သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၉ ခုနှစ်မှာ တကမ္ဘာလုံးစီးပွားရေး ကျဆင်းနေဦးမယ်


ဧပြီ ၂၇၊ ၂၀၀၉ - ၂၀၀၇ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကနေ စတင်ခဲ့တဲ့ ဘဏ္ဍာ
ငွေကြေးဈေးကွက် အကျပ်အတည်းနဲ့ စီးပွားရေး ဆုတ်ယုတ်ကျဆင်းတာကနေဖြစ်လာ
တဲ့ ကြီးမားတဲ့ရိုက်ခတ်မှုကို ကမ္ဘာကြီး ခံစားနေရတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံ
ငွေအဖွဲ့ IMF ရဲ့ စီးပွားရေးပညာရှင်ချုပ် Olivier Blanchard က ပြောလိုက်ပါတယ်။
ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းကို လွန်ခဲ့တဲ့သုံးလကမှ ခန့်မှန်းထားခဲ့တာကနေ
Blanchard က သိသိသာသာ လျှော့ချ ခန့်မှန်းခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက်
Barry Wood ပေးပို့ထားတဲ့သတင်းဆောင်းပါးနဲ့အတူ ဒီသီတင်းပတ်ရဲ့ စီးပွားရေး
ကဏ္ဍမှာ တင်ပြထားပါတယ်။

ဒီနှစ်မှာ ကမ္ဘာ့စီးပွားရေးဟာ ၁.၃% ကျဆင်းသွားမယ်လို့ IMF က ပြောပါတယ်။
ဒါဟာဖြင့် နှစ် ၆၀ အတွင်း အဆိုးရွားဆုံး အခြေအနေပါပဲ။ ဒီနှစ်ကုန်မှာမှ စပြီး ပြန်
ကောင်းလာလိမ့်မယ်လို့ IMF က ခန့်မှန်းပြီး၂၀၁၀ ပြည့်နှစ်မှာ တိုးတက်မှုနှုန်း ၁.၉%
ပဲ ရှိလိမ့်ဦးမယ်လို့ ဆိုပါတယ်။ မကြာသေးခင် လတွေအတွင်း ထူးခြားတဲ့ ဆုတ်ယုတ်
မှုတွေရှိခဲ့တယ်လို့ Blanchard က ပြောပါတယ်။

"ဝယ်လိုအားကျတာကနေပြီး ထုတ်လုပ်မှုကိုလျှော့ချတာတွေ၊ ပြည်ပတင်ပို့ကုန် သိသိ
သာသာ လျော့ကျတာတွေ ဆက်ဖြစ်ပါတယ်။ တကမ္ဘာလုံးရဲ့ ထုတ်လုပ်မှုတန်ဖိုး GDP
ဟာ ၂၀၀၈ ခုနှစ် နောက်ဆုံးသုံးလပတ်မှာ ပထမဆုံးအကြိမ်အဖြစ် ၆% ကျဆင်းသွား
ခဲ့ပါတယ်။ ကျနော်တို့ ပြောနိုင်သလောက်ဆိုရင်တော့ အမြန်ဆုံးနှုန်းနဲ့ ကျဆင်းတာ
ဟာ ၂၀၀၉ ခုနှစ် ပထမသုံးလပတ်မှာ ဖြစ်နိုင်ခြေအများဆုံးပါပဲ။"

IMF အဖွဲ့ရဲ့ စီးပွားရေးပညာရှင်ချုပ် Olivier Blanchard ပါ။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကို ၁၉၄၄ ခုနှစ် ဇူလိုင်လက အမေရိကန်နိုင်ငံ
မှာ စပြီး တည်ထောင်ခဲ့တာပါ။ နိုင်ငံတကာမှာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်
မှုတွေအတွက် အခြေခံသဘောတူညီချက်တခုနဲ့ စပြီးဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ IMF အဖွဲ့ကြီးမှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၅ နိုင်ငံ ရှိနေပြီဖြစ်ပြီး မြန်မာ
နိုင်ငံဟာလည်း ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ IMF ရဲ့ အဖွဲ့ဝင်နိုင်ငံတခု စဖြစ်
ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ တိုးတက်မှုနှုန်း နည်းနည်းပဲရှိမယ်၊ ကျဆင်းမှာတော့မဟုတ်ဘူးလို့
လွန်ခဲ့တဲ့သုံးလကမှ ခန့်မှန်းခဲ့တဲ့ IMF ကျွမ်းကျင်သူတွေ ကမ္ဘာ့စီးပွားရေးကျဆင်းတာရဲ့
ပြင်းအားကြောင့် အံ့အားသင့်ခဲ့ကြရပါတယ်။ အဓိကစီးပွားရေးအင်အားကြီးနိုင်ငံတွေမှာ
အလုပ်လက်မဲ့ဖြစ်တာတွေကြောင့် ပြန်ပြီး နာလန်ထူတာ နှေးကွေးမှာဖြစ်ပြီး ၂၀၁၀
ပြည့်နှစ်ကုန်မှာမှ အပြည့်အဝပြန်ကောင်းနိုင်မယ်လို့ Blanchard က ခန့်မှန်းပါတယ်။

ဒါ့အပြင် ဘဏ်စနစ် မတည်မငြိမ်နဲ့ အားနည်းနေသေးတာကလည်း သူတို့ရဲ့ စိတ်ပျက်
ဖွယ်ခန့်မှန်းချက်ကို အားဖြည့်ပေးသလိုဖြစ်နေတယ်လို့ Blanchard နဲ့ သူ့ရဲ့လုပ်ဖော်
ကိုင်ဖက်တွေက ယုံကြည်ကြပါတယ်။

"ဘဏ်တွေဟာ ခုချိန်မှာ ငွေပြန်စုနေတဲ့အဆင့်မှာပဲ ရှိနေသေးပြီး ငွေချေးတာတွေကို
တင်းကျပ်ထားပါတယ်။ အာမခံ ငွေချေးစာချုပ်ဈေးကွက်၊ စတော့ရှယ်ယာဈေးကွက်
အများစုဟာ ကောင်းကောင်း ပြန်ပြီး မလည်ပတ်သေးပါဘူး။ ဒီအခြေအနေ ရေရှည်
ဆက်ဖြစ်နေတာနဲ့အမျှ စီးပွားရေး ဆုတ်ယုတ်ကျဆင်းတာလည်း ဆက်ဖြစ်နေဦးမှာပါ။
စီးပွားရေး ဆုတ်ယုတ်ကျဆင်းတာ ရေရှည်ပြီး ပိုနက်ရှိုင်းလာတာနဲ့အမျှ ဘဏ္ဍာ
ငွေကြေးစနစ်အခြေအနေလည်း ပိုဆိုးလာဖို့ပဲရှိပါ တယ်။"

ပြန်မရနိုင်တဲ့ချေးငွေတွေနဲ့ဆက်စပ်နေတဲ့ ဆုံးရှုံးမှုဟာ တကမ္ဘာလုံးမှာ နောက်နှစ်ကုန်
ထိဆိုရင် ဒေါ်လာဘီလီယံပေါင်း ၄,၀၀၀ အထိ ရောက်သွားနိုင်တယ်လို့ IMF က တွက်
ချက်ထားပါတယ်။ အဓိကဆုံးရှုံးတာကတော့ အမေရိကန်နဲ့ ဥရောပတိုက်က အိမ်မြေ
ဈေးကွက်မှာဖြစ်ပါတယ်။ ကမ္ဘာ့ကုန်သွယ်မှုဟာ ၂၀၀၈ ခုနှစ်က ၃% တိုးတက်ခဲ့ပြီးတဲ့
နောက် ဒီနှစ်မှာတော့ ၁၁% ကျဆင်းသွားဖို့ရှိပါတယ်။

အမေရိကန်စီးပွားရေးဟာ ဒီနှစ်မှာ သုံးရာခိုင်နှုန်းနီးပါး ကျဆင်းသွားဖွယ်ရှိပြီး ၂၀၁၀
ပြည့်နှစ်မှာ တိုးတက်မှုနှုန်း သုညမှာပဲရှိလိမ့််မယ်လို့ IMF ကပြောပါတယ်။ လုံးဝ
တိုးတက်မှာမဟုတ်ဘူးဆိုတဲ့ သဘောပါပဲ။ Euro-zone လို့ခေါ်တဲ့ ယူရို ငွေကြေးကို
အသုံးပြုတဲ့ ဥရောပ ၁၆ နိုင်ငံမှာတော့ ပိုပြီးတော့တောင်မှ တိုးတက်မှုနှေးကွေးပြီး
ဒီနှစ်မှာ ၄% ကျဆင်းလိမ့်မယ်လို့ IMF က ခန့်မှန်းထားပါတယ်။ ဂျပန်စီးပွားရေးလည်း
၆% ကျဆင်းမယ်လို့ ခန့်မှန်းပါတယ်။

မြန်မာ့အိမ်နီးခြင်း နိုင်ငံကြီးတွေဖြစ်ကြတဲ့ တရုတ်နဲ့ အိန္ဒိယတို့လည်း အခြေအနေ
သိပ်မကောင်းသေးပါဘူး။ IMF ရဲ့ ခန့်မှန်းချက်အရ တရုတ်ရဲ့ တိုးတက်မှုနှုန်းဟာ
၆.၅% နဲ့ အိန္ဒိယကတော့ ၄.၅% အထိ အသီးသီး နှေးကွေးသွားဖို့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေ ရုတ်တရက် ကျဆင်းသွားခဲ့တာ
ကြောင့် အထိနာရတာကတော့ ရုရှားနိုင်ငံဖြစ်ပြီး ၆% ထိ စီးပွားရေးကျဆင်းမယ်လို့
ခန့်မှန်းထားပါတယ်။ လက်ရှိ အကျပ်အတည်းရဲ့ ရိုက်ခတ်မှုကို နောက်ကျပြီးခံရတဲ့
အာဖရိကတိုက်ကတော့ နှစ်စဉ်တိုးတက်မှုနှုန်း ၂% ရှိနေမယ်လို့ဆိုပါတယ်။

တကမ္ဘာလုံးစီးပွားရေး ဆက်ပြီး ကျဆင်းနေဦးမယ်လို့ဆိုတဲ့အချိန်မှာ မြန်မာ့စီးပွားရေး
ဟာလည်း ဒီအကျကနေ ပြေးလွတ်စရာလမ်းမရှိပါဘူး။ ဒီနှစ်အတွင်း မြန်မာ့စီးပွားရေး ကျဆင်းမယ့်အလားအလာရှိနေတာကို Economist မဂ္ဂဇင်းရဲ့ Economist Intelligence
Unit၊ အာရှဖွံ့ဖြိုးရေးဘဏ် ADB တို့က ခန့်မှန်းထုတ်ပြန်ခဲ့တာတွေကိုလည်း ဒီအစီအစဉ်
ကနေ တင်ပြခဲ့ပြီးပါပြီ။

ညံ့တာကို ကောင်းအောင်လုပ်ဖို့ရာမှာ အရင်ဆုံးကတော့ ညံ့တာကို ညံ့တယ်လို့ အမှန်
အတိုင်းမြင်ဖို့၊ လက်ခံဖို့လိုပါတယ်။ မကောင်းဘူးဆိုတာကို အမှန်အတိုင်းလက်မခံဘဲ
အားလုံးကောင်းပါသည်လို့ မျက်စေ့မှိတ်ပြောနေရင်၊ အဲဒီအတိုင်း ယုံကြည်လက်ခံပြီး
လုပ်နေရင် တိုးတက်အောင်လုပ်ဖို့နည်းလမ်းတွေ ရှာတွေ့စရာလမ်းမရှိပါဘူး။ လမ်း
မတွေ့မှတော့ ကောင်းလာစရာလဲမရှိပါဘူး။ ဒီလိုသာဆိုရင်ဖြင့် အုပ်ချုပ်ခံပြည်သူလူထု
များရာစုကြီးအတွက် နစ်နာရုံသာမက အုပ်ချုပ်သူတွေအတွက်လည်း ကောင်းစရာမရှိ
ပါဘူး။ ဘယ်သူ့အတွက်မှ မကောင်းတဲ့အခြေအနေကနေ အများစုအတွက် ကောင်းတဲ့
အခြေအနေကို ရောက်အောင်သွားနိုင်မှသာ အခု ကြားနေရတဲ့ အေးချမ်းသာယာပြီး
ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆိုတာကို လက်တွေ့ရောက်နိုင်မှာ ဖြစ်ပါ
တယ်ဆိုတာကိုတင်ပြရင်း ဒီသီတင်းပတ်အစီအစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG