သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်တုပ်ကွေးရောဂါနဲ့ စီးပွားရေးဂယက်


မေ ၄၊ ၂၀၀၉ - အခုလက်ရှိဖြစ်ပွားနေတဲ့ ဝက်တုပ်ကွေးရောဂါကြောင့် စီးပွားရေးတွေ
ကိုလည်း ထိခိုက်လာနေပါပြီ။ အထိခိုက်ဆုံးက ရောဂါမြစ်ဖျားခံခဲ့တဲ့ မက္ကဆီကိုနိုင်ငံလို့
ဆိုနိုင်ပေမယ့် ကျန်တဲ့နိုင်ငံတွေမှာလည်း ဆုံးရှုံးမှုဒဏ် ခံကြရတာပါပဲ။ ဒီနေ့ခေတ်လို
တကမ္ဘာလုံး ကူးသန်းသွားလာပြီး ဆက်ဆံလုပ်ဆောင်နေကြတဲ့အချိန်မှာ လူကနေ
လူကို ကူးစက်တယ်ဆိုတဲ့ ရောဂါပိုးမျိုးဟာ ကူးသန်းသွားလာတာတွေကို အနည်းအနဲ့
အများတော့ ထိခိုက်စေမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဝက်တုပ်ကွေးရောဂါပိုး
က လူကိုသာမက စီးပွားရေးကိုပါ ဘယ်လို ဒုက္ခပေးနေတယ်ဆိုတာကို ဒီသီတင်းပတ်ရဲ့
စီးပွားရေးကဏ္ဍမှာ စုစည်းတင်ဆက်ထားပါတယ်။

အခုတကြိမ် ဝက်တုပ်ကွေးရောဂါပိုး သန္ဓေစတည်ခဲ့တယ်လို့ဆိုရမယ့် မက္ကဆီကိုနိုင်ငံဟာ မြောက်အမေရိကတိုက်မှာ လူဦးရေ သန်း ၁၀၀ ကျော်ရှိတဲ့ နိုင်ငံကြီးတခုပါ။ စီးပွားရေးအရ အရမ်း အညံ့စားနိုင်ငံစာရင်းထဲမှာ မပါပေမယ့် ဆင်းရဲတဲ့လူဦးရေအချိုးအစား အတော်လေးများတဲ့နိုင်ငံပါ။ ဒီနိုင်ငံမျိုးမှာ ကပ်ရောဂါ ကျရောက်တဲ့အတွက် ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းနဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးတွေ ထိခိုက်မှာကို စိုးရိမ်နေကြရပါပြီ။

အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်မှာ ထောင်သောင်းချီတဲ့လူတွေဟာ နေ့စဉ် ခြေကျင်တမျိုး၊ ကားနဲ့တဖုံ ဟိုဘက် ဒီဘက် ဥဒဟို ကူးသန်းသွားလာနေကြသလို ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ကုန်ပစ္စည်းတွေဟာလည်း ထရပ်ကားကြီးတွေနဲ့ ဝင်ထွက်နေကြစမြဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနှစ်ထဲမှာတင် အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံကြား နယ်စပ်ကုန်သွယ်မှုဟာ ဒေါ်လာ သန်းပေါင်း နှစ်သိန်းကိုးသောင်းသုံးထောင်ရှိခဲ့ပါတယ်။ နယ်စပ်ဖြတ် ကူးသန်းရောင်းဝယ်တာတွေ လုံးဝ ရပ်ဆိုင်းသွားတာမျိုး မဆို ထားနဲ့၊ နည်းနည်းလေးတုန့်နှေးသွားတာမျိုးတောင်မှ နှစ်နိုင်ငံစလုံးကို အကြီးအကျယ် ထိခိုက်နိုင်ပါတယ်။

ဒါ့အပြင် နောက်ထပ် ထိခိုက်ရတာကတော့ ခရီးသွားလုပ်ငန်းနဲ့ ဒီလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ တခြားစီးပွားရေးလုပ်ငန်းတွေပါ။ ဝက်တုပ်ကွေးဖြစ်နေတဲ့အတွက် အပျော်စီးသင်္ဘောတွေ မက္ကဆီကိုဆိပ်ကမ်းတွေမှာ မရပ်တော့ပါဘူး။ ကျူးဘားနဲ့ အာဂျင်တီးနား တို့အပါအဝင် နိုင်ငံတချို့ကလေယာဉ်တွေ မက္ကဆီကိုနိုင်ငံဆီပံျသန်းတာ ရပ်ဆိုင်းထားသလို အခုလိုသာယာတဲ့ ရာသီဥတုမျိုးမှာ မက္ကဆီကိုပင်လယ်ကမ်းခြေတွေမှာ အပန်းဖြေကြတဲ့ အမေရိကန်တွေကလည်း ခရီးစဉ်တွေ ဖျက်ပစ်နေကြပါတယ်။

တကမ္ဘာလုံးမှာ စီးပွားရေးကျဆင်းတာ၊ မူးယစ်ဆေးဝါးနဲ့ဆက်စပ်တဲ့ အကြမ်းဖက်တာတွေကြောင့် နဂိုထဲက ထိခိုက်နေရတဲ့ မက္ကဆီကိုစီးပွားရေးဟာ ဝက်တုပ်ကွေးကြောင့် မိအေးနှစ်ခါနာဖြစ်နေရတယ်လို့ အမေရိကန်နဲ့မက္ကဆီကိုနယ်စပ် El Paso မြို့ လေးက ကောင်စစ်ဝန် Roberto Rodriguez Hernandez ကပြောပါတယ်။ Rodiguez Act:

"ခရီးသွားလုပ်ငန်းကနေ ဝင်ငွေနည်းသွားတာကြောင့် ကျနော်တို့ အထိနာရဖို့ရှိပါတယ်။ တချိန်ထဲမှာပဲ ကျောင်းတွေလည်း ပိတ်၊ စားသောက်ဆိုင်တွေလည်း မဖွင့်၊ ဘားတွေ၊ ရုပ်ရှင်ရုံတွေ၊ နိုက်ကလပ်တွေ အားလုံးပိတ်ထားရတော့ ပြည်တွင်းစီးပွားရေးကိုက ထိနေပါပြီ။"

ဝက်တုပ်ကွေးက အချိန်ကိုက်ပြီးလာလေသလားလို့ တွေးရလောက်အောင်ပါပဲ။ အိမ်မြေဈေးကွက် ကမောက်ကမဖြစ်၊ ဘဏ္ဍာ ငွေကြေးဈေးကွက် ဝရုန်းသုန်းကားနဲ့ပြိုကျ၊ အစုရှယ်ယာဈေးတွေ ဇောက်ထိုးမိုးမျှော် ထိုးကျတဲ့ထိ ဖြစ်ခဲ့ရတဲ့ စီးပွားရေး အကျပ် အတည်းရဲ့ ထုနှက်မှုကနေ ကမ္ဘာကြီးက ခုချိန်ထိ နာလန်မထူနိုင်သေးပါဘူး။

အခုတခါ Swine Flu လို့ခေါ်နေကြတဲ့ ဝက်တုပ်ကွေးဖြစ်လာပြန်တော့ ရောဂါမပြန့်အောင်ဆိုပြီး ရောဂါဖြစ်နေပြီလို့ ကြေညာထား တဲ့နေရာတွေဆီမသွားကြဖို့ ကမ္ဘာတဝန်းအစိုးရတွေက သူတို့နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။ ဒီလိုသတိပေးတာတွေ ကြောင့် နိုင်ငံတကာမှာ ခရီးသွားလာသူတွေ နည်းသွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

တကမ္ဘာလုံးစီးပွားရေးကျဆင်းတာကနေ ဒီနှစ်နှောင်းပိုင်းမှာ အာရှဒေသတွင်း ခရီးသွားလုပ်ငန်း ပြန်ပြီး နာလန်ထူလာတော့မယ် လို့ မျှော်လင့်ထားကြရာကနေ အခုတော့ မျှော်လင့်ချက်တွေ မှေးမှိန်ကုန်ပြီလို့ ပြောလာသူက အာရှ-ပစိဖိတ် ခရီးသွားအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ John Koldowoski ပါ။ Koldowski Act:

"အခုအခြေအနေကတော့ဗျာ၊ ရောဂါကို ဘယ်လောက်မြန်မြန် နှိမ်နင်းနိုင်မလဲ၊ အားလုံး ကင်းရှင်းသွားပြီလို့ ဘယ်လောက် မြန်မြန် ကြေညာနိုင်မလဲ၊ စားသုံးသူတွေရဲ့ယုံကြည်မှုကို ဘယ်လောက်မြန်မြန် ပြန်ရနိုင်မလဲ ဆိုတာတွေပါပဲ။ အကောင်းဆုံးအခြေအနေ ဆိုရင် နှစ်လ သုံးလလောက်နဲ့ ပြန်ကောင်းလာမယ်၊ အဆိုးဆုံးအခြေအနေဆိုရင်တော့ ခြောက်လထက်ပိုပြီးတော့တောင်မှ ကြာသွားနိုင်ပါတယ်။"

စီးပွားရေးကျဆင်းတာကြောင့် မတ်လမှာ ခရီးသွားလာတာတွေ ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း IATA က ဒီသီတင်းပတ်မှာပဲ ပြောပါတယ်။ အာရှပစိဖိတ်ဒေသတွေဆီ ခရီးသွားလာ တာ ၁၄ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး မြောက်အမေရိကတိုက်ဆီ သွားလာတာတွေ ၁၃ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။

တကမ္ဘာလုံးခရီးသွားလာတာ ဒီနှစ်မှာ နှစ်ရာခိုင်နှုန်းကျဆင်းပြီး ၂၀၁၀ ခုနှစ်မှာ ပြန်ကောင်းလာမယ်လို့ IATA က အစောပိုင်းမှာ ခန့်မှန်းထားခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဒီခန့်မှန်းချက်ကို ပြန်ပြင်ရတော့မှာပါ။

၂၀၀၈ ခုနှစ်က လေကြောင်းခရီးသွားလုပ်ငန်းမှာ ဒေါ်လာသန်းပေါင်း ၈၅၀၀ ဆုံးရှုံးခဲ့ရပါတယ်။ ဒီနှစ်မှာတော့ သန်းပေါင်း ၅၀၀၀ လောက်ပဲ ဆုံးရှုံးလိမ့်မယ်လို့ IATA က ခန့်မှန်းထားပါတယ်။ ဒါပေမယ့်လည်း အခု ဝက်တုပ်ကွေးအခြေအနေနဲ့ဆိုရင်တော့ ဒီခန့်မှန်းချက် မှန်ပါဦးမလားဆိုတာ အများကြီးသံသယဖြစ်စရာရှိနေပါတယ်။

တကယ်ကတော့ အာရှတိုက်ဟာ ၂၀၀၃ ခုနှစ်ကလည်း ရောဂါဆိုးတခုကျရောက်ပြီး စီးပွားရေးကျတဲ့ဒဏ်ကို ခံခဲ့ရပါသေးတယ်။ အဲဒီတုန်းကဖြစ်တဲ့ရောဂါကတော့ SARS လို့ခေါ်ကြတဲ့ ကူးစက်ရောဂါပါ။ ဒါ့ကြောင့်လည်း အခုတကြိမ် ဝက်တုပ်ကွေးရောဂါကို စီးပွားရေးပညာရှင်တွေ၊ စီးပွားလုပ်ငန်းရှင်တွေ အနီးကပ် စောင့်ကြည့်နေကြပါတယ်။ အာရှတိုက်ကိုသာ ဒီရောဂါကူးစက်လာမယ်ဆိုရင်တော့ ၂၀၀၃ ခုနှစ် ဆားစ်ရောဂါဒဏ်ခံခဲ့ရတာထက် စီးပွားရေးမှာ ပိုပြီး အထိနာလေမလားလို့ စိုးရိမ်နေကြပါတယ်။

၂၀၀၃ ခုနှစ်အစောပိုင်း သီတင်းပတ်တွေအတွင်းမှာပဲ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်ကနေ ကမ္ဘာတဝန်း ၃၇ နိုင်ငံနီးပါးမှာ ပြန့်နှံ့ ခဲ့တဲ့ ဆားစ်ရောဂါကြောင့် လူပေါင်း ၈၀၀ နီးပါးသေဆုံးခဲ့ရပြီး အဲဒီထဲက ၂၉၉ ယောက်ဟာ ဟောင်ကောင်တနေရာထဲမှာ သေဆုံး ခဲ့ရတာပါ။ ဗိုင်းရပ်စ်ပိုး ဆက်ပြီးပြန့်မသွားအောင် ကျန်းမာရေးလုပ်သားတွေ အပြင်းအထန် ကြိုးစားခဲ့ရတာနဲ့အမျှ ဟောင်ကောင် ရဲ့စီးပွားရေးဟာလည်း လုံး၀ ရပ်ဆိုင်းလုနီးပါးဖြစ်သွားခဲ့ပါတယ်။

အခုဖြစ်နေတဲ့ ဝက်တုပ်ကွေးရောဂါ ပြန့်နှံ့ပုံကြောင့် ဆားစ်ရောဂါထက် ပိုပြီးစိုးရိမ်မိတယ်လို့ ပြောလာသူက ဟောင်ကောင်အခြေ စိုက် စီးပွားရေးသုတေသနလေ့လာသုံးသပ်ရေးဌာနက စီးပွားရေးပညာရှင်ချုပ် Connie Bolland ပါ။ Bolland Act:

"SARS ရောဂါက ဟောင်ကောင်ရဲ့စီးပွားရေးအပေါ် အနည်းအကျဉ်းပဲ သက်ရောက်မှုရှိခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေက ခရီးသိပ်မသွားကြဘဲ အိမ်မှာပဲ အချိန်ကုန်ကြတာများတယ်။ အခုဖြစ်တဲ့ရောဂါက လူအချင်းချင်း ကူးတာဆိုတော့ မထိန်းချုပ်နိုင်ဘူးဆိုရင် ပိုပြီး ဘေးများနိုင်ပါတယ်။ အရမ်းကို စိုးရိမ်ဖို့ကောင်းတဲ့အဆင့်သာ ရောက်သွားမယ်ဆိုရင်တော့ စီးပွားရေးအားလုံးအပေါ် သက်ရောက်မှာပါပဲ။ အဲဒီအချိန်ကျရင် ခရီးသွားလာတာကို ပိတ်ပင်ကန့်သတ်တာတွေ ရှိလာမယ်၊ ဈေးဝယ်တာ ကုန်သွယ်တာတွေ အများကြီးရပ်ကုန်မယ်၊ နယ်စပ်ကုန်သွယ်ရေးတွေ ယုတ်လျော့သွားမယ်။ SARS ထက်ကို ပိုဆိုး သွားမှာပါပဲရှင်။"

ခုချိန်ထိတော့ ဝက်တုပ်ကွေးရောဂါက အာရှ-ပစိဖိတ်ဒေသဘက်ကို ဆိုးဆိုးရွားရွား ကူးစက်တာ မတွေ့ရသေးပါဘူး။ နိုင်ငံတွေက တော့ သတိကြီးကြီးထားပြီး လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နေကြတဲ့သတင်းတွေ ကြားနေရပါတယ်။ မည်သို့ပင် ဖြစ်စေ ဂလိုဘယ်ရောဂါအတွက် ဂလိုဘယ် ပူးပေါင်းဆောင်ရွက်မှု၊ ဂလိုဘယ် ကြိုးပမ်းအားထုတ်မှုတွေ လိုအပ်ပါတယ်။ တဘက် က ပြည်သူလူထု အထိတ်တလန့်မဖြစ်အောင် အာမခံချက်ပေးဖို့လိုသလို တဘက်ကလည်း အသိပေးသင့်တာ၊ သတိပေးသင့်တာ မှန်သမျှ မခြွင်းမချန် အချိန်နဲ့တပြေးညီ အသိပေး သတိပေးနေသင့်ပါတယ်။ ဒီလို ကမ္ဘာနဲ့ချီတဲ့ကပ်ရောဂါမျိုးတွေကို ရင်ဆိုင်တဲ့ နေရာမှာ ကမ္ဘာ့စံချိန်မီ လုပ်နည်းကိုင်နည်း ချဉ်းကပ်နည်းတွေနဲ့ လုပ်ဆောင်သင့်ပါကြောင်းတင်ပြရင်း ဒီသီတင်းပတ်အစီအစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG