သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယား စက်ရုံ ပြန်လည်ပတ်


လက်နက်အဆင့် သုံးနိုင်တဲ့ ပစ္စည်းတွေကို ပြန်လည် ထုတ်လုပ်နိုင်ဖို့အတွက် နျူကလီးယားပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာ စက်ရုံတွေကို ပြန်လည် စတင် လည်ပတ်နေပြီလို့ မြောက်ကိုရီးယားက ပြောပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယာ လက်နက် ကင်းရှင်းအောင် ရည်ရွယ်ပြီးလုပ်နေတဲ့ သံတမန်ရေး ဆောင်ရွက်ချက်တွေကို ဒါ က နောက်ထပ် ထိုးနှက်လိုက် တာ ဖြစ်ပါတယ်။ ဒေသတွင်းမှာ တင်းမာမှုတွေလည်း မြင့်မားလာပါတယ်။ ဆိုးလ်မြို့ ကနေ ဗွီအိုအေ သတင်းထောက် ကတ်အေရှန်း (Kurt Achin) သတင်းပေးပို့ထားတာကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ယုံဗြောင်းမှာရှိတဲ့ အဓိက နျူကလီးယာ စက်ရုံကနေ သုံးပြီးသား လောင်စာ တောင့်တွေ ကို ပြန်လည် အသုံးပြုလို့ရအောင် စလုပ်ဆောင်နေပြီလို့ ကြေညာချက် ထုတ်လိုက်ခြင်းအားဖြင့် ကမ္ဘာ ကို စနေနေ့ မှာ ဘေးအန္တရာယ်တစ်ရပ် ရှိနေကြောင်း မြောက်ကိုရီးယား က သတိပေးလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်ကို မြောက်ကိုရီးယား သတင်းကြေညာသူက တင်ပြခဲ့တာပါ။ လောင်စာတောင့်တွေ ကို ပြန်လည် အသုံးပြုနိုင်အောင် လုပ်ဆောင်နေတာဟာ မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့ နိုင်ငံတွေက စစ်ရေးအရ ခြိမ်းခြောက်လာတဲ့အခါမှာ မြောက်ကိုရီးယား ရဲ့ နျူကလီးယား အစွမ်းကြောင့် အဲဒီလို မတိုက်ခိုက်နိုင်အောင် တားဆီးနိုင် စွမ်းကို တိုးတက်စေလိမ့်မယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။

နျူကလီးယား လက်နက်အစီအစဉ်တွေ ဖျက်သိမ်းရေး ရည်ရွယ်ပြီး နိုင်ငံစုံပါဝင်တဲ့ ဆွေးနွေးပွဲ ကျင်းပနေတာကနေ နှုတ်ထွက်တဲ့အကြောင်း ကြေညာခဲ့ပြီးတဲ့နောက်၊ နိုင်ငံတကာ နျူကလီးယား စစ်ဆေးရေးမှူးတွေကို မြောက်ကိုရီးယားက အရင်အပတ် က နှင်ထုတ်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲကိုလည်း ‘အသုံးမကျ’ ဘူး လို့ သုံးနှုန်းပြောဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်တုန်းက တာဝေးကို ရောက်နိုင်တဲ့ ဒုံးပျံကို မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့ပါတယ်။ ဒီအတွက် ကုလသမဂ္ဂက ရှုတ်ချခဲ့ တာကို အဲဒီလို လုပ်ဆောင်ပြီး၊ မြောက်ကိုရိးယား က တုံ့ပြန်လိုက်တာပါ။

မြောက်ကိုရီးယား ဆုံးဖြတ်ချက် ကို သူတို့ မအံ့သြပါဘူး လို့ တောင်ကိုရီးယား အရာရှိတွေ က ပြောပါတယ်။ ဒါပေမဲ့ နျူကလီးယား ပစ္စည်းတွေကို ပြန်လည်အသုံးပြုနိုင်အောင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ကြောင့် ကုလသမဂ္ဂက ပိုပြီး ပိတ်ဆို့ အရေးယူလိမ့်မယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ယူမြောင်ဝှမ် (Yu Myung-hwan)က ဒီ အပတ်မှာ ကြေညာပါတယ်။ ဒုံးကျည် နဲ့ နျူကလီးယား အစီအစဉ်တွေကို ကူညီနေတဲ့အတွက် မြောက်ကိုရီးယား ကုမ္ပဏီသုံးခုကို သောကြာနေ့မှာ ကုလသမဂ္ဂက ပိတ်ဆို့ အရေးယူလိုက်ပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားလက်နက်ကို ပထမဆုံး စမ်းသပ်ပြီးတဲ့နောက် ကုလသမဂ္ဂ ပိတ်ဆို့ အရေးယူရေး ကော်မီတီဟာ ၂၀၀၆ ခုနှစ် ဆုံးဖြတ်ချက် အရ Korea Mining Development Trading Corporation ၊ Korea Ryonbong General Corporation နဲ့ Tanchon Commercial Bank တွေကို နာမည်ပျက်စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။

မြောက်ကိုရီးယား မှာ နျူကလီးယား လက်နက် ငါးခုကနေ ဆယ်ခုကြား ရှိနေတယ်လို့ ယုံကြည်ရပါတယ်။ အကြမ်းထည် လောင်စာတောင့်တွေ တပုံကြီးရှိနေတာကြောင့် အနည်းဆုံး ဖောက်ခွဲရေး လက်နက်တစ်ခု လုပ်ဖို့အတွက် လက်နက်အဆင့် လုပ်နိုင်တဲ့ ပစ္စည်းတွေ လုံလုံလောက်လောက် ထုတ်နိုင်ပါတယ်။

စနေနေ့မှာမှာပဲ မြောက်ကိုရီးယား ဟာ (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကျင်းပခဲ့ပါတယ်။ မြောက်ကိုရီးယား ရဲ့ နယ်မြေ တစ်လက်မကို ထိလိုက်တာနဲ့ အမေရိကန်နဲ့ သူ့ ရဲ့ မဟာမိတ်တွေကို မညှာတာဘဲ တိုက်ခိုက်မယ်လို့ အစိုးရရဲ့ အဓိက သတင်းစာက ကြေညာပါတယ်။

အမေရိကန် သတင်းစာဆရာ ၂ ယောက် နဲ့ တောင်ကိုရီးယား အမှုဆောင် အရာရှိတစ်ယောက်တို့ကို နိုင်ငံရေးမှုတွေနဲ့ စွဲဆိုပြီး ထိန်းသိမ်းထားတဲ့အတွက် လက်ရှိ တင်းမာနေတာတွေက ပိုပြီး ရှုပ်ထွေးလာပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG