သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရလုပ်ရပ်ကြောင့် ကရင်ပြည်နယ် ရိက္ခာရှားပါး


ကရင်ပြည်နယ် တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဖာပွန်ခရိုင် စတဲ့ နေရာဒေသအသီးသီးမှာ ရှိတဲ့ ကရင်လူထုတွေဟာ စစ်အစိုးရရဲ့ လူအခွင့်အရေး ချိုးဖောက်မူတွေကြောင့် စားနပ်ရိက္ခာ အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့အကြောင်း ကရင် လူ့အခွင့်အရေး ကော်မတီ (KHRC) က ပြောကြားလိုက်ပါတယ်။ ဒါဟာ စစ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့လည်း ဆက်စပ်နေတယ် လို့ သူတို့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ KHRC အနေနဲ့ ဘာကြောင့် အခုလို ပြောဆိုနိုင်တာလဲ ဆိုတာကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ စစ်အစိုးရရဲ့ ထိန်းချုပ်မူအောက်မှာနေရတဲ့ လူထုတွေရော၊ စစ်ပြေးရင်း အိုးအိမ်အိမ်မဲ့ နေထိုင် နေရတဲ့ လူထုတွေပါ အခုအခါမှာ စားနပ်ရိက္ခာ အခက်အခက်တွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ “Food Crisis” လို့ အမည်ရတဲ့ အစီရင်ခံ ထုတ်ထားတဲ့ ကရင်လူ့အခွင့်ရေးအုပ်စုက သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါမှာ ပြောရေးဆိုခွင့်ရှိသူ စောအဲလ်ဘတ် က ပြည်တွင်းက စစ်အစိုးရလက်အောက်မှာ နေရတဲ့ လူထုတွေရဲ့ အကျပ်အတည်းကို အခုလို ပြောပြပါ တယ်။

“နအဖ စစ်အစိုးရရဲ့ လက်အောက်မှာနေနေရတဲ့ ပြည်သူလူထုတွေဟာ အတင်းအဓမ္မ ခိုင်းစေမှုတို့၊ တရားနည်းလမ်း မကျ တဲ့ အခွန်ကောက်စနစ်တို့၊ ဒီ စစ်အစိုးရ တပ်သားတွေ ရွာထဲကိုဝင်လို့ရှိရင် ရွာသားတွေ မွေးထားတဲ့ ကြက်ဝက် အိမ်မွေး တိရစ္ဆာန်တွေကို ခိုးတာဝှက်တာတို့၊ သူတို့ရွာထဲဝင်လို့ တွေ့တဲ့ဟာကို တောင်းစားတာတို့ ဘာတို့ပေါ့၊ အဲဒါတွေက တခုရယ်။ နောက်ပြီးတော့ လယ်မြေသိမ်းတာတို့၊ သွားလာရေးခက်ခဲအောင် တင်းကျပ်တာတို့၊ ရွာတွေကို အတင်းအဓမ္မ ရွှေ့ပြောင်း တာတို့၊ အဲဒါတွေက ပေါင်းစပ်ပြီးတော့ သူတို့တွေအတွက် စားနပ်ရိက္ခာ ပြတ်တာတို့ ဖြစ်လာတယ်။”

အမဲရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့ ပြည်တွင်းစစ် ဖြစ်နေတဲ့နေရာမှာ နေရတဲ့ လူထုအခြေအနေကလည်း ပိုဆိုးတယ်လို့ ဆိုပါတယ်။ စားသောက်ရေးအတွက် စိုက်ပျိုးချိန်မရှိဘဲ ပြေးလွှားပုန်းခိုနေရတာတွေ သူတို့နယ်မြေတွေမှာ စိုက်ပျိုး စားသောက်လို့ရတဲ့ တောင်ယာတွေမှာ စစ်ပွဲတွေရဲ့ ပဋိပက္ခတွေကြောင့် မိုင်းထောင်တာတွေ အပါအဝင် လုပ်ကိုင် စားသောက် လို့ မရအောင် အခြေအနေတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“သူတို့ ကြုံတွေ့နေရတဲ့ ဒုက္ခအခက်အခဲတွေ ပြဿနာတွေက နအဖ ရဲ့ တိုက်ခိုက်မှုကြောင့်ပေ့ါ။ နောက်ပြီးတော့ စပါးကျီ တွေ မီးရှို့တာတို့၊ ဖျက်ဆီးတာတို့၊ နအဖ စစ်အစိုးရရဲ့ တိုက်ခိုက်မှုကြောင့် သူတို့က ထွက်ပြေးနေရတော့ သူတို့ရဲ့ စပါးခင်း တွေမှာ အလုပ်လုပ်လို့မရတာက တကြောင်းရယ်၊ နောက်ပြီးတော့ မိုင်းထောင်ထားတာတွေ၊ တရွာနဲ့တရွာ သွားလို့မရ အောင် ပိတ်ဆို့တာတွေကို လုပ်တဲ့အချိန်မှာ ရွာသူရွာသားတွေဟာ ဥပမာ ရိတ်သိမ်းချိန်ရောက်ပြီ ဆိုရင် နအဖ က တက်လာတဲ့အခါကျတော့ သူတို့က ရွာထဲသွားပြီးတော့ စပါးမရိတ်နိုင်ကြဘူးလေ။ ရိတ်လည်း မရိတ်အားဘူး။ သွားလည်း မသွားရဲဘူးလေ။ အဲဒီအခါကျတော့ ရှိတဲ့စပါးတွေက တောဝက်တွေ ဖျက်တာတို့ မိုးရွာလို့ ပျက်စီးသွားတာတို့၊ ကြက်တွေ ဖျက်ဆီးသွားတာတို့ အဲဒီလို ဖျက်ဆီးတာ ခံရတာပေါ့။ အဲဒါလည်း ပါတယ်။ ဒါမဟုတ် နအဖ က ရွာကို မီးရှို့သွားတာတို့။ အဲဒီလိုမျိုးတွေပေါ့။ နောက်တော့ သူတို့အတွက် စားနပ်ရိက္ခာ မဖူလုံတာ၊ ပြတ်လပ်တာတွေ ဖြစ်လာရတာပေါ့။”

အခုလိုအကျပ်အတည်းတွေကြောင့် စားနပ်ရိက္ခာ ရှားပါးမူတွေ ဖြစ်လာပြီး လူထုတွေ အနေနဲ့ ဝလင်အောင် မစားနိုင်တာ ကျန်းမာရေးအတွက်တောင်မှ လုံလောက်အောင် မစားနိုင်တာတွေကြောင့် လူထုတွေလည်း အဟာရချို့တဲ့တာတွေ ဖြစ်လာ ခဲ့တယ်လို့ ဆိုပါတယ်။ အခုဆိုရင် မြန်မာစစ်အစိုးရတပ်တွေက တိုးချဲ့ နေရာယူလာတာတွေကြောင့် သူ့တို့ စိုက်ပျိူး စားသောက်နေရတဲ့ တောင်ယာတွေကို စွန့်ခွာတာတွေ လုပ်ခဲ့ရပြီး စားဝတ်နေရေး ပိုမိုဆိုးရွားလာတယ်လို့ ဆိုပါတယ်။

စစ်ဘေးကို ပြေးလွှားပုန်းခိုရင်း အကူအညီပေးရေး အဖွဲ့တွေဆီက အစားအသောက်တွေ လက်ခံမိရင်လည်း စစ်အစိုးရ ဘက်က သူပုန်အားပေးတယ် ဆိုပြီး ညှင်းပမ်းနှိပ်စက်မူတွေ ခံရတာကြောင့် အကူအညီ မယူရဲတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ကရင်လူအခွင့်အရေး အဖွဲကတော့ နိုင်ငံတကာအနေနဲ့ ကရင်လူထုတွေရဲ့ စားနပ်ရိက္ခာ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ဖို့အတွက် အကူအညီတွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG