သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်အမျိုးသား လွတ်မြောက်ရေးစခန်း ရန်သူ့ လက်ကျ


ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့နဲ့ ကီလိုမီတာ ၅၀ လောက်ဝေးတဲ့ နေရာမှာရှိတဲ့ ဝေါလေခီးဆိုတဲ့ ကေအန်န်ယူ စစ်သားတွေ ပြောက်ကျားလှုပ်ရှားရာနေရာကို မြန်မာနိုင်ငံဘက်ခြမ်းက ဒီကေဘီအေ (ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်)တွေ ပစ်ခတ်ရင်း ထိုင်းမြေပေါ် လက်နက်ကြီးတွေ ကျခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထိုင်းနဲ့ ဒီကေဘီအေတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ထိုင်းစစ်သား ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်း အခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်နဲ့ ကီလိုမီတာ ၅၀ လောက်သာ ကွာဝေးတဲ့ ဝေါလေခီးဆိုတဲ့နေရာမှာ မြန်မာနိုင်ငံဘက်ခြမ်းက ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်တွေက ကေအန်န်ယူ တပ်စခန်းတွေကို ပစ်ခတ်ရင်း ထိုင်းနိုင်ငံပေါ်ကို လက်နက်ကြီး များ ကျခဲ့ပါတယ်။ ဒီ့အတွက် ထိုင်းနဲ့ ကရင်ဗုဒ္ဓဘာသာတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ထိုင်းစစ်သား ၂ ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။

အခုပစ်ခတ်မှုဖြစ်တဲ့နေရာဟာ ကေအန်န်ယူတပ်စခန်းတွေနဲ့လည်း နီးကပ်နေပါတယ်။ ကေအန်န်ယူတပ်ရင်း ၂၀၁ နဲ့ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်တွေဟာ ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ဆက်ရှိနေပြီး ၂၅ ရက်နေ့က တိုက်ပွဲတခု ဖြစ်ခဲ့ကြောင်း၊ စစ်အစိုးရတပ်တွေက ဒီကေဘီအေတပ်တွေကို အကူပစ်ပေးခဲ့ကြောင်းတွေကိုလည်း ပြောပြခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်ရင်း ၂၀၁ က အရာခံဗိုလ် စောထီးခူး ပြောပြတာကတော့ …

“၂၅ ရက်နေ့ ညနေ ၅ နာရီခွဲလောက်၊ အခုလောလောဆယ် ဝင်တိုက်ဖို့ ကြိုးစားတယ်ဆိုတာ နောက်ကွယ်မှာ နအဖက အားပေးတာပေါ့။ နအဖတွေက နောက်မှာ၊ ရှေ့မှာကတော့ ဒီကေဘီအေတွေပဲ။”

အရင်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အုန်းဖျံဒုက္ခသည်စခန်းတွင်းမှာ ဒုက္ခသည်တွေ မနေရဲဘဲ တောင်ပေါ်တွေမှာ ပြောင်းရွှေ့အိပ်တာတွေ လုပ်နေပါတယ်။ အခုတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းမှာရှိတဲ့ ရွာသားတွေလည်း နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပြီး မြန်မာဘက်ခြမ်း ဝေါလေခီးဘက်က ရွာသားတွေကတော့ ထိုင်းနိုင်ငံဘက်က ဒုက္ခ သည် စခန်းတွေရှိရာကို လာနေကြပါတယ်။ အခုအခါမှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ရွာသား ၃၀၀ ထက် မနည်း ပြေးလွှား ပုန်းခိုနေရပါတယ်။

နောက်ဆုံးရ ပြည်ပသတင်းမီဒီယာတွေမှာတော့ ဝေါလေခီးစခန်းကို မြန်မာစစ်အစိုးရနဲ့ ဒီကေဘီအေတပ်တို့ သိမ်းပိုက်နိုင် ခဲ့ပြီလို့ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကေအန်န်ယူကို မေးကြည့်တော့ အမည်မဖော်လိုသူ ကေအန်န်ယူ အရာရှိ တဦး တုံ့ပြန်ခဲ့တာက ဒီဝေါလေခီးစခန်းဟာ ထိုင်းနယ်စပ်နဲ့ အင်မတန်နီးသလို ပတ်ပတ်လည်မှာလည်း မြန်မာ စစ်အစိုးရ တပ်တွေ ဝန်းရံထားတဲ့ မီတာ ၂,၀၀၀ ပတ်လည် နေရာလေးဖြစ်တာကြောင့် နဂိုကတည်းက ကေအန်န်ယူတပ်တွေအနေနဲ့ မနေသင့်တဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဝေါလေခီးစခန်းတဝိုက်မှာ ပြောက်ကျားလှုပ်ရှားနေတဲ့ ကေအန်န်ယူ စစ်သား လေးငါးဆယ်လောက်ကိုလည်း ကရင်ပြည်နယ်အတွင်းကို ပြန်သွားဖို့ ပြောနေတာ ကြာပြီလို့ ဆိုပါ တယ်။

အခုလို တဘက်က စစ်အင်အား လေးငါးရာနဲ့ အင်အားမမျှဘဲ ထိုးစစ်ဆင်လာတော့မှ ဝေါလေခီးစခန်းက ကေအန်န်ယူ စစ်သားတွေ အားလုံးကို စွန့်ခွာစေခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရနဲ့ ဒီကေဘီအေတပ်တွေအနေနဲ့ ဝေါလေခီး စခန်းရှိရာ နယ်မြေအားလုံးကို လုံးဝထိန်းချုပ်နိုင်ဖို့ဆိုရင်တော့ စခန်းပတ်ပတ်လည်မှာရှိတဲ့ မိုင်းတွေကို ရှင်းပစ်ဖို့ လိုသေး တယ်လို့ ဆိုပါတယ်။ တကယ်လို့ ဝေါလေခီးစခန်းကို လုံးလုံး လက်လွှတ်လိုက်ရတယ်ဆိုရင်တောင် ကရင့်တော်လှန်ရေး အတွက် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှု မဟုတ်ဘူးလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG