခြေအနေ ရှိတယ်လို့ ဆားလုပ်ငန်းရှင်တွေဘက်က ခန့်မှန်းကြပါတယ်။

ဒီလို ဆားထုတ်လုပ်မှု နည်းနေချိန်မှာ နာဂစ်ပြန်လည်ထူထောင်ရေးကာလက အစိုးရက ချေးထားတဲ့ငွေတွေကို မေလနဲ့ စက်တင်ဘာလအတွင်းမှာ ချေးငွေတဝက် ပြန်ဆပ်ရမယ်ဆိုတာကြောင့် ဆားလုပ်ငန်းရှင်တွေ အခက်အခဲ တွေ့နေရတယ် လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG