သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဝက်တုပ်ကွေး မကူးစက်ရေး အနီးကပ် စောင့်ကြည့်


H1N1 အမျိုးအစား ဝက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးဟာ မြောက်အမေရိကန်ကနေ ကမ္ဘာတလွှား ပျံ့နှံ့လာတာကြောင့် အခြား ကမ္ဘာ့နိုင်ငံတွေလိုပဲ မြန်မာနိုင်ငံမှာလည်း ကာကွယ်ရေးအစီအမံတွေ ဆောင်ရွက်နေပါတယ်။ FAO ကုလသမဂ္ဂ စိုက်ပျိုး ရေးနဲ့စားနပ်ရိက္ခာအဖွဲ့ ရန်ကုန်ရုံးကလည်း တိရစ္ဆာန်ကနေ လူကိုကူးစက်တဲ့ တုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဝက်တုပ်ကွေးဟာ အခု ကမ္ဘာမှာ နိုင်ငံပေါင်း ၂၀ မှာ တွေ့ရပါပြီ။ ကမ္ဘာ့တောင်ခြမ်းမှာတော့ တုပ်ကွေးရာသီက စနေပြီ ဆိုတော့ ဒီအတွက် တောင်ကမ္ဘာ့နိုင်ငံတွေအတွက် စိုးရိမ်စရာပါ။ မြန်မာနိုင်ငံမှာတော့ H1N1 ဝက်တုပ်ကွေးဗိုင်းရပ်စ် ပျံ့နှံ့မှု ကာကွယ်တဲ့အနေနဲ့ နိုင်ငံခြားခရီးသွားတွေကို နိုင်ငံတကာလေဆိပ်မှာ စစ်ဆေးနေသလို ပြည်တွင်းမှာလည်း WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ FAO ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့၊ အစိုးရကျန်းမာရေးဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနတို့ ပူးတွဲပြီး ရောဂါစောင့်ကြည့်ရေးတွေ လုပ်ဆောင်နေပါတယ်။

FAO နည်းပညာဆိုင်ရာ အကြီးတန်းအရာရှိ ဒေါက်တာ မာရေးမက္ကလင်း (Dr.Murray MaClean) ကတော့ ယခင်ကတည်းက တိရစ္ဆာန်ကနေ လူကို ကူးစက်တတ်တဲ့ တုပ်ကွေးရောဂါပိုး စောင့်ကြည့်ရေး အစီအစဉ်တွေ ရှိပြီးသားမို့ အခု ဝက်တုပ်ကွေး စောင့်ကြပ်ရေးအစီအစဉ်အတွက် အဆင်သင့်ပါပဲလို့ ပြောပါတယ်။

“ကြက်ငှက်တုပ်ကွေးရောဂါပိုးနဲ့ ပတ်သက်လို့ ကျနော်တို့ နှစ်အတန်ကြာ ဒီမှာလုပ်ခဲ့တာရှိပါတယ်။ မွေးမြူရေးခြံတွေကို ရောဂါကူးစက်မှု စောင့်ကြပ်ရေး အစီအစဉ်တွေက ရှိထားတော့ အခု H1N1 ကိစ္စ ပေါ်လာတော့ ဒီအတွက် လုပ်ငန်းတွေက လွယ်လွယ်ကူကူ ရှိပါတယ်။”

A-H1N1 ဝက်တုပ်ကွေးဗိုင်းရပ်စ် ပျံ့နှံ့မှုရှိမရှိ ရောဂါရှာဖွေရေး၊ ရောဂါထောက်လှမ်းရေးလုပ်ငန်းစဉ်တွေအနေနဲ့ မြန်မာ နိုင်ငံမှာ တိရစ္ဆာန်တွေအကြား အထူးသဖြင့် ဝက်တွေအကြား ပျံ့နှံ့ဖြစ်နေတဲ့ တုပ်ကွေးပိုးမျိုးတွေကို စူးစမ်း လေ့လာနေပြီး ပုံမှန်မဟုတ်တဲ့ တိရစ္ဆာန်တုပ်ကွေးမျိုးတွေကိုလည်း အစိုးရ တိမွေးကုဌာနနဲ့တွဲပြီး ရောဂါထောက်လှမ်းတာမျိုးတွေ လုပ်နေ တယ်လို့လည်း ပြောပြပါတယ်။

“FAO ဌာနချုပ်နဲ့ ဘန်ကောက်ရုံးခွဲက အကြံပေး တိုက်တွန်းချက်တွေအတိုင်းပဲ အစိုးရရဲ့ တိမွေးကုဌာနနဲ့ တွဲပြီးတော့ ဝက် မွေးမြူရေးခြံတွေကို သွားရောက်ပြောဆိုရတာ၊ ပညာပေးရှင်းလင်းရတာတွေ ရှိပါတယ်။ တုပ်ကွေးနာမည်ကိုက ဝက်နာမည် ပါနေတော့ ဝက်သားဈေးတွေ ကျလာမှာကို သူတို့က စိုးရိမ်ကြပါတယ်။ နောက် ဒုတိယအချက်ကတော့ တိရစ္ဆာန်တွေမှာ အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်လို့ ပုံမှန်မဟုတ်တဲ့ တုပ်ကွေးဗိုင်းရပ်စ် မျိုးစိတ်သစ်တွေ ဘာတွေ တွေ့နေရသလဲဆိုတာ စုံစမ်းစစ်ဆေးရာမှာ တိမွေးကုဌာနကို အကြံပေး ကူညီတာတွေ လုပ်ပါတယ်။ နောက်တခုကတော့ FAO ဌာနချုပ်ရဲ့ အကြံ ပေးချက်အတိုင်း ဝက်တွေမှာတွေ့ရတဲ့ ဗိုင်းရပ်စ်ပိုးမျိုးတွေ ဒီမှာ ဘယ်လိုပျံ့နှံ့ဖြစ်နေသလဲ စစ်တမ်းကောက်ခံပါတယ်။”

လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံမှာ အခု influenza A-H1N1 ဝက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်မှုမရှိဘူးလို့တော့ သူက ခန့်မှန်းပါတယ်။ ဒါပေမဲ့ ကြိုတင်ကာကွယ်မှုအနေနဲ့ ရောဂါပိုး ရှာဖွေစမ်းသပ်ခန်းတွေကိုတော့ ပိုပြီး တိုးမြှင့် ဖွင့်လှစ်ဖို့ လိုမယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG