သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား လက်နက်ကိုင်များ နယ်ခြားစောင့်တပ်အသွင် ပြောင်းဖွယ်ရှိ


အပစ်အခတ်ရပ်စဲထားတဲ့ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) ရဲ့ ကေအိုင်အေ လွတ်လပ်ရေးတပ်မတော်ကို ပြင်ဆင်ဖွဲ့စည်းရေးအတွက် ကေအိုင်အိုနဲ့ မြန်မာစစ်အစိုးရကြားမှာ ထပ်ပြီး ဆွေးနွေးဖို့ရှိတယ်လို့ ကေအိုင်အိုခေါင်းဆောင် က ဗွီအိုအေကို ပြောပါတယ်။ မြန်မာစစ်အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ အပစ်အခတ်ရပ်စဲထားတဲ့ လက်နက် ကိုင်တပ်တွေကို ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ပြောင်းလဲဖွဲ့စည်းဖို့ ပြင်ဆင်နေတယ် ဆိုပြီးတော့လည်း စစ်ရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းက မြန်မာအစိုးရဘက်က တပ်မတော် အဆင့်မြင့်အရာရှိတွေနဲ့ အပစ်ရပ်အဖွဲ့တွေအကြား တွေ့ဆုံမှု နောက်ဆက်တွဲ အခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကေအိုင်အိုက ဒုတိယသဘာပတိ ဗိုလ်ချုပ်ဇော်ဆိုင်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ မြန်မာစစ်အစိုးရနဲ့ ထပ်မံတွေ့ဆုံဖို့ သဘောတူထားတယ်ဆိုတာကို အတည်ပြုပါတယ်။ ဒါပေမဲ့ ရက်အတိအကျတော့ မသတ်မှတ်ရသေးဘူးလို့ ပြောပါတယ်။ မြန်မာစစ်အစိုးရနဲ့ ထပ်မံတွေ့ဆုံရင် ဘယ်အချက်တွေကို အဓိက ဆွေးနွေးဖြစ်မလဲဆိုတာကို ဗိုလ်ချုပ်ဇော်ဆိုင်းက အခုလို ဆက်ပြောပါတယ်။

“ဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက ဘယ်လိုပြင်ဆင်မှုနဲ့ တပ်တွေကိုလည်း ဘယ်လို စဉ်းစား ကြဖို့၊ နှစ်ဖက်က ဘယ်လိုအမြင်ရှိတယ်ဆိုတာ အဲဒါဆွေးနွေးဖို့ ဒါပဲ ရှိပါသေးတယ်။ တပ်တွေကို ပြောင်းလဲဖွဲ့စည်းဖို့ဆိုတာ က စဉ်းစားဖို့ လိုလိမ့်မယ်၊ ဆွေးနွေးဖို့လိုလိမ့်မယ်ဆိုတာ အဲဒီလောက်ပဲ သိရသေးတယ်။ ဒါကလည်း ကျနော်တို့ ဘာမှ မဆွေးနွေးရသေးဘူး။ ကျနော်တို့ ဗဟိုကော်မတီအတွင်းမှာ ဗဟိုကော်မတီဝင် အစည်းအဝေးထိုင်ပြီး ဆွေးနွေးဖို့ ရှိသေး တယ်။”

လွန်ခဲ့တဲ့လ ၂၈ ရက်နေ့က ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်အစိုးရ ဘက်က အဆင့်မြင့်အရာရှိတွေက သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)နဲ့ မြန်မာစစ်အစိုးရတို့အကြားမှာ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ပူးပေါင်းပါဝင်မှုနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ပြင်ဆင်ဖွဲ့စည်းရေးအတွက် စဉ်းစားထားကြဖို့ အကြမ်းအားဖြင့် သဘောတူ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကတော့ အပစ်ရပ်အဖွဲ့တွေကို မြန်မာ စစ်တပ်ရဲ့အောက်မှာ ဒီနှစ် ၁၀ လပိုင်းလောက်မှာ အပြီး ပြောင်းလဲဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်လို့ သိရကြောင်း ပြောပါ တယ်။

“အဓိကကတော့ အပစ်ရပ်တပ်တွေကို အစိုးရအောက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အောက်ကို ထည့်ဖို့၊ ထည့်တဲ့အခါမှာ လည်း နယ်စပ်လုံခြုံမှုတပ်ဖွဲ့ပေါ့၊ အဲဒါကို အဖွဲ့လိုက် ဖွဲ့ပြီးတော့ သွင်းမှာကိုး။ တပ်ရင်းအလိုက်ပေါ့ဗျာ၊ တပ်ရင်းတရင်း လူ ၃၀၀ လောက်ရှိပြီးတော့ တရင်းကို ၁၀% နဲ့ လူ ၃၀ လောက်ထပ်ထည့်မယ်။ အဲဒီ လူ ၃၀၀ စာရင်းကို တပ်တွေ ပြင်ဆင်ပြီး ရင် ဒီနှစ် ၈ လ၊ ၉ လပိုင်းလောက်မှာ ပြင်ဆင်ဖွဲ့စည်းပြီး လူ ၃၀စာရင်း ထပ်ဖြည့်ပြီး ၁၀ လပိုင်းလောက်မှာ တပ်တွေကို သူတို့ဆီ အပ်ရမယ်။”

ဒါပေမဲ့ ရှမ်းပြည်နယ်မှာ အခြေစိုက်တဲ့ ကိုးကန့်၊ ၀ စတဲ့အဖွဲ့တွေကတော့ ဒီအခြေအနေကို လက်ခံနိုင်တဲ့ အနေအထား မရှိဘူးလို့ သိရကြောင်း ဦးအောင်ကျော်ဇောက ဆက်ပြောပါတယ်။

ဒီလိုသတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ ကလလတလို့ခေါ်တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး ကို နယ်ခြားကာကွယ်ရေးတပ်ဖွဲ့အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့နဲ့ အက်စ်သုံးလုံးလို့ခေါ်တဲ့ မဟာဂျာ ဦးဆောင်တဲ့ ဘိန်းဘုရင် ခွန်ဆာဆီက ခွဲထွက်အဖွဲ့ကို အပြီးအပိုင် လက်နက်ဖြုတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG