သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချို့ယွင်း


နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန် ဆေးဝါး ကုသပေးနေတဲ့ ဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်း လည်း အထိန်းသိမ်းခံ ထားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေနဲ့ ဒေါက်တာ
တင်မျိုးဝင်း ဘာကြောင့် အထိန်းသိမ်းခံရတာလဲ ဆိုတာတွေကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အခြေအနေကတော့ အတော့်ကို ရှုပ်ရှုပ်ထွေးထွေး ရှိနေတယ်လို့ပဲ ပြောရမှာပါ။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး သူသိထားတာကို အခုလိုပြောပြပါတယ်။

“ကျနော် သိသလောက်လေ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်က pressure low ဖြစ်နေတာပေါ့။ နောက်ပြီးတော့ ရေဓါတ်လျော့နည်းတဲ့ အခြေအနေ တွေ့တယ်လို့ ပြောတယ်။ မနေ့ကပဲ အားဆေးသွင်းတယ်။ ဆက်ပြီးတော့လည်း သွင်းဖို့လိုတယ်လို့ ပြောတော့ အခု လောလောဆယ် ကျန်းမာရေးမကောင်းဘူးလို့ပဲ ပြောရမှာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း က အဖမ်းခံထားရတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရော လောလောဆယ် ဒေါက်တာ တင်မျိုးဝင်း က အိမ်ပြန်ရောက်ပြီလား။ ဘာကြောင့် အဖမ်းခံရတာလဲ။ ဘယ်နေ့ကရော အဖမ်းခံရတာလဲ၊ -

“၇ ရက်နေ့မှာ တွေ့ဖို့ သူတို့ အဲဒီခြံနားကို သွားတယ်။ တွေ့ရမယ့်သဘော ပြောတယ်။ စောင့်ပါဆိုတာနဲ့ ညနေ ၅ နာရီ လောက်ထိ ဘာမှမတွေ့ရဘူး။ မတွေ့ရတော့မှ ပြန်လာတယ်။ ပြန်လာပြီးတော့မှ လာခေါ်သွားတာ။ ၇ ရက်နဲ့ ညပိုင်း ၆ နာရီဝန်းကျင် လောက်မှာ ပြောစရာရှိလို့ ဆိုပြီး ခေါ်သွားတယ်။ ခေါ်သွားပြီးလို့ သုံးနာရီ လေးနာရီလောက် ကြာပြီးတော့ သူ ပြန်မလာရဘူး၊ သူ သုံးနေကျ ဆေးနဲ့ အဝတ်အစား လာယူတယ်။ မနေ့က တခါ ၈ ရက်နေ့ပေါ့။ တခါ အဝတ်အစား လာယူ တယ်။ မနေ့က ညအထိတော့ ပြန်မရောက်သေးဘူး။ ဆိုတော့ ဒါက under detention ပေါ့လေ။ ထိန်းသိမ်းခံထားရတဲ့ အခြေအနေမှာ ရှိပါတယ်။ ၈ ရက်နေ့ကျတော့ ဆရာ့ရဲ့ လက်ထောက် ဒေါက်တာ ပြုံးမော်အေး ကို ဒေါ်အောင်ဆန်းစုကြည် ကို ဝင်ရောက် ဆေးစစ်ခွင့် ပြုတယ်။”

ဟုတ်ကဲ့။ ရေကူးဝင်တဲ့ နိုင်ငံခြားသားနဲ့ပတ်သက်ပြီးတော့ နောက်ဆုံး ဆရာတို့ သိထားတာ ဘာများ ရှိပါသလဲခင်ဗျ။ -

“အဲဒါနဲ့ပတ်သက်ပြီးတော့ ဘာမှ သတင်းထပ် မရဘူး။”

သံရုံးက တွေ့ခွင့်တောင်းတယ် ဆိုပြီးတော့ ကျနော်တို့ သတင်းတွေမှာ တွေ့ရပါတယ်။ သံရုံးနဲ့လည်း တွေ့ခွင့်မရဘူး ပြောတယ်။ -

“သံရုံးကတော့ ကျနော်တို့လည်း မေးပါတယ်။ သံရုံးကတော့ သူတို့ ဝန်ကြီးဌာန နှစ်ခုပေါ့လေ။ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးကို မေတ္တာရပ်ခံထားတယ်။ ဘာမှ မထူးသေးဘူးလို့ သူတို့ ပြောပါတယ်။”

ဟုတ်ကဲ့။ မနေ့ကတုန်းက ရန်ကုန်ကလာတဲ့ သတင်းတပုဒ်မှာ ကျနော်တို့ တွေ့ရတာက ဒီ နိုင်ငံခြားသား ရေကူးဝင်လာတဲ့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် သိတဲ့ဆိုတဲ့ သဘောမျိုး သတင်းမှာ တွေ့ရပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဒါကို လက်မခံဘူးပေါ့နော်။ ဒါ တရားမဝင်ဘူး ဆိုတာ ပြောတယ်။ ဆိုတော့ အဲဒီဟာလေးနဲ့ ပတ်သက်လို့ရော ဘာများ တခုခု ပြောနိုင်မလဲ။ သတင်းက အဲဒီနေရာမှာ တော်တော်လေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာကို ကျနော်တို့ တွေ့ရတယ်ပေါ့။ -

“ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ် မရှိလို့ဗျ။ ဒေါ်အောင်ဆန်းစုကြည်နဲ့သာ အဆက်အသွယ်ရှိရင် သူက ကိစ္စတွေကို အမှန်အတိုင်း ပြောတတ်တဲ့ ခေါင်းဆောင်ပါ။ မမှန်တာ မပြောဘူး။ မှန်တာပြောမှာပဲ။ ထိမ်ချန်မှာလည်း မဟုတ်ဘူး။ အဲဒီတော့ ခုနက သတင်းက သူ့ဆီက တိုက်ရိုက်ရတယ်ဆိုရင်တော့ ဒါ မှန်တယ်လို့ ပြောရမှာပဲ။ ဒါပေမယ့် ကျနော်တို့ မသိပါဘူးခင်ဗျာ။”

ဟုတ်ကဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အခုချိန်မှာ ကိုယ့် ခေါင်းဆောင်တယောက် နေအိမ်အကျယ်ချုပ်ကျတယ်။ ဒီလို အဖြစ်အပျက်တွေ ဖြစ်နေတယ်။ အဲန်ကယ်လ်တို့အနေနဲ့ ဒီလိုအချိန်မှာ အဖြစ်ချင်းဆုံးပေါ့ လိုချင်တာက ဘာပါလဲခင်ဗျ။ အဖြစ်သင့်ဆုံးကရော ဘာလို့ ယူဆပါသလဲ။ -

“အဖြစ်ချင်ဆုံး အဖြစ်သင့်ဆုံးက ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းကြာလှပြီ။ သိပ်ကောင်းတဲ့ အကြောင်းပြချက်လည်း မရှိဘဲနဲ့ ထိန်းသိမ်းနေတာ။ ဒီ ၂၇ ရက်နေ့ ဆိုရင်လည်း ၆ နှစ်ပြည့်ပါပြီ။ အဲဒီတော့ အခုလို ပြဿနာတွေ၊ လုံခြုံရေး ကောင်းတယ် မကောင်းတယ် တို့၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးတို့ ဒီလို အခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးခြင်းအားဖြင့် လက်ရှိ ကျနော်တို့ အုပ်ချုပ်ရေး စစ်ခေါင်းဆောင်များ အနေနဲ့လည်း ဂုဏ်သိက္ခာ ရှိပါတယ်လို့ အဲဒါပဲ ပြောချင်ပါတယ်။”

အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပါ။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့အပေါ် တင်သွင်းခဲ့တဲ့ အယူခံလွှာကို မြန်မာစစ်အစိုးရက ဒီသီတင်းပတ် ထဲမှာ ပယ်ချထားပါတယ်။ ၂၀၀၃ ခုှနှစ်၊ မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲရင်းမြို့နားမှာ အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် နေအိမ်အကျယ်ချုပ် ချထားခဲ့တာမို့ ဒီလဟာ ထိန်းသိမ်းခံကာလ ခြောက်နှစ်ပြည့်မြောက်တဲ့လ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လက်ရှိဥပဒေအရ ပြန်လွှတ်ပေးရတော့မယ့်အချိန် ရောက်နေပြီဖြစ်ပါတယ်။

ဒီကနေ့ညနေ မြန်မာစံတော်ချိန် ၄ နာရီလောက်က ဆက်သွယ်မေးမြန်းခဲ့ချိန် အထိတော့ ဒေါက်တာတင်မျိုးဝင်း အိမ်ပြန် မရောက်သေးသလို သူ့ကို ဘာကြောင့်ဖမ်းထားတယ် ဆိုတာကိုလည်း မသိရသေးပါဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ အင်းလျားကန်ကို ဖြတ်ပြီး ရေကူးဝင်ရောက်ခဲ့တယ် ဆိုတဲ့ နိုင်ငံခြားသားနဲ့ ပတ်သက်လို့ လည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီကနေ့ ရန်ကုန်ကလာတဲ့ အေပီသတင်းတပုဒ်မှာတော့ သတင်းစာထဲမှာ ဖော်ပြထားတဲ့ အဲဒီလူရဲ့ နောက်ဆုံးနာမည် စာလုံးပေါင်း လွဲနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပြောတာ ကို ကိုးကားဖော်ပြထားပြီး သူနဲ့တွေ့ခွင့်ရဖို့ သံရုံးက ကြိုးစားနေဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ၊ နေအိမ်အကျယ်ချုပ်သက်တမ်း ပြည့်မြောက်တော့မယ့်ကိစ္စ၊ ဒေါက်တာတင်မျိုးဝင်းကို ထိန်းသိမ်း ထားတဲ့ကိစ္စ၊ ရေကူးဝင်ရောက်တယ် ဆိုတဲ့ နောက်ဆက်တွဲအခြေအနေ စတာတွေနဲ့ပတ်သက်လို့ မြန်မာအာဏာပိုင်တွေ ဘက်ကနေ အခုချိန်ထိ ရှင်းရှင်းလင်းလင်း ပြောကြားတာမျိုး မတွေ့ရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG