သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် မန္တလေး နေရာတချို့မှာ ဝမ်းရောဂါဖြစ်ပွား


မန္တလေးတိုင်းအတွင်းက ချမ်းမြသာစည်မြို့နယ်နဲ့ အခြားမြို့နယ် ၂ ခုအပြင် ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်တချို့မှာပါ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေသလို အဲဒီကတဆင့် ကာလဝမ်းရောဂါ အဆင့်ထိ ဖြစ်ပွားနေပါတယ်။ သက်ဆိုင်ရာ မြို့နယ် ကျန်းမာရေးဌာနက ဝမ်းရောဂါကာကွယ်ဖို့ ဆေးခန်းတွေ ဖွင့်လှစ်ကုသပေးနေပေမဲ့ လုံလောက်တဲ့ ဆေးဝါးကုသမှု တွေ မပေးနိုင်ဘူးလို့လည်း ကျန်းမာရေးဝန်ထမ်းတချို့က ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါ တယ်။

အဖြစ်များနေတဲ့ ဒီဝမ်းရောဂါအတွက် သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနက ရယကရုံးတွေမှာ သူနာပြုဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ဆေးခန်းဖွင့်လှစ်ပြီး ဝမ်းရောဂါကာကွယ်ရေးတွေ ပြုလုပ်ပေးနေကြပါတယ်။ အဲဒီထဲက တာဝန်ကျ သူနာပြုဆရာမကြီးတဦးက သူတို့ဆီမှာ ဝမ်းရောဂါလာပြတဲ့ လူနာတွေအတွက် လုံလောက်တဲ့ ဆေးဝါးကုသမှု မပေးနိုင်သေးဘူးလို့ ပြောပါတယ်။

“အဓိကကတော့ အောင်ပင်လယ်၊ မြရည်နန္ဒာ၊ ထွန်ထောင်းတွေမှာ ဖြစ်နေတယ်၊ တော်တော် ဆိုးဝါးနေတယ်။ အခုချိန်ထိ လည်း ဖြစ်နေတုန်းပဲ။ လူဦးရေ ၁၀၀လောက်တော့ ရှိမယ်လို့ထင်တယ်။ အခု ဆေးခန်းဖွင့်ပြီး ဆေးကုပေးနေရတယ်။
ဆေးတွေကတော့ လုံလောက်မှု မရှိဘူးပေါ့။ ရှိတာလေးနဲ့ပဲ။ ဆေးက တနေ့ကို အလုံး၃၀ နဲ့ ဓာတ်ဆားထုပ်က ၁၀ ထုပ် လောက်ပဲ ရတယ်။ ဆေးခန်းဖွင့်တဲ့ ၂၅ရက်နေ့အထိပဲ၊ တနေ့စာအတွက်မဟုတ်ဘူး။ ဖြစ်တဲ့လူက တော်တော်များတယ်။”

တရက်ကို လူနာ ၃၀ နီးပါး လာပြတာရှိပေမဲ့ ၅ ရက်ကြာ သူတာဝန်ကျခဲ့တဲ့ ဒီဆေးခန်းအတွင်းမှာ ဝမ်းရပ်သွားအောင် ပေးတဲ့ တက်ထရာဆိုင်ကလင်း အလုံးရေ၁၅၀ နဲ့ ဓာတ်ဆားထုပ် အထုပ် ၂၀ ကိုသာ ကျန်းမာရေးဌာနက ပေးနိုင်ခဲ့တယ်လို့
လည်း ပြောပါတယ်။ ဒါကြောင့် လူနာတွေကို တရက်စာဆေးပေးပြီး အပြင်ဆေးခန်းတွေမှာသာ ဆက်ပြီး ဆေးဝယ်သောက် ဖို့ ညွှန်ကြားရတယ်လို့လည်း သူက ပြောပါတယ်။ အလားတူ ဝမ်းရောဂါခံစားနေရတဲ့ လူနာတွေဟာ အပြင်ပုဂ္ဂလိက ဆေးခန်းတွေမှာလည်း လာပြတာရှိတယ်လို့ ပုဂ္ဂလိက ဆေးခန်းတခုမှာ အလုပ်လုပ်နေတဲ့ သူနာပြုဆရာမတဦးက ပြောပါ တယ်။

“လူနာတော်တော်များများ သူတို့ဆီကိုပြပြီး ကျမတို့ဆီကို နောက်တခေါက် ပြန်လာပြကြပါတယ်။ ဆေးဝါးတွေကို အပြင်မှာ ဝယ်ခိုင်းတယ်။ ၅ နှစ်အောက်ကလေးတွေဆိုရင် ပေးစရာဆေးမရှိဘူးလို့ကို ပြောသံကြားခဲ့ရပါတယ်။ တရက်ကို အယောက် ၂၀လောက် ရှိပါတယ်။ ကလေးသူငယ်တွေ အများဆုံးဖြစ်ပါတယ်။”

ဒီ ဝမ်းပျက်တဲ့ရောဂါဟာ သင်္ကြန်ကာလအတွင်းက စခဲ့ပြီး ချမ်းမြသာစည်မြို့နယ်က ကုတင် ၃၀၀ ဆေးရုံအတွင်းမှာ ဆေးရုံ တက်ပြီး ကုသရတဲ့ အဆင့်အထိ ဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။ အခုအချိန်အထိ ရပ်ကွက်တွေအတွင်းမှာ ထိရောက်တဲ့ ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေ၊ ကာကွယ်တားမြစ်မှုတွေလုပ်တာ မတွေ့ရသေးဘူးလို့လည်း ပြောပါတယ်။

“မြို့သစ်ကလူ တော်တော်များများဟာ ကုတင် ၃၀၀ မှာ သင်္ကြန်ကာလအတွင်း လူဦးရေ၄၀ ကျော်လောက် တက်ရောက် ကုသမှု ခံယူပြီးတော့ နောက်တက်လာတဲ့ လူနာတွေဆို ထားစရာမရှိလို့ မတ်တပ်ရပ်နေကြရပါတယ်။ အခု ဆေးကုသခန်း ဖွင့်နေတာကလွဲရင် ကျန်တဲ့ ပတ်ဝန်းကျင်ကို ထုံးဖြူးတာတို့ ဘာတို့ အဲလိုမျိုးတွေ လုပ်တာတော့ မတွေ့ရသေးပါဘူး။ ဝမ်းရောဂါမဖြစ်အောင် ပတ်ဝန်းကျင်သန့်ရှင်းရေးရယ်၊ အစားအစာရယ်၊ ရေရယ်၊ ဒီသုံးခုကို အရင်ဆုံး ဖြေရှင်းပေးရပါ မယ်။”

ချမ်းမြသာစည်မြို့နယ် ပုဂ္ဂလိကဆေးခန်းတခုက ဆရာမတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုသတင်းတွေ အတည်ပြုနိုင်ဖို့ ချမ်းမြသာစည်က အစိုးရကျန်းမာရေးဌာနကို ဆက်သွယ်တဲ့အခါ တာဝန်ကျ ကြီးကြပ်ရေးမှူး တဦးက ဝမ်းပျက်ဝမ်းလျှောရောဂါကတဆင့် ကာလဝမ်းရောဂါ အိုဝမ်း ပေါ့စတစ်ဖြစ်တဲ့ လူနာတွေ ရှိပေမဲ့ ရပ်ကွက်တွေအတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေတယ်လို့ ပြောပါတယ်။

“အိုဝမ်းရယ်လို့ ဆေးရုံကထွက်လာတာမျိုးတွေတော့ ရှိပါတယ်။ အဲဒါတွေက အခု ဆုံးသွားတာတော့ မရှိသေးပါဘူး။ အခု ကာကွယ်နှိမ်နင်းရေး အနေနဲ့ နောက်ထပ်ဖြစ်တဲ့ ဝမ်းနဲ့ပတ်သက်တဲ့ ဝမ်းလျှောတာတို့ ပျက်တာတို့အတွက် အတူနေတဲ့ လူတွေကို ဆေးတိုက်နေတာတော့ ရှိပါတယ်။ ဒီရက်ပိုင်းတွေအတွင်း ၁၂၀ လောက်တော့ ရှိပါတယ်။ အခုက အရှေ့ခြမ်း တွေမှာ ပိုဖြစ်တာပေါ့။ ရာသီဥတုနဲ့ လေနဲ့ အဲဒီဘက်အခြမ်းတွေက လူမှုအနေအထိုင် နည်းနည်းနိမ့်တာပေါ့။ ကာကွယ်လို့ နိုင်နင်းပါတယ်။ ကျနော်တို့မှာ ကုတင် ၃၀၀ ဆေးရုံလည်းရှိတယ်၊ ဆေးရုံကြီးရှိတယ်၊ ကလေးဆေးရုံလည်း သွားတယ်။ ပြီးတော့ လူနာနဲ့ အတူနေတဲ့ ပတ်ဝန်းကျင်ကိုလည်း ကာကွယ်ဆေးတွေ ကျွေးပါတယ်။”

ချမ်းမြသာစည်မြို့နယ် ကျန်းမာရေးဌာနက ကြီးကြပ်ရေးမှူး ပြောပြခဲ့တာ ဖြစ်ပါတယ်။

မန္တလေးတိုင်းအတွင်းမှာလိုပဲ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်အတွင်းမှာလည်း ဒီလိုဝမ်းပျက်ရောဂါတွေ ဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဝမ်းရောဂါက အခု လူတိုင်းလိုလို ဖြစ်နေတယ်၊ ကလေးတွေရော၊ လူကြီးတွေရော ဝမ်း တအားသွားတယ်။ ကျနော့်အိမ်မှာ တောင် နှစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ ဆေးထိုးဆေးခန်းသွားလည်း ခဏပဲ၊ တရက်တော့ကောင်းတယ်။ နောက်နေ့ တခါ ပြန် ဖြစ်တာပဲ။ ပူတဲ့ရာသီဆိုရင်တော့ ရပ်ကွက်အလိုက် ရပ်ကွက်ထဲမှာ ကန်လေးတွေရှိတယ်၊ အရင်တုန်းက ရွာဟောင်းကန် လေးတွေ၊ အဲဒီကန်လေးတွေက ခပ်သောက်နေရတာ။ ရေက ခမ်းခါနီးတော့ ရေမသန့်ဘူးပေါ့။ ကုသမှုက ကိုယ့်စရိတ်နဲ့ ကိုယ့်ဘာသာပဲ ဒီမှာ ဖြစ်သလို ကုနေရပါတယ်။ သစ်သီးစုံ ဓာတ်ဆားထုပ်တွေ ဝယ်တိုက်ပါတယ်။ တရာ့ငါးဆယ်၊ နှစ်ရာ ပေါ့။ နောက် မက်ထရို ဝယ်တိုက်ရတယ်။ တချို့ကျတော့လည်း ဗမာဆေးနဲ့ ကုတာပေါ့။ အခု ဆေးတခါသွားထိုးရင် နှစ်ထောင်၊ ထောင့်ငါးရာဆိုတော့ မထိုးနိုင်ကြဘူး။ လူတွေလည်း တော်တော်ကျပ်တည်းတော့။”

မြောက်ဒဂုံ ဒေသခံတဦး ပြောခဲ့သလိုပဲ အခြား သာကေတမြို့နယ်အပြင် လူနေ သိပ်သည်းတဲ့ မြို့နယ်တွေမှာလည်း ဝမ်းရောဂါ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG