သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်က မြန်မာအလုပ်သမားတွေ လခမရလို့ ဆန္ဒပြ


ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့စွန်က တီကေလေး သိုးမွေးစက်ရုံက မြန်မာ အလုပ်သမား ၂၀၀ကျော်ဟာ တနေ့ လုပ်အားခ အပြည်အ၀ မရတာတွေ၊ ကျန်မာရေး ဖူလုံမူ မရှိတာတွေ ရေလုံလောက်စွာ မရတာတွေကြောင့် အလုပ်သမား အခွင့်ရေး ကာကွယ်ရေးရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြောင်းကို မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

လူဦးရေ ၃၀၀ကျော်ရှိတဲ့ တီကေလေး စက်ရုံက အလုပ်သမားတွေဟာ လုပ်အားခ လစာ မရတာ ၂လနီးပါး ရှိတာကြောင့်နဲ့ စက်ရုံတွင်းမှာ ရေလုံလောက်စွာ မရတာတွေကြောင့် အလုပ်ရှင်နဲ့ ညှိနှိုင်းပေးဖို့အတွက် အလုပ်သမား အခွင့်အရေး ကာကွယ်ရေးရုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြနေတဲ့ အလုပ်သမားတွေ ပြောပြတာကတော့

"လခ မပေးရင် ဒုက္ခရောက်တယ်။ စားဝတ်နေရေးလည်း အကျပ်အတည်း ဖြစ်တာပေါ့။ ဒီ ၁၀ရက်နေ့ ဆိုရင် လခ မပေးတာလည်း ၂လ ရှိသွားပြီ။ အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တာတွေကို ထိုင်းဥပဒေနဲ့ အညီ ညှိပေးဖို့ ကျမတို့ တောင်းဆိုကြပါတယ်။"

လုပ်အားခကို ထုတ်တဲ့အခါမှာလည်း သူတို့ချုပ်လုပ်ထားတဲ့ လုပ်အားခ ဘယ်လောက်ဆိုတာ သိခွင့်မပေးတဲ့အပြင် ငွေတွေကို အများအပြား ဖြတ်ပစ်တာမျိုးတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။ သူတို့ကို လုပ်အားခ ဘယ်လောက် ပေးတယ်ဆိုတာကို သိခွင့်မပေးတာက အဆိုးဆုံးပဲလို့လည်း ဆက်ပြောသွားပါတယ်။

"ဒါဇင်စာရိတ်လည်း မပြောဘူး။ ကျမတို့ လခ ထုတ်တဲ့ အချိန်မှာလည်း မသိရဘူး။ ကိုယ့်ရဲ့ လခက ဘယ်လောက်ရလို့ ရမှန်းလည်း မသိရဘူး။"

လူဦးကျော် ၄၀၀နီးပါးရှိပေမဲ့ ရေကား ၂ကား လောက်ကိုပဲ သုံးခွင့်ပေးတာကြောင့် သောက်ရေ သုံးရေ ပြသာနာကို ရင်ဆိုင်ရကြောင်းတွေကိုလည်း ဆက်ပြောသွားပါတယ်။

"ရေလည်း ကျမတို့ လုံလောက်စွာ မပေးဘူး။ ရေကားနဲ့ မောင်းနေတာ။ ကျမတို့ ကမန်းကတမ်း ရေချိုး၊ ရေချိုးပြီး ရင်တောင် အဝတ်လျှော်လို့ မရတော့ဘူး။ ရေကုန်သွားလို့ ရေက တနေ့ကိုမှာ တခါ နှစ်ခါလောက် မောင်းပေးနေတယ်။ လူပေါင်း ၃၀၀ ကျော် ၄၀၀ နီးပါးက ရေကို မြန်မြန်ပဲ ချိုးလိုက်ရတယ်။ အဝတ်လည်း လျှော်ဖို့လည်း ရေ မရဘူး။ သင်္ကြန်ရက်တွေ အတွင်းမှာဆိုရင် သောက်ရေရော၊ သုံးရေ ကိုပါ အကုန်လုံး ဖြတ်ပြစ်လိုက်တယ်။"
ဆန္ဒပြတဲ့နေရာကို ရောက်သွားတဲ့အချိန်မှာ အလုပ်ရှင်နဲ့ အလုပ်သမား အခွင့်အရေး ကာကွယ်ရေးရုံးက ဝန်ထမ်းတွေက သတင်းထောက်တွေကို ခေါ်လာတဲ့အတွက် ရဲနဲ့ ဖမ်းခိုင်းမယ်ဆိုပြီး အလုပ်သမားတွေကို ခြိမ်းခြောက်မှု လုပ်ခဲ့ပါတယ်။ အလုပ်သမား အခွင့်အရေး ကာကွယ်ရေး ရုံးက ဝန်ထမ်း တချို့ ထွက်လာပြီး ဆန္ဒပြနေသူတွေနဲ့ သတင်းထောက်တွေကို အဓိကထားပြီး ဓါတ်ပုံရိုက်တာတွေလည်း လုပ်ပါတယ်။ ရဲတွေရောက်လာပေမဲ့ စုံစမ်းမေးးမြန်းပြီး ပြန်သွားတာပါတယ်။ ဆန္ဒပြတဲ့ အလုပ်သမားတွေကလည်း တရားဝင် လက်မှတ်များ ကိုင်ဆောင်ထားသူတွေ ဖြစ်တဲ့အတွက် ဖမ်းဆီးဖို့လည်း ခက်ခဲမူ ရှိပါတယ်။ စက်ရုံ တရုံလုံးက လာချင်ပေမဲ့ ရဲဖမ်းမှာကို စိုးရိမ်ပြီး အလုပ်သမား လက်မှတ်မရှိသူများကို ခေါ်မလာဘူးလို့ ဆနပြသူတွေက ပြောပါတယ်။ နေ့လည်ပိုင်း ရောက်တဲ့အခါမှာတော့ အလုပ်ရှင်နဲ့ အလုပ်သမားတွေက အလုပ်သမား အခွင့်အရေး ကာကွယ်ရေး ရုံးနဲ့ ညှိနှိုင်းမူ လုပ်ခဲ့ပြီး ၂၀ရက်နေ့မှာ ဧပြီလ လစာကို အရင်ပေးမှာ ဖြစ်ပြီး လာမယ့် ၂၀ရက်နေ့အထိ စားဖို့အတွက် ဟင်း စီစဉ်သွားပေးမယ်လို့ ကတိပေးခဲ့ပြီး တရားဝင် တနေ့ လုပ်အားခ ၁၅၁ဘတ် ပေးဖို့ ကိစ္စကိုတော့ ၂၁ရက်နေ့မှ ဆက်ညိုနှိုင်း သွားမယ်ဆိုပြီး အလုပ်ရှင်ဘက်က ပြောသွားပါတယ်။

အလုပ်သမားတွေလည်း မနက်ဖြန်မှာ အလုပ် ပြန်ဆင်းပြီး၂၀ရက်နေ့မှာ ရမယ့် လုပ်အားခနဲ့ ၂၁ရက် ဆွေးနွေးပွဲကို ဆက်ပြီး ကြည့်သွားမယ်လို့ ပြောဆိုသွားပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG