သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတွေ ရောင်းစားခံနေရမှု မလေးအရာရှိများ ပါဝင်


မြန်မာပြည်မှာ စီးပွားရေးကျပ်တည်းတာကြောင့်မိုလို့ မလေးရှားနိုင်ငံကို စွန့်စွန့်စားစား ထွက်အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတချို့ဟာ မလေးရှားအာဏာပိုင်တချို့ရဲ့ ဖမ်းဆီးတာကို ခံရပြီးတော့ မလေးရှားနဲ့ ထိုင်းနယ်စပ်တွေမှာ လူမှောင်ခိုပွဲစားတွေရဲ့ လက်ထဲကို ရောင်းစားတာ ခံနေရပါတယ်။ သူတို့တွေဟာ ဘယ်လိုပုံစံတွေနဲ့ ဘယ်လိုနေရာတွေမှာ ရောင်းစားခံနေကြရတယ် ဆိုတာကို စုံစမ်းထားတဲ့ မအေးအေးမာ က တင်ပြထားပါတယ်။

မလေးရှားနိုင်ငံမှာ ရောင်းစားခံနေရတဲ့မြန်မာတွေဟာ နေ့စဉ်ရာဂဏန်းနဲ့ ရှိနေပြီး မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ထမ်း တွေက လူပွဲစားတွေထံကို ရောင်းစားနေကြောင်း အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီရဲ့ တွဲဖက် အတွင်းရေးမှူး ကိုကျော်ထူးအောင်က အခုလို ပြောပါတယ်။

“လဝက က ထိန်းသိမ်းပြီးတော့ သူတို့ကို နယ်စပ်ခေါ်သွားတယ်။ နယ်စပ်ရောက်လို့ရှိရင် အဲဒီခေါ်သွားတဲ့ လဝက တွေကပဲ လူမှောင်ခိုကူးတဲ့သူတွေ လက်ထဲကို ဒီ ပြန်ပို့ခံရတဲ့သူတွေကို လွှဲပေးလိုက်တယ်။ ပိုက်ဆံငွေရေးကြေးရေးကအစ သူတို့ ဘယ်အချိန်မှာ လူဘယ်နှစ်ယောက်လာပို့မယ် ဆိုတာကအစ သူတို့ နောက်ကွယ်မှာ ရှိနေတယ်။ နောက်ကွယ်ကနေ သူတို့ အဆက်အသွယ် လုပ်ထားပြီးတော့မှာ သူတို့ သွားပို့တယ်။ သွားပို့ပြီးတော့ လွှဲပေးပြီးတော့မှ ပြန်လာတယ်။ ပြန်လာပြီးတဲ့ နောက် အဲဒီနောက်ပိုင်း ပြန်ဝင်လာတဲ့အချိန်မှာလည်း ဒီနိုင်ငံက အစိုးရဝန်ထမ်းတွေ ပါဝင်ပတ်သက်မှု ရှိနေတယ်။ အဲဒါကို လည်း ကျနော်တို့က သက်သေအထောက်အထားတွေ ဘာတွေ ရထားပြီးပြီ။ ဒီမှာရှိတဲ့ အစိုးရကို ကျနော်တို့ ကိုယ်တိုင်က တော့ ပြောလို့မရဘူးပေါ့။ ဒီမှာရှိတဲ့ အဲန်ဂျီအိုတွေနဲ့ ပေါင်းပြီးတော့ သူတို့ကို ပြန်ပြီးတော့ ပြောမယ်။”

ထိုင်း-မလေး နယ်စပ်မှာ မြန်မာတွေ လူပွဲစားတွေလက်ထဲ ရောက်သွားခဲ့ရတဲ့ အခြေအနေတွေကို ပြောပြခဲ့ရာမှာတော့ -

“သူတို့ကို လဝက ကနေပြီးတော့ လူမှောင်ခိုကူးတဲ့သူတွေ လက်ထဲကို လွှဲပေးလိုက်ပြီဆိုရင် သူတို့က သုံးခုကို သူတို့ ပြောပြ တယ်ပေါ့။ တစ်နည်းက ဒီမလေးရှားထဲကို ပြန်ဝင်မလား၊ နောက်တစ်နည်းက မြန်မာပြည်ကို ပြန်သွားမလား၊ နောက် တနည်း က ပိုက်ဆံမပေးနိုင်လို့ရှိရင် လှေမှာ အရောင်းစားခံမလား။ အများသောအားဖြင့် ရောင်းစားတာက ယောက်ျား လေးတွေဆိုရင် ငါးဖမ်းလှေကို ရောင်းတယ်။ မိန်းကလေးတွေဆိုရင် ပြည့်တန်ဆာလုပ်ငန်းတွေဘက်မှာ သူတို့ ရောင်းပစ် လိုက်တယ်ပေါ့။ ဒီ ထိုင်းဘက်က။ အကုန်လုံးက ပြန်ဝင်လာတဲ့သူတွေပဲ များတယ်။ မြန်မာပြည်ကိုလည်း သူတို့ မပြန်ဘူး။ ပိုက်ဆံမရှိလို့ရှိရင်တော့ လှေမှာ အရောင်းစားခံရတယ်။ ပိုက်ဆံရှိတဲ့သူတွေကတော့ ဒီမှာ သူငယ်ချင်း အဆက်အသွယ်၊ ဆွေမျိုးမိဘ အဆက်အသွယ်တွေကနေတဆင့် အကူအညီတောင်းပြီးတော့ မလေးရှားထဲကို ပြန်ဝင်လာကြတယ်။”

ငွေကြေးမပေးနိုင်တဲ့သူတွေဟာ ရိုက်နှက်ခြင်းကိုပါ ခံရတယ်လို့ ဆိုပါတယ်။

“ပိုက်ဆံမပေးနိုင်တဲ့သူတွေဆိုတာတောင်မှ အဲဒီလို မပေးနိုင်တဲ့သူတွေထဲမှာ သူတို့သတ်မှတ်ထားတဲ့ ရက်ပြည့်လို့မှ သူတို့ ဖုန်းဆက်လို့ ပိုက်ဆံပေးဖို့မသေချာဘူး ဆိုလို့ရှိရင် အရိုက်ခံရတာတွေ ရှိတယ်။ အဲဒီလိုမျိုးလူတွေလည်း ကျနော်တို့ဆီမှာ ရှိနေတယ်။ အရိုက်ခံရတာတို့ အထိုးခံရတာတို့၊ သူတို့ ပိုက်ဆံရဖို့ ရက်နည်းနည်းကြာသွားလို့ရှိရင် ဒီလူတွေကို ထမင်းတွေ ဘာတွေ မကျွေးတော့ဘဲ အငတ်ထားတဲ့ဟာမျိုးတွေပါ ရှိပါတယ်။”

တခြားနိုင်ငံသားတွေကို ဖမ်းမိတဲ့အခါမှာ သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေက တာဝန်ယူပြီး ပြန်ပြီးတော့ လက်ခံတာတွေ ရှိနေပေမဲ့ မြန်မာကတော့ လက်ခံတာတွေ မရှိတဲ့အတွက် ရောင်းစားတာကိုပဲ ခံနေရကြောင်းတွေကိုလည်း ပြောပြသွား ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG