သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အခြေအနေ တင်းမာ


မြန်မာနိုင်ငံဘက်က အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မှာ ခြံစည်းရိုးကာရံနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအာဏာပိုင်တွေက ကန့်ကွက်မှုတွေရှိလာလို့ နှစ်ဖက်အကြား တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ သတင်းတွေ ပြန်ပြီး ထွက်ပေါ်လာနေပါတယ်။ အခုလည်းပဲ နိုင်ငံတကာ နယ်နိမိတ်ထဲအထိ ကျော်လွန်ပြီး ခြံစည်းရိုးကာရံနေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်နေတာလို့ ဆိုပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ လုံခြုံရေးနဲ့ ဒုစရိုက်မှုတွေကို ကာကွယ်ဖို့ဆိုပြီး မြန်မာနိုင်ငံဘက်က ခြံစည်းရိုးကာရံတဲ့ အစီအစဉ်တွေကို မကြာသေးခင်လတွေကစပြီး လုပ်ဆောင်နေတဲ့နေရာမှာ အခုအခါ နိုင်ငံတကာ နယ်စပ်မျဉ်းနားအထိ ရောက်လာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကန့်ကွက်နေတာလို့ ဆိုပါတယ်။ ဒီအတွက်ကြောင့်မို့လို့လည်း မြန်မာ နိုင်ငံက နစက လို့ ခေါ်ကြတဲ့ နယ်စပ်ဒေသ စိစစ်ကြီးကြပ်ရေးလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဘင်္ဂလားဒေ့ရှ် ကော့က်စ်ဘဇားမြို့ အခြေစိုက် လုံခြုံရေးတပ်ဖွဲ့တွေအကြား မကျေမလည်ဖြစ်တာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံသတင်းတွေက ဖော်ပြကြ ပါတယ်။

အခုနောက်ဆုံးဆိုရင်လည်း ဒီကိစ္စနဲ့ပတ်သက်လို့ အပြီးသတ် သဘောတူညီချက် မရနိုင်ဘဲ ဖြစ်နေရတယ်လို့ အခြေအနေ တွေ ကို စောင့်ကြည့်နေတဲ့ ကော့က်စ်ဘဇားမြို့က အကဲခတ်တဦးဖြစ်တဲ့ ကိုသန်းထွန်းက ပြောပါတယ်။

“ကိုက် ၅၀ အတွင်း ခြံစည်းရိုးခတ်ဖို့ ပြင်ဆင်တော့ မီဒီယာတွေကတွေ့ပြီး ကန့်ကွက်တယ်။ ဧပြီလ ၂၀ ရက်နေ့ကပေါ့။ စာနဲ့လှမ်းကန့်ကွက်တော့ ဧပြီ ၂၁ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ဟိုက လူဝင်မှု နယ်မြေတာဝန်ခံ ဗိုလ်ကြီးမျိုးဦးရယ် ဒီကတာဝန်ခံအရာရှိတယောက်နဲ့ ဆွေးနွေးပွဲလုပ်တဲ့အခါ နစကတွေ ပြောတာတော့ သူတို့နဲ့မဆိုင်ဘူး၊ ဒါ အင်ဂျင်နီယာ တပ်ဖွဲ့က လုပ်တာ၊ အဲလို ငြင်းတယ်။ သူတို့က အထက်ကို တင်ပြပေးပါမယ်ဆိုပြီး ပြောတယ်။ ဒီကမြင်တာကတော့ အင်တာနေရှင်နယ်ဥပဒေမှာ ကိုက် ၅၀ ထက်ပိုပြီး ကိုက် ၁၀၀ အတွင်းမှာ ခြံစည်းရိုးခတ်မယ်ဆိုရင် အင်တာနေရှင်နယ် ဥပဒေနဲ့ ငြိနိုင်တယ်ဆိုပြီး ကန့်ကွက်တယ်။”

မြန်မာနိုင်ငံဘက်က အခုလို ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ၂၅ မိုင်လောက်ရှည်တဲ့ သံဆူးကြိုးခတ် ခြံစည်းရိုးကာတာတွေကို လုပ်မယ်ဆိုပြီး ပြီးခဲ့တဲ့လက ပြောတုန်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်ကွက်ခဲ့တာပါ။ မြန်မာနိုင်ငံဘက်ကတော့ ဒါဟာ လုံခြုံရေးနဲ့ ရာဇဝတ်မှုနဲ့ ဆက်နွယ်တဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်ဖို့ဆိုပြီး ပြောဆိုခဲ့တဲ့အတွက် နောက်ပိုင်းပြဿနာတွေ ပြေလည်သွားသလိုရှိပေမယ့် အခုအခါ တကျော့ပြန်တင်းမာမှုတွေ ပေါ်ပေါက်လာတာပါ။ အခုဆိုရင်လည်း နှစ်ဖက်နိုင်ငံ နယ်စပ်က လက်နက်ကိုင်တပ်ဖွဲ့တွေအကြား လှုပ်ရှားမှုတွေတောင် ရှိနေတယ်လို့ နယ်စပ်အကဲခတ် ကိုသန်းထွန်းက ပြောပါတယ်။

“ဒီနေ့သတင်းက ဟိုဘက်က နစကနဲ့ အရပ်ဝတ်နဲ့ စစ်သားတွေက သေနတ်တွေနဲ့ နေရာယူထားတယ်။ ဒီဘက်ကလည်း နေရာယူထားတယ်။ ဒီဘက်နယ်စပ်မှာလည်း စခန်းသုံးခုရှိတယ်။ အဲဒီစခန်းသုံးခုက ဒီနေ့မနက် စောစောကတည်းက ချောင်းပစ်နေတယ်လို့ သတင်းရတယ်။ နစကကလည်း အဲဒီလိုပဲ နေရာယူထားတယ်။ ဒီနေ့မနက် သတင်းရတာတော့ တင်းမာနေတဲ့သဘော ရှိတယ်။ ဟိုကလည်း ဆက်ပြီးလုပ်မယ့်သဘောရှိတယ်၊ ဒီဘက်ကလည်း ဆက်ပြီး ကန့်ကွက်တုန်းပဲ။”

အခုလို တင်းမာမှုတွေ၊ ကန့်ကွက်မှုတွေ ရှိနေတဲ့အထိ ဖြစ်နေတယ်ဆိုတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒက္ကားမှာရှိတဲ့ မြန်မာသံရုံးကို မေးမြန်းတဲ့အခါမှာတော့ သံအမတ်ကြီး မရှိဘူးလို့သာ ပြောပါတယ်။ မိုင်ပေါင်း ၂၀၀ လောက် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဒီလို နယ်စပ်ဒေသက ခြံစည်းရိုးပြဿနာ မပေါ်ပေါက်ခင် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာတုန်းကလည်းပဲ ဘင်္ဂလားပင်လယ်အော်ထဲမှာ ကမ်းလွန်ရေနံ ရှာဖွေမှုတွေ လုပ်ကိုင်ရင်း တင်းမာမှု တွေ ဖြစ်ခဲ့လို့ ၂ နိုင်ငံ ရေတပ်သင်္ဘောတွေ အချေအတင်ဖြစ်နေတဲ့ ဒေသထဲ စေလွှတ်တာမျိုးအထိလည်း ဖြစ်ခဲ့ကြတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG