သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့မူဝါဒ အမေရိကန် ပြန်သုံးသပ်မှု နိုဘယ်ဆုရှင် စိုးရိမ်


မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒကို အမေရိကန်အစိုးရက ပြန်လည်သုံးသပ်နေတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတဲ့ အကြောင်း ၁၉၉၇ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီ ၀ီလျမ်စ် က ပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်အစိုးရအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဆက်လက်ပြဌာန်းဘို့လိုပြီး ကုလသမဂ္ဂအနေနဲ့လည်း အပြောထက် အလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ဆိုပါတယ်။ ဂျိုဒီဝိလျမ်စ်ကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါ လိမ့်မယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးလက်မှတ်တွေ သိန်းချီ စုဆောင်းနေတဲ့ လှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်နေတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီ ၀ီလျမ်စ်က အမေရိကန်ပြည်ထောင်စု ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးမှုနဲ့ ပတ်သက်လို့ စဉ်းစားတဲ့အခါ မြန်မာစစ်အစိုးရနဲ့ အမျှော်အမြင်ရှိရှိ ထိတွေ့ ဆက်ဆံရေး၊ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံရေးဆိုတာတွေကို စဉ်းစားလာနေပါတယ်လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ သမိုင်းမှာ သူ့ရဲ့ အကျိုးစီးပွားအတွက် အရင်တုန်းကလည်း ဖိနှိပ်သတ်ဖြတ်တဲ့ အစိုးရတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ဘူးပြီး ဒါဟာ မှားယွင်းတဲ့ မူဝါဒတခုသာ ဖြစ်တယ်လို့ ဗွီအိုအေက ဆက်သွယ် မေးမြန်းတဲ့အချိန် ဝေဖန် ပြောဆိုခဲ့တာပါ။

"မြန်မာစစ်အစိုးရနဲ့ အမြော်အမြင်ရှိရှိ ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးမယ်ဆိုရင် ကျမ တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်လို့ပဲ ပွင့်ပွင့်လင်းလင်း ပြောရမှာပါ။ ဒီ စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုဟာ အမြော်အမြင် ရှိမယ်လို့ ကျမ မယုံကြည်ပါဘူး။ အရေးယူပိတ်ဆို့မှုတွေကို မရုပ်သိမ်းသင့်ဘူးလို့ ကျမမြင်ပါတယ်။ စစ်အစိုးရကို ဆက်ပြီး ဖိအားပေးရပါ လိမ့်မယ်။"

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီဝီလျံကတော့ မြန်မာနိုင်ငံအရေး ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဟာ အပြောသက်သက် ကြေညာချက် ထုတ်တဲ့ အဆင့်ပဲ ရှိနေတယ်လို့ ဝေဖန်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးမှာ အဖွဲ့ဝင်နိုင်ငံတွေအကြား အဆက်အစပ်ရှိရှိ ဆောင်ရွက်သွားနိုင်ဘို့ လိုတယ်လို့လည်း ပြောဆိုပါတယ်။ မြန်မာ့အရေးမှာ ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှုတွေ မအောင်မြင်သေးတာနဲ့ ပတ်သက်လို့ သူ့ရဲ့သဘောထားကို ဗွီအိုအေက မေးခဲ့တာပါ။

"တိဘက်နဲ့ ဒါဖိုးအရေး ကိစ္စတွေကို ဥပမာပေးရမှာပါပဲ၊ ကုလသမဂ္ဂက ကြေညာချက်တွေတွေ ပြင်းပြင်းထန်ထန် ထုတ်ပြန် တာတော့ ရှိပါတယ်။ ဒါပေမယ့် ကြေညာချက်တွေအတိုင်း ထိထိရောက်ရောက် လုပ်တာ မရှိပါဘူး။ ကြေညာချက်မှာ ပါတဲ့ စကားလုံးတွေက သိပ်လှတယ်။ ကဗျာဆရာတွေ အကြိုက်ပေါ့။ အပြောသက်သက်နဲ့ တော့ စစ်အစိုးရဘက်က ဂရုစိုက်မှာ မဟုတ်ပါဘူး။"

မကြာသေးခင်ကပဲ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကလည်း မြန်မာစစ်အစိုးရ နဲ့ ထိတွေ့ဆက်ဆံပြီး အကူအညီတွေ ပေးတာဟာ အခြား အာဏာရှင်အုပ်ချုပ်ရေးစနစ်တွေကို ပြောင်းလဲအောင် လုပ်သလို မြန်မာစစ်အစိုးရကို မလုပ်နိုင်ဘူးဆိုတာ အတွေ့အကြုံတွေက ပြသနေတယ်ဆိုပြီး ၀ါရှင်တန်ပို့စ်သတင်းစာမှာ ရေးသားခဲ့ပါ တယ်။ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းလိုက်တာဟာ စစ်အစိုးရကို တရားဝင်အုပ်ချုပ်ခွင့်နဲ့ လူထုကို ဖိနှိပ်ခွင့်ပေးလိုက် သလို ဖြစ်လိမ့်မယ်လို့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကလည်း ပြောပါတယ်။

လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်မှတ်ရေးထိုးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အကျပ်အတည်းကို မီးမောင်းထိုးပြနိုင်မယ့် ဘယ်လို လှုပ်ရှားမှုမျိုးမဆို ထိရောက်မှု ရှိတယ်လို့ ဂျိုဒီဝီလျမ်စ်က ပြောပါတယ်။

သူနဲ့ အတူ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့တဲ့ သက်ရှိထင်ရှားကျန်နေတဲ့ အမျိုးသမီး နိုဘယ်ဆုရှင် ခြောက်ယောက်အနေနဲ့ မြန်မာစစ်အစိုးရအပေါ် ဖိအားပေးနိုင်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်နေသလို ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ်တွေလည်း ချမှတ်ထားတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်လာနိုင်မယ်လို့ ယုံကြည်တဲ့အတွက်လည်း ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေသူ တယောက်အဖြစ် ဆက်ပြီး ရပ်တည်နေတဲ့အကြောင်း ဒါပေမဲ့လည်း အချိန်ကာလဟာ မျှော်လင့်ထားတာထက် ပိုပြီး ကြာတဲ့အတွက်တော့ တခါတလေမှာ စိတ်ပျက်မိတယ်လို့ သူက ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG