သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းကိုနိုင် ဂွမ်ဂျုး လူ့အခွင့်အရေး ဆုရ


၂၀၀၉ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အမြင့်မားဆုံး ဆုတခုဖြစ်တဲ့ ဂွမ်ဂျူး လူ့အခွင့်အရေးဆု ကို မြန်မာနိုင်ငံက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ချီးမြှင့်ဖို့ ရွေးချယ် လိုက်ပါတယ်။ ဒီဆုဟာ တောင်ကိုရီးယား စစ်အာဏာရှင်ဟောင်း ချန်ဒူးဝမ် ကို ကျောင်းသားတွေက အသက်ပေး တွန်းလှန်ခဲ့ကြတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးအပ်တာလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါ တယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီထွန်းကားရေးတို့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ရှေ့တန်းကနေ တိုက်ပွဲ ဝင်နေတဲ့ ကိုမင်းကိုနိုင်ကို အခုလို ဆုချီးမြှင့်ဖို့ ဘာကြောင့် ရွေးချယ်ရတယ်ဆိုတာကိုတော့ ဆုရွေးချယ်ရေးအဖွဲ့မှာပါဝင်တဲ့ တောင်ကိုရီးယား မေ ၁၈ ဖောင်ဒေးရှင်းအဖွ့ဲရဲ့ ယဉ်ကျေးမှုနဲ့ စည်းလုံးညီညွတ်ရေးအဖွဲ့က ညွှန်ကြားရေးမှူး Chang Ho Kim က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ဖောင်ဒေးရှင်းက မင်းကိုနိုင်ကို ၂၀၀၉ ခုနှစ်အတွက် ဆုချီးမြှင့်ဖို့ ရွေးချယ်ရတဲ့အကြောင်းကတော့ မင်းကိုနိုင်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုမှာ အင်မတန်အရေးပါတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်သလို သူ့ရဲ့ လူ့အခွင့်အရေးနဲ့ မြန်မာ လူမှု အသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးအောင် ဦးဆောင် လှုပ်ရှားမှုတွေကြောင့် နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံထားရသူ တဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ရော၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ တိုးတက် ထွန်းကားတာကို မြင်လိုတဲ့အတွက်ကြောင့်ပါ ကျနော်တို့က မင်းကိုနိုင်ကို အခုလို ၂၀၀၉ ခုနှစ် အတွက် ဂွမ်ဂျူး လူ့အခွင့်အရေးဆု ချီးမြင့်ဖို့ ရွေးချယ်ခဲ့တာပါ။”

အခုချိန်ဟာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအတွက် အရေးပါတဲ့အချိန်ကို ရောက်နေတဲ့အတွက် မြန်မာလူထုကို ခွန်အားပေး တဲ့ အနေနဲ့ရော၊ စစ်အာဏာရှင် စနစ်အောက်မှာ မြန်မာပြည်သူတွေ ခံစားနေကြရတာကို သူတို့အနေနဲ့ မျှဝေခံစားတဲ့ အနေနဲ့ပါ ဒီဆုကို ချီးမြင့်တာလည်း ဖြစ်တယ်လို့ မစ္စတာ ချန်ဟိုကဲမ် က ပြောပါတယ်။

ကိုမင်းကိုနိုင်နည်းတူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်း ဂွမ်းဂျူး လူ့အခွင့်အရေးဆုကို ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်က လက်ခံရရှိခဲ့တဲ့အကြောင်း အမျိုးသားဒီမိုကရေစီ လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲက ပြန်ကြားရေးတာဝန်ခံ ကိုရန်နိုင်ထွန်းက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်လည်း ၂၀၀၄ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ကိုရီးယား နိုင်ငံမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုးရီးယားနယ်မြေ လွတ်မြောက်ဌာနခွဲကနေပြီးတော့ အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က (၅) ကြိမ်မြောက်ဆုရှင်ဖြစ်ပြီးတော့ ကိုမင်းကိုနိုင်ကတော့ ၂၀၀၉ ခုနှစ်မှာ (၁၀) ကြိမ်မြောက် ဆုရှင်ဖြစ်ပါတယ်။ ဆုငွေကို ဒီ ၂၀၀၅ ခုနှစ်ကစပြီးတော့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကနေပြီးတော့ အမေရိကန် ဒေါ်လာ ၅၀,၀၀၀ အထိကို တိုးမြင့်ပြီးတော့ ပေးတာဖြစ်ပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ ၁၉၈၀ ခုနှစ် မေလ ၁၈ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံရဲ့ အာဏာရှင် စစ်ခေါင်းဆောင်ဟောင်း ချန်ဒူးဝမ်ကို ဒီ ဂွမ်းဂျူးမြို့မှာရှိတဲ့ တောင်ကိုရီးယားကျောင်းသားတွေက ဦးဆောင်ပြီး တွန်းလှန်ခဲ့တဲ့နေ့ကို အစွဲပြုပြီး ဂွမ်ဂျူး လူ့အခွင့်အရေး ဆုကို ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ်ကစပြီး ချီးမြှင့်လာခဲ့တာပါ။ အဲဒီ မေ ၁၈ ရက်နေ့မှာ စတင်ခဲ့တဲ့ ကျောင်းသား တွေရဲ့ လှုပ်ရှားမှုကို ချန်ဒူးဝမ်ရဲ့ အာဏာရှင်စစ်အစိုးရက ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တဲ့အတွက် ကျောင်းသား အများ အပြား သေဆုံးခဲ့ပါတယ်။ အဲဒီလို အသက်ပေး အနစ်နာခံခဲ့ကြတဲ့ ကိုရီးယား ကျောင်းသားပြည်သူတွေကို အသိအမှတ် ပြုတဲ့ အနေနဲ့ ဂွမ်ဂျူး မေ ၁၈ ဖောင်းဒေးရှင်းအဖွဲ့ကို ဖွဲ့စည်းပြီး ကမ္ဘာတဝှမ်း အာဏာရှင်တွေလက်အောက်မှာ ဖိနှိပ် ချုပ်ချယ် ခံနေကြရတဲ့ ပြည်သူလူထုအတွက် ကိုယ်ကျိုးမဖက် စွန့်လွတ် အနစ်နာခံ တိုက်ပွဲဝင်နေကြသူတွေကို ရွေးချယ်ပြီး နှစ်စဉ် ဒီဆုကို ချီးမြင့်လာခဲ့တာပါ။

ကိုမင်းကိုနိုင် အခုလို ဆုချီးမြင့်ခံရပေမယ့် လူကိုယ်တိုင် တက်ရောက် ဆုယူနိုင်မှာမဟုတ်တဲ့အတွက် မိသားစုဝင်၊ ဒါမှမဟုတ် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အသိမိတ်ဆွေထဲက သူ့ကိုယ်စား ဆုလက်ခံဖို့ ရွေးချယ်မယ်လို့ ဆိုပါတယ်။ ဆုပေးပွဲ အခမ်းအနား ကိုတော့ လာမယ့် မေလ ၁၈ ရက်နေ့ ဂွမ်ဂျူးမြို့က မေ ၁၈ ဖောင်ဒေးရှင်း ခမ်းမဆောင်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG