သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်မုန်တိုင်း တနှစ်ပြည့် အကူအညီတွေ လိုနေဆဲ


မြန်မာပြည်မှာ နာဂစ်ဆိုင်ကလုန်း လေပြင်းမုန်တိုင်းကျခဲ့တာ တနှစ်ပြည့်ခါနီးအချိန်
လေဘေးဒုက္ခသည် တသန်းကျော် နိုင်ငံတကာ အထောက်အပံ့များ ရနေသည့်တိုင်
အောင် စိန်ခေါ်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရဆဲပဲလို့ နိုင်ငံတကာ အဖွဲ့အစည်း
များနဲ့ ထောက်ပံ့ရေး အေဂျင်စီများက ပြောဆိုကြပါတယ်။

ကြာသပတေးနေ့က နယူးယောက်ခ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ အမျိုးသမီး မာရီ အိုကဘဲ
(Marie Okabe) က မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်း လေဘေးကာလ ပြန်လည်
ထူထောင်ရေး ပြင်ဆင်ရေးစီမံချက်အတွက် လိုအပ်ချက်များကို ဝိုင်းဝန်းကူညီကြဖို့
လိုအပ်နေသေးကြောင်း၊ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ လူသားချင်းစာနာမှုရုံးကလည်း
ကုန်ခဲ့တဲ့တနှစ်အတွင်း ကြိုးပမ်းမှုတွေက ထိရောက်ပေမယ့် လုပ်စရာတွေ အများကြီး
ကျန်နေသေးတယ်လို့ အစီရင်ခံထားကြောင်း၊ ကုလသမဂ္ဂအနေနဲ့ လေဘေးကိစ္စ
အတွက် မြန်မာအစိုးရ၊ အာဆီယံတို့နဲ့ သုံးပွင့်ဆိုင် တနှစ်လုံး မနားမနေ ကြိုးပမ်းခဲ့
ကြောင်း၊ လေဘေးဒုက္ခသည် ၂,၄၀၀,၀၀၀ အပြည့်အ၀ ပြန်လည်ထူထောင်နိုင်ရေး
နိုင်ငံတကာက ဆက်လက်ထောက်ပံ့ပေးရမှာဖြစ်ကြောင်း စသည်ဖြင့် ပြောဆို
သွားပါတယ်။

လူပေါင်း ၁၃၈,၀၀၀ သေဆုံးခဲ့ရတဲ့ လေမုန်တိုင်းအပြီး အသက်မသေ ရှင်ကျန်နေ
သေးတဲ့ လေဘေးဒုက္ခသည်များအတွက် လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်၊
ရေသန့်ရဖို့၊ အမိုးအကာ၊ နေစရာ၊ စာသင်ကျောင်း၊ စိတ်ဓာတ်ပျက်နေကြသူများအား
စိတ်ပိုင်းဆိုင်ရာ ကုသပေးဖို့၊ မိသားစုများ စားဝတ်နေရေးလုပ်ငန်းများ ပြန်လည်
စတင်နိုင်ဖို့ လုပ်ပေးရဦးမယ်လို့ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ကြေညာချက်
ထဲမှာ ထောက်ပြထားပါတယ်။

အီးယူ ဥရောပသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေး ဒေသဆိုင်ရာ ထိပ်တန်းတာဝန်ခံ ဒေးဗစ်
ဗာဘုမ်းက မြန်မာနိုင်ငံက နိုင်ငံရေးအခြေအနေများက နိုင်ငံတကာရဲ့ ထောက်ပံ့ရေးကို
ပျက်ပြားစေတယ်လို့ ဆိုလိုက်ပြီး လူ ၂၀၀,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဆူနာမီအတွက်
နိုင်ငံတကာက ဒေါ်လာ ၁၂ ဘီလီယံတောင် ထည့်ဝင်ခဲ့ပေမယ့် မြန်မာပြည်က နာဂစ်
ဆိုင်ကလုန်းအတွက် ဒေါ်လာ ၃၁၅ သန်းပဲ ရခဲ့ပုံကို နှိုင်းယှဉ်ထောက်ပြ ဝေဖန်
သွားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနကလည်း ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထဲက ကောက်နုတ်ပြီး ပြောခွင့်ရအမျိုးသမီး မာကယ် မက်ဆန်က အခုလို
ပြောပြပါတယ်။

“နာဂစ်မုန်တိုင်း ပထမနှစ်ပတ်လည် နီးကပ်လာတာနဲ့အတူ အသက်ဆုံးရှုံးခဲ့ကြသူတွေ
ကို အောက်မေ့သတိရသလို ချစ်ခင်သူတွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုဝင်တွေနဲ့လည်း
ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲပါတယ်လို့ အသိပေးအပ်ပါတယ်။

“ဒါ့အပြင် အိမ်နီးချင်းတွေရဲ့ဘ၀ ပြန်လည်ထူထောင်ရာမှာ အမေရိကန်ပြည်ထောင်စု
အပါအဝင် နိုင်ငံတကာ လူ့အဖွဲ့အစည်းနဲ့ လက်တွဲပြီး မနားမနေ ကြိုးပမ်းလုပ်ဆောင်
ပေးခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ သတ္တိနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကိုလည်း
အမေရိကန်ပြည်ထောင်စုက ဂါရဝပြုပါတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG