သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေး တင်းကျပ်တဲ့ကြားက အန်န်အယ်လ်ဒီ တိုင်းနဲ့ပြည်နယ် စည်းဝေး


လုံခြုံရေးအာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုတွေကြားကပဲ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီရဲ့ တိုင်းနဲ့ပြည်နယ် အစည်းအဝေးပွဲကို ရန်ကုန်ဌာနချုပ်ရုံးမှာ ဒီကနေ့ စတင်ကျင်းပပါတယ်။ မြန်မာစစ်အစိုးရက ရှေ့နှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြောထားတာမို့ အခုလို တနိုင်ငံလုံး အတိုင်းအတာနဲ့ အန်န်အယ်လ်ဒီပါတီအနေနဲ့ အခုအစည်း
အဝေးပွဲက ဒါနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာ လိမ့်မယ်လို့လည်း တွက်ဆမှုတွေရှိနေတဲ့ ပါတီညီလာခံက ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝန်းက တိုင်းနဲ့ပြည်နယ် အသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်လာပြီး အန်န်အယ်လ်ဒီပါတီရဲ့ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်တွေ အတွက် ဆွေးနွေးကြမယ့် ၂ ရက်ကြာ စုံညီအစည်းအဝေးပွဲတွေကို လုံခြုံရေး အာဏာပိုင်တွေရဲ့ စောင့်ကြပ် ကြည့်ရှုမှု အောက်မှာပဲ ကျင်းပလိုက်တာပါ။ အထူးသဖြင့်ကတော့ တက်ရောက်လာတဲ့
ကိုယ်စားလှယ်တွေကြား စစ်အစိုးရက ကျင်းပပေးဖို့ ပြောထားတဲ့ ရှေ့နှစ်ထဲကျင်းပမယ့် ရွေးကောက်ပွဲကိစ္စတွေ ပါဝင်တယ် လို့ အန်န်အယ်လ်ဒီက ပြောပါတယ်။ ပါတီညီလာခံအစနေ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးသိန်းညွန့်ကို ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စပြောပြပါတယ်။

“ဒီနေ့ အစည်းအဝေးပွဲ မနက် ၁၂ နာရီမှာ စပါတယ်။ အဖွဲ့ချုပ်ဘက်က အစီရင်ခံစာ ၃ ခု တင်ပါတယ်။ အဲဒီ ၃ ခုက နိုင်ငံရေးအစီရင်ခံစာ၊ နိုင်ငံရေးအစီရင်ခံစာကို ဒေါက်တာသန်းငြိမ်းက တင်ပါတယ်။ နောက် စည်းရုံးရေးအစီရင်ခံစာကို ဦးအုန်းကြိုင်က တင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို ကော့ကရိတ် မောင်သိန်းညွန့်က တင်ပါတယ်။

“အဲဒါတွေတင်ပြီး ဒုတိယပိုင်းကြတော့ ပြည်နယ်တိုင်းအသီးသီးက တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းစည်းကော်မတီ ကိုယ်စားလှယ်များက အက္ခရာစဉ်အလိုက် ကချင်ကစပြီး ကချင်၊ ကရင်၊ ချင်းပေါ့၊ အဲဒီလို ဆွေးနွေးကြ ပါတယ်။ ဒီနေ့ဆွေးနွေးတာတွေကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်များက မေးမြန်းတဲ့ အချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပါတယ်။ အဲဒီဟာကို ဒီနေ့ တနင်္သာရီတိုင်းအထိ ဆွေးနွေးပြီးသွားပါပြီ။ မနက်ဖြန် ၁၂ နာရီ ကျရင် ပဲခူးတိုင်းကစပြီး ကျန်တဲ့ ပြည်နယ်တိုင်းတွေက ဆက်ပြီး ဆွေးနွေးကြပါမယ်။”

ဒီနေ့ဆွေးနွေးတဲ့အထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေရော ဆွေးနွေးဖြစ်ပါသေးလား။

“ဟုတ်ကဲ့၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ဆွေးနွေးတယ်ဆိုတာကတော့ ဒီဘက်က အစီရင်ခံစာကို တိုင်းနဲ့ပြည်နယ်တွေက ဆွေးနွေးချက်တွေက မစုံသေးဘူး။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ကျနော်တို့ဘက်ကလည်း အကြမ်းဖျင်း တင်ပြထားတယ်။ ပါတီဝင်ထုနဲ့ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို ပြန်လည်ဆွေးနွေး တင်ပြကြတယ်။”

အဲဒီမှာ သဘောထားတွေက ဘယ်လိုရှိပါသလဲ။ ကျနော်တို့နားလည်သလောက်ဆိုရင် တချို့က ရွေးကောက်ပွဲကို ညှိနှိုင်းပြီး ဝင်သင့်တယ်။ တချို့ကလည်း မဝင်သင့်ဘူးဆိုပြီး ပြောတယ်။ ဘယ်လိုအမြင်တွေများ ရှိပါသလဲ။

“အဲဒါကတော့ ဒီနေ့ ပြောလို့မဖြစ်သေးပါဘူး။ ဒီနေ့က သိပ်လည်း မစုံသေးဘူး။ မနက်ဖြန်မှ အားလုံးပေါင်းပြီး ဒီကိစ္စကို ပြောမှာပါ။ အားလုံးဆွေးနွေးချက်တွေရော ကျနော်တို့ဘက်က ဆုံးဖြတ်ချက်တွေရော မနက်ဖြန်ညနေ ပြီးရင်တော့ ဒီကိစ္စ တွေ ပြောပါမယ်။ အခုဟာ ဒီနေ့ကတော့ ဆွေးနွေးတယ်ပေါ့ဗျာ။ မပြီးမှ မပြီးသေးဘဲ။ သိပ်အများကြီးလည်း မဆွေးနွေးရ သေးဘူး။ ဒီနေ့က ပြည်နယ်တိုင်း သုံးလေးခုလောက်ပဲ ပြီးသွားတာကိုး။”

နောက်တခုက ကျနော်တို့ကြားတာ လုံခြုံရေးက ရုံးအပြင်မှာ တော်တော်လေး တင်းတင်းကျပ်ကျပ် ချထားတယ်ပြောတယ်။

“ချထားပါတယ်။ လုံခြုံရေးက ပုံမှန်ထက်တော့ အင်အား နည်းနည်းများတာပေါ့။ ဒါပေမဲ့ အရင် လွတ်လပ်ရေးနေ့တို့၊ ပြည်ထောင်စုနေ့တို့၊ တပ်မတော်နေ့တို့ အခမ်းအနားတွေ လုပ်တဲ့အခါတွေမှာလို အရပ်ဝတ်တွေနဲ့ ကားတွေနဲ့ လေးငါးဆယ် စီး လာပြီးတော့ လမ်းဟိုဘက်မှာ လာထိုးထားတာတော့ မရှိဘူး။ လုံခြုံရေးကတော့ ရဲပါပဲ၊ အရပ်ဝတ်တွေနဲ့ များပါတယ်။”

အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းညွန့် ပြောပြသွားတာ ဖြစ်ပါတယ်။

လုံခြုံရေးအာဏာပိုင်တွေက အနီးကပ် စောင့်ကြပ်ကြည့်ရှုတာတွေ ရှိပေမယ့် အခုအချိန်အထိတော့ တက်ရောက်လာသူ ကိုယ်စားလှယ်တွေကို နှောင့်ယှက်ဟန့်တားတာ၊ ကန့်သတ်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG