သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သတင်းထောက် ၂ ဦး မြန်မာအစိုးရ ပြည်နှင်ဒဏ်ပေး


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဝင်းထဲကို ရေကူး
ဝင်ရောက်တဲ့ အမေရိကန် နိုင်ငံသားတဦးကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းတွေ
ထွက်ပေါ်နေချိန်မှာပဲ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အမေရိကန်သတင်းထောက်
၂ ဦးကိုလည်း နိုင်ငံက နှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်စင်တာက စီစဉ်တဲ့
စာနယ်ဇင်းသင်တန်းတခုကို ပို့ချအပြီး သူတို့ ၂ ဦးကို မန္တလေးမြို့မှာ အာဏာပိုင်တွေက
ထိန်းသိမ်းပြီး နိုင်ငံက ထွက်ခွာခိုင်းခဲ့တာပါ။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့
ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့မှာ ဒေသခံ သတင်းသမားတချို့အတွက် စာနယ်ဇင်း
သင်တန်း ပေးခဲ့ကြတဲ့ အမေရိကန် ဓာတ်ပုံသတင်းထောက် တဦးဖြစ်တဲ့ ဂျယ်ရီ
ရက်ဒ်ဖန်း (Jerry Redfern) နဲ့ ဇနီးသည်ဖြစ်သူ ကာရန်း ကုတ်စ် (Karen Coates) တို့
၂ ဦးကို အာဏာပိုင်တွေက နိုင်ငံတွင်းကနေ မောင်းနှင်ထုတ်ခဲ့တာပါ။ မန္တလေးမြို့မှာ
ဗုဒ္ဓဟူးနေ့က သူတို့ ၂ ဦးကို ထိန်းသိမ်းပြီး ချက်ချင်းဆိုသလို နောက်တနေ့ပဲ ရန်ကုန်မြို့
ကတဆင့် နိုင်ငံကနေ ထွက်ခွာခိုင်းခဲ့တာလို့ အခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို
ပြန်ရောက်နေတဲ့ သူတို့ ၂ ဦးက ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောလိုက်ပါ
တယ်။ ဘာအကြောင်းကြောင့်ဆိုတာ အာဏာပိုင်တွေဘက်က ရှင်းမပြပေမယ့်
သူတို့ကို အစိုးရရုံးစိုက်ရာ နေပြည်တော်က တိုက်ရိုက်ညွှန်ကြားချက်အရ ဆိုပြီးတော့
သာ ပြောတယ်လို့လည်း ဆိုပါတယ်။

တကယ်တော့ မန္တလေးမြို့မှာ အမေရိကန်စင်တာက စီစဉ်တဲ့ စာနယ်ဇင်းသင်တန်း
ပေးနေချိန် အထူးရဲတပ်ဖွဲ့က လာပြီး အကဲခတ်တာတွေ ရှိခဲ့ပေမယ့် အစောပိုင်းမှာ
တစုံတရာ အနှောင့်အယှက်ပေးတာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း
သင်တန်းအပြီး ဗုဒ္ဓဟူးနေ့ ညပိုင်းကျမှ ပစ္စည်းတွေသိမ်းဖို့ လူဝင်မှုကြီးကြပ်ရေး
အရာရှိတွေက လာပြီးညွှန်ကြားခဲ့တယ်၊ အဲဒီနောက် ရန်ကုန်ကို ရထားနဲ့ ချက်ချင်း
ဆိုသလို ခေါ်သွားပြီး လေယာဉ်ပေါ် တင်ပေးခဲ့တာလို့လည်း သူတို့က ပြောပါတယ်။
သူတို့ ၂ ဦးအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း အလားတူ သင်တန်းတွေ ပို့ချ
ဘူးပြီးတော့ ဒီတကြိမ်မှာလည်း မြန်မာစစ်အစိုးရရဲ့ ဆင်ဆာအဖွဲ့နဲ့ အထူးရဲတပ်ဖွဲ့တို့
ကလည်း လက်ခံထားပြီးသားလို့ ဆိုပါတယ်။

သတင်းလုပ်ငန်းအတွက် အခုလို ရောက်လာပေမယ့်လို့ စာနယ်ဇင်းလွတ်လပ်ခွင့်မရှိတဲ့
နိုင်ငံတနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ မြန်မာနိုင်ငံ အနေနဲ့ကတော့ စာနယ်ဇင်း
သမားတွေကို လက်ခံလေ့ သိပ်မရှိဘူးလို့လည်း အခုအဖြစ်အပျက်နဲ့ ပတ်သက်လို့
မြန်မာနိုင်ငံက စာနယ်ဇင်းသမားတဦးက မှတ်ချက်ပေးပါတယ်။

“ဘာပြဿနာဖြစ်လဲတော့ မသိရဘူး။ ကျနော်သိသလောက် ဒီဆရာလင်မယားကတော့
အေးအေးဆေးဆေးပါပဲ။ သူတို့တည်းတဲ့ မန္တလေးစီးတီးဟိုတယ်ကို ည ၉ နာရီလောက်
လာခေါ်သွားပြီး ညတွင်းချင်းပဲ ရထားနဲ့ ရန်ကုန်ကိုလိုက်ပို့တယ်။ အမှန်က သူတို့က
နောက်တရက်မှပြန်ရမှာ။ အဲဒါကို လက်မခံဘဲ ခေါ်သွားတာ။ ဒီမှာက ဂျာနယ်လစ်တွေ
ဆို သိပ်ပေးဝင်တာမှ မဟုတ်တာ။”

မြန်မာနိုင်ငံက စာနယ်ဇင်းသမားတဦး ပြောပြသွားတာ ဖြစ်ပါတယ်။

အခုအဖြစ်အပျက်ဟာဆိုရင် အမေရိကန် နိုင်ငံသားတဦး ဒေါ်အောင်ဆန်းစုကြည်
နေအိမ်ကို ဥပဒေမဲ့ ဝင်ရောက်ခဲ့လို့ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်ဆိုပြီး
မြန်မာစစ်အစိုးရက ပြောဆိုထားချိန်နဲ့လည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားခဲ့တာပါ။
နိုင်ငံက ပြန်လည်ထွက်ခွာလာကြရတဲ့ သတင်းစာသမား ၂ ဦးကတော့ ဒေါ်အောင်ဆန်း
စုကြည် နေအိမ်ဝင်းထဲက ဖြစ်ရပ်ရဲ့ အကျိုးဆက် ဖြစ်ကောင်းလည်း ဖြစ်လိမ့်မယ်လို့
ဆိုပေမယ့် တကယ့်အကြောင်းရင်းမှန်ကို သူတို့အနေနဲ့ ဘယ်လိုမှ သိခွင့်မရခဲ့ဘူးလို့
လည်း ပြောပါတယ်။ ဒါပေမယ့်လို့ သူတို့ ၂ ဦးရဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ရော
ဘာအကြောင်းကြောင့် အခုလို ထွက်ခွာခိုင်းရတယ် ဆိုတာမျိုးတွေနဲ့ ပတ်သက်လို့ရော
အာဏာပိုင်တွေဘက်က တစုံတရာ ပြောတာဆိုတာမျိုးတော့ မကြားရပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG