သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည် လူကုန်ကူးခံရမှုတိုက်ဖျက်ရေး အမေရိကန် တောင်းဆို


ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်း-မလေးရှား နယ်စပ်ဒေသတွေမှာ လူကုန်ကူးခံနေရတဲ့ မြန်မာနိုင်ငံသား ထောင်နဲ့ချီပြီး ရှိနေတယ်၊ ဒီလို လူကုန်ကူးမှုတွေမှာ မလေးရှားအစိုးရ အရာရှိတွေကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရဲ့ အစီရင်ခံစာသစ်ထဲမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် မလေးရှားနဲ့ ထိုင်းနိုင်ငံတွေအနေနဲ့ ဒီဒုက္ခသည်တွေကို အကာအကွယ်ပေးရေးဆိုင်ရာ မူတွေကို ချမှတ်ဆောင်ရွက်ပေးဖို့ လိုနေပြီလို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ပြောပါတယ်။ အပြည့်စုံကို စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက မြန်မာနိုင်ငံသားတွေ မလေးရှားနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ လူကုန်ကူးခံရတာနဲ့ ခြိမ်းခြောက် ငွေညှစ်ခံရတာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင်ကို ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်တာပါ။ မြန်မာနိုင်ငံက ရွှေ့ပြောင်းလာတဲ့ ဒုက္ခသည်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ အစိုးရတာဝန်ရှိသူတွေကို မေးမြန်းစုံစမ်းပြီး ကော်မတီဝန်ထမ်းတွေကိုယ်တိုင် တနှစ်ကြာ လေ့လာတွေ့ရှိချက်တွေအပေါ် အခြေခံထုတ်ပြန်ခဲ့တဲ့ ဒီအစီရင်ခံစာကို ဧပြီလဆန်းပိုင်းက လွှတ်တော်မှာ ဆွေးနွေးခဲ့ရာမှာ မကြာခင်နှစ်တွေအတွင်း မလေးရှား၊ ထိုင်းနယ်စပ် ဒေသမှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားဟာ ထောင်နဲ့ချီပြီးရှိနေတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံကို ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို မလေးရှားအာဏာပိုင်တွေက ဖမ်းပြီး ထိုင်းနိုင်ငံဘက်ကိုပို့ရာမှာ ငွေမပေးနိုင်ရင် ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာ အလုပ်လုပ်ဖို့၊ ငါးဖမ်းလှေတွေမှာ အသက်နဲ့ရင်းပြီး အလုပ်လုပ်ဖို့၊ စားသောက် ဆိုင်နဲ့ တခြားအလုပ်ကြမ်းတွေ လုပ်ဖို့အတွက် ရောင်းစားတာကို ခံနေရတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီလိုလုပ်ဆောင်နေသူတွေထဲမှာ မလေးရှားအစိုးရ အရာရှိတွေပါ ပါဝင်ပတ်သက်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) ရဲ့ အာရှဆိုင်ရာ လက်ထောက် အကြီးအကဲ အီလိန်း ပီယာဆင် (Elaine Pearson) ကတော့ ဒီပြဿနာတွေ ဖြစ်ပွားနေတာ ကြာလှပြီမို့ ဒီနိုင်ငံတွေမှာ ဒုက္ခသည်ဆိုင်ရာ ထိရောက်တဲ့မူတွေကို ချမှတ်ပြီး ဆောင်ရွက်ဖို့လိုအပ်နေပြီလို့ ပြောပါတယ်။

“အဲဒီမှာပြဿနာတွေဖြစ်နေတာ ကြာပါပြီ။ အခုအချိန်မှာ မလေးရှားအစိုးရကရော ထိုင်းအစိုးရကပါ ဒုက္ခသည်တွေအတွက် အကာအကွယ်မပေးဘဲနေတာမျိုးကို ပြန်ပြီးသုံးသပ်ဖို့ သင့်နေပါပြီ။ သူတို့နိုင်ငံထဲကိုရောက်လာတဲ့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူတွေနဲ့ ဒုက္ခသည်တွေရဲ့ ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး စံပြလုပ်ဆောင်ဖို့ ပုံစံသစ်တွေ ချမှတ်ဖို့ လိုအပ်နေပါ တယ်။” - လို့ ပြောသွားတာပါ။

အခုလို မြန်မာနိုင်ငံကနေထွက်ခွာလာသူတွေ ထိုင်း-မလေးရှား နယ်စပ်ဒေသတွေမှာ ဒုက္ခခံစားနေရတာနဲ့အတူ လူကုန်ကူးမှု ပြဿနာနဲ့ပတ်သက်ပြီးမလေးရှားအစိုးရ အာဏာပိုင်တွေက စတင်ပြီး စုံစမ်းစစ်ဆေးနေပြီလို့ ကော်မတီဝင် လွှတ်တော်အမတ် ရစ်ချတ်လူဂါ (Richard Luger) ရဲ့ ပြောဆိုချက်ကိုလည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီရဲ့ အခုထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak) က အရေးယူဆောင်ရွက်မယ်လို့ သောကြာနေ့မှာပြောဆိုကြောင်း မလေးရှားက လာတဲ့ အေပီသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး အဖွဲ့ကြီးကတော့ မလေးရှားဝန်ကြီးချုပ်သစ် အနေနဲ့ အရင်မလေးရှား အာဏာပိုင်တွေနဲ့မတူဘဲ လူ့အခွင့်အရေးဆိုင်ရာ အရေးယူပြောဆိုမှုတွေ ရှိနေတာကို တွေ့ရတာမို့ ဒီပြဿနာအတွက် သိပ်ကိုမျှော်လင့်ထားပေမဲ့ မလေးရှားနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေဟာလည်း ပြဿနာတခုလို့ မြင်ကြောင်း အခုလို ပြောပါတယ်။

“ပြဿနာက မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကြောင့်လို့ ထင်ပါတယ်။ ဒီဥပဒေအရဆိုရင် နိုင်ငံရေး ခိုလှုံသူ တွေ၊ ဒုက္ခသည်တွေနဲ့ စာရွက်စာတမ်း မရှိတဲ့ ရွှေ့ပြောင်းလာသူတွေကြားမှာ ကွဲကွဲပြားပြား ခွဲခြားထားတာမျိုး မတွေ့ရပါ ဘူး။ ဒါကြောင့် မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ်နဲ့ ကုလသမဂ္ဂက အသိအမှတ်ပြုထားပေမယ့် ဒီဒုက္ခသည်ကိုဖမ်းမိရင် မလေးရှားအရာရှိတွေအနေနဲ့ ဖမ်းချုပ်ထားနိုင်ပြီး ပြန်ပို့ဖို့ လုပ်နိုင်ပါတယ်။ ဒီဖမ်းချုပ်ထားသူတွေကို ကုလသမဂ္ဂ မဟာ မင်းကြီးရုံးက တွေ့ခွင့်မရတဲ့အတွက် ဒီဒုက္ခသည်တွေကို ကယ်တင်နိုင်တဲ့ အခွင့်အလမ်း မရှိပါဘူး။” - လို့ ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားတွေ အခုလိုဒုက္ခနဲ့ ရင်ဆိုင်နေရတာနဲ့ပတ်သက်ပြီး မြန်မာစစ်အစိုးရမှာ အများဆုံး တာဝန်ရှိပါ တယ် လို့လည်း ပြောပါတယ်။

“အခုလို မြန်မာနိုင်ငံထဲကနေ တခြားနိုင်ငံတွေကို ထွက်ခွာစေတဲ့အကြောင်းရင်းဖြစ်တဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေကို မြန်မာ စစ် အစိုးရအနေနဲ့ မလုပ်ဆောင်ဖို့ ပြောချင်ပါတယ်။ ဒီအစီရင်ခံစာထွက်လာတဲ့နောက်ပိုင်း မလေးရှားနဲ့ ထိုင်းအစိုးရတွေအနေနဲ့ မြန်မာစစ်အစိုးရအပေါ်မှာ ဖိအားတွေ ပေးကြဖို့ စဉ်းစားလာမယ်လို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံထဲက လူနည်းစု တိုင်းရင်းသားတွေ တခြားနိုင်ငံတွေကို စွန့်ခွာပြီး ဒီလို အန္တရာယ်ရှိတဲ့ အခြေအနေမျိုး ဖြစ်နေတာကို သူတို့က ဝိုင်းပြီး ဆောင်ရွက်ကြမှဖြစ်မှာပါ။” - လို့ လူ့အခွင့်အရေးအဖွဲ့ကြီးက မစ္စ ပီယာဆင် က ပြောသွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG