သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရပြစ်မှု စုံစမ်းဖို့ ဗြိတိသျှ ပါလီမန်အမတ်တွေ အဆိုပြု


မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဟုတ်မဟုတ် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး စစ်ဆေးပေးဖို့ ဗြိတိသျှ ပါလီမန်အမတ်တွေက ဒီနေ့ပဲ ဗြိတိသျှ ပါလီမန်မှာ အဆိုပြု တင်သွင်းလိုက်ပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒီအဆိုကို မြန်မာ့ဒီမိုကရေစီရေးအတွက် ပါတီစုံပါတဲ့ ဗြိတိသျှ ပါလီမန်အမတ်များအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ အောက်လွှတ်တော် အမတ် ဂျွန်ဘကောင်းက ဦးဆောင်တင်သွင်းသွားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဒီအဖွဲ့အနေနဲ့ မကြာမကြာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုဖူးပါတယ်။ ဒီနေ့ ဗြိတိသျှပါလီမန် မှာ တင်သွင်းတဲ့ မြန်မာ့အရေး အဆိုပြုချက်နဲ့ ပတ်သက်ပြီး CSW နိုင်ငံတကာ ခရစ်ယာန် သွေးစည်းညီညွတ်ရေးအဖွဲ့ရဲ့ ပြောခွင့်ရသူတဦးဖြစ်တဲ့ အလစ်ဇာ ပါပါဒိုးရပ်စ်ကို မေးမြန်းခဲ့ပါတယ်။

ဗြိတိသျှလွှတ်တော်ထဲမှာ ဒီနေ့ မြန်မာ့အရေး အဆိုပြုချက်ကို ဗြိတိသျှလွှတ်တော်အမတ် ဘယ်လောက်လောက် ထောက်ခံ ခဲ့ကြပါသလဲ။

“ဗြိတိသျှ ပါလီမန်အမတ်တွေရဲ့ ဒီအဆိုပြုချက်ကို လွှတ်တော်အမတ် ၆၀ ကျော်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီ အဆိုပြုချက်ထဲမှာ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်တရပ်အနေနဲ့ မြန်မာနိုင်ငံအတွင်း လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးပေးဖို့ နိုင်ငံတကာအစိုးရတွေကို တောင်းဆိုထားတာပါ။ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အချိန်ကလည်း သီတင်း ၂ ပတ်လောက်ပဲ ကျန်တော့တာမို့ ဒီအချိန်ဟာ အချိန်အခါကောင်းပါပဲ။”

အခုလိုမျိုး မြန်မာနိုင်ငံတွင်းက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဟုတ်မဟုတ် ဒါကို စုံစမ်းစစ်ဆေးပေးဖို့ဆို ရင် အချက်အလက်တွေက ဘယ်လောက်အထိ အခိုင်အမာရှိလို့ပါလဲ။

“မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းမှာ အရပ်သား ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တဲ့ အချက်အလက်တွေကို စုဆောင်းတင်ပြထားတဲ့ အစီရင်ခံစာတွေ အများကြီးရှိထားပြီးသားပါ။ ဒါတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေ ဖြစ်တယ်လို့ ယူဆနေသူတွေ၊ ယုံကြည်နေသူတွေလည်း အများကြီးရှိပါတယ်။ ဒီအဖြစ်အပျက်ဆိုးတွေ ကို ကျမတို့ CSW အနေနဲ့ မှတ်တမ်းပြုစုထားတာ ရှိသလို တခြားလူ့အခွင့်အရေးအဖွဲ့တွေမှာလည်း မှတ်တမ်းမှတ်ရာတွေ အများကြီးရှိပါတယ်။”

ပြဿနာတခုကတော့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာ့အိမ်နီးချင်း တရုတ် အပါအဝင် အာဆီယံနိုင်ငံ တော်တော်များများက ဒါတွေဟာ ပြည်တွင်းရေးပဲဖြစ်တယ်ဆိုပြီး တစိုက်မတ်မတ် ပြောနေတာ ရှိပါတယ်။ တကယ်တမ်း ကုလသမဂ္ဂအနေနဲ့၊ နိုင်ငံတကာအနေနဲ့ ဒီပြဿနာတွေဟာ Crimes against Humanity လူသား မျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဟုတ်မဟုတ်ဆိုတာ စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့ရေးမှာ နိုင်ငံတကာအားလုံးက ပါဝင်လာနိုင်ပါ့မလားခင်ဗျ။

“ဒီလိုဖြစ်ပျက်နေတာတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လက်ခံအသိအမှတ်ပြုဖို့ တာဝန်ရှိပါတယ်။ ဒီရာဇဝတ်မှု တွေအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ထားဖို့ ကြိုးပမ်းရမယ့်အချိန် ရောက်နေပါပြီ။ မြန်မာပြည်သူ တွေအနေနဲ့ ဆက်ပြီးဖိနှိပ်ခံဖို့ မဖြစ်နိုင်တော့ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း သိသိသာသာကြီးကို ပေါ်လွင်နေတာပါ။ ဒီတော့ တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို တရားဥပဒေနဲ့အညီ အရေးယူဖို့အတွက် ကမ္ဘာတဝန်းနိုင်ငံ အသီးသီးရဲ့ အစိုးရတွေမှာ လုံး၀ တာဝန်ရှိပါတယ်။”

ဗြိတိသျှနိုင်ငံအခြေစိုက် CSW က ပြောခွင့်ရသူတဦးဖြစ်တဲ့ အလစ်ဇာ ပါပါဒိုးရပ်စ် ရှင်းပြသွားတာ ဖြစ်ပါတယ်။

သူတို့အနေနဲ့ မြန်မာနိုင်ငံအတွင်းက အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ Crimes against Humanity လူသား မျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဟုတ်မဟုတ်ဆိုတာ နိုင်ငံတကာအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့၊ ဒီကနေပြီး ICC
နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးအထိ တင်သွင်းဖို့ ကြိုးစားသွားမယ်လို့လည်း သူမက ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG