သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကေအန်န်ပီပီ ကလေးစစ်သား မရှိကြောင်း ကြေညာ


ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ အခြေပြုလှုပ်ရှားနေတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်န်ပီပီ) က သူတို့ရဲ့ တပ်ဖွဲ့တွေမှာ ကလေးစစ်သား အသုံးမပြုတာကြောင့် ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကလေးစစ်သား အသုံးပြုတဲ့ လက်နက် ကိုင်တပ်တွေ စာရင်းကနေ ပယ်ဖျက်ပေးဖို့ ကြေညာချက်ထုတ်ပြန်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကို တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါ တယ်။

ဒီလို ကြေညာချက် ထုတ်ပြန်တောင်းဆိုတာနဲ့ ပတ်သက်ပြီး ကေအန်န်ပီပီ အတွင်းရေးမှူး ၁- ခူးဦးရယ်က အခုလို ပြောပါ တယ်။

“ကရင်နီပြည် တပ်မတော်ထဲမှာ လက်ရှိအနေအထားမှာ ကျနော်တို့အနေနဲ့ ပေါ်လစီအရသော်လည်းကောင်း၊ လက်တွေ့ အရသော်လည်းကောင်း တပ်မတော်ထဲမှာ ၁၈ နှစ်အောက်ရှိတဲ့ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းတာတွေ၊ အသုံးပြု တာတွေ မရှိဘူးဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ရှင်းလင်းထုတ်ပြန်ထားတာဖြစ်သလိုပဲ ဒီ နှစ်စဉ် ထုတ်ပြန် ထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာထဲမှာ စာရင်းပါရှိနေတဲ့အပေါ်မှာ ကျနော်တို့ စိတ်မကောင်းဖြစ်မိတဲ့ အကြောင်း၊ နောက် ကျနော်တို့ တပ်မတော်ထဲမှာ အဲဒီလို မူပေါ်လစီအရသော်လည်းကောင်း၊ လက်တွေ့အရသော်လည်း ကောင်း ကျင့်သုံးခြင်းမရှိဘူးဆိုတာကို လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်တာအပြင် နာမည်စာရင်းကိုလည်း အစီရင်ခံစာထဲ ကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုတဲ့ ရည်ရွယ်ချက်သက်သက်ပါ။”

ကေအန်န်ပီပီအဖွဲ့က သူတို့ရဲ့ လက်အောက်ခံတပ်ဖြစ်တဲ့ ကရင်နီပြည်တပ်မတော်မှာ ကလေးစစ်သား အသုံးမပြုဘူးဆိုတာ ကို ၂၀၀၇ ခုနှစ်မှာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နဲ့အတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ကေအန်န်ပီပီက သူတို့တပ်ဖွဲ့တွေအတွင်းမှာ ကလေးစစ်သား အသုံးမပြုဘူးဆိုတာကို နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ လာရောက်စစ်ဆေးနိုင်ပါတယ်လို့ ခူးဦးရယ်က ထပ်မံပြောဆိုပါတယ်။

“ကျနော်တို့အနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရော၊ လူပုဂ္ဂိုလ်တွေပါ ကျနော်တို့ တပ်မတော်အတွင်းမှာ အခြေခံ တပ် စခန်းတွေမှာရော ရှေ့တန်းစစ်မြေပြင်မှာပါ သူတို့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ စေလွှတ်ပြီးတော့ လာရောက်စစ်ဆေးဖို့၊ နောက်ပြီးတော့ ကျနော်တို့နဲ့ လာရောက်နေထိုင်ဖို့ ကျနော်တို့ သူတို့ကို ဖိတ်ခေါ်ထားတာ ရှိပါတယ် ခင်ဗျ။ အဲဒီနည်းနဲ့ ကျနော်တို့တပ်မတော်ရဲ့ အခြေအနေကို လာရောက်လေ့လာနိုင်တယ်။ လက်တွေ့အားဖြင့် ကျနော်တို့အနေနဲ့ ကမ္ဘာ့ မိသားစု အသိုင်းအဝိုင်းထဲမှာ ပွင့်လင်းတဲ့ သဘောထားရှိတယ်၊ ပွင့်လင်းတဲ့ ရပ်တည်ချက်ရှိတယ် ဆိုတာကို ပြသချင်တဲ့ အနေနဲ့ ကျနော်တို့ ဖိတ်ခေါ်ခြင်း ရှိပါတယ်ခင်ဗျ။ ဒီအနေအထားမျိုးနဲ့ ကျနော်တို့ အခြေအနေမှန်ကို သိရှိနိုင်အောင် ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်ခင်ဗျ။”

လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ ကေအန်န်ပီပီက အခုလို ထုတ်ပြန် ကြေညာချက်ကို အားကောင်းတဲ့ အချက်တရပ်အဖြစ် ကြိုဆိုပါတယ်။

“အခုလိုမျိုး သူတို့အနေနဲ့ ကလေးစစ်သားတွေ မရှိတော့ဘူးဆိုတာကို ရဲရဲဝံ့ဝံ့ ဝန်ခံပြီးတော့ လေ့လာလိုရင် လေ့လာဖို့ ဖိတ်ခေါ်တယ်ဆိုတာ အရမ်းအားကောင်းတဲ့ အချက်ပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ဘက်က ခိုင်မာနေပြီတာကို သက်သေပြ တဲ့ အနေအထားမျိုးဖြစ်တဲ့အတွက် ကျနော်တို့ဘက်က ကြိုဆိုတယ်။ အဲတော့ နိုင်ငံတကာအနေနဲ့လည်း အခုလို ဖိတ်ကြားထားတဲ့အတိုင်း သွားရောက်လေ့လာဖို့ရယ်၊ နောက်ပြီးတော့ ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်တဲ့ အထူး စုံစမ်း စစ်ဆေးရေး အရာရှိကိုယ်တိုင် ဒါကို အထူးအလေးထားပြီးတော့ လေ့လာတွေ့ဆုံနိုင်တဲ့ အခြေအနေဖန်တီးပေးဖို့ ကျနော်တို့ ထပ်လောင်းပြီးတော့ တောင်းပန်ချင်တယ်။”

လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံက ကရင်နီတပ်မတော်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေကို လေ့လာကြည့်တဲ့အခါမှာတော့ ကလေးစစ်သား အသုံးပြုတာ မတွေ့ရဘူး၊ ဒါပေမဲ့ စခန်းအားလုံးကို သွားရောက်မလေ့လာနိုင်တာနဲ့ တချို့ရဲဘော်တွေဟာ အမှန်တကယ် အသက်ပြည့်မပြည့်ဆိုတာကို စစ်ဆေးဖို့ အခက်အခဲတွေတော့ ရှိနေတယ်လို့ ဆိုပါတယ်။

ခူးဦးရယ်ကတော့ ကေအန်န်ပီပီအနေနဲ့ သူတို့တပ်ဖွဲ့ထဲကို ဝင်ရောက်လာသူတွေဟာ အသက်ပြည့်မပြည့် စစ်ဆေးနိုင်ဖို့ အတွက် UNICEF အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို နည်းပညာပိုင်းအရ အကူအညီပေးဖို့ တောင်းခံထားတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာစစ်အစိုးရ တပ်အတွင်းမှာသာမက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့မှာ ကလေးစစ်သားတွေကို အသုံးပြုနေတယ်လို့ ဖော်ပြပါ တယ်။

နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကတော့ မြန်မာစစ်တပ်အတွင်းမှာ ကလေးစစ်သား ၇၀,၀၀၀ လောက်ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေမှာတော့ ၆,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG