သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အမေရိကန်အစိုးရ စိုးရိမ်


မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မိတယ်လို့ အမေရိကန် အစိုးရက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆရာဝန်နဲ့ ထပ်မံတွေ့ခွင့်ပေးပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ အမြန်ဆုံးပေးဖို့နဲ့ သူမရဲ့ရှေ့နေနဲ့ တွေ့ခွင့်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဖမ်းဆီးခံနေရတဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အမေရိကန် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ် (Mitch McConnell) က တောင်းဆိုလိုက် ပါတယ်။ အကြောင်းစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး
အမေရိကန်အစိုးရက စိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက
ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သွေးပေါင်ချိန်ကျပြီး ရေဓာတ်လျော့နည်းနေတာကြောင့် လိုအပ်တဲ့ ဆေးဝါးကုသ စောင့်ရှောက်မှုတွေ အမြန်ဆုံးပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီယန် ကယ်လီ (Ian Kelly) က အခုလို ပြောကြားလိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေပြီး အခုလက်ရှိ သူ့ရဲ့ မူလ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းဟာလည်း အထိန်းသိမ်းခံနေရတဲ့သတင်းအပေါ်မှာ အမေရိကန်အစိုးရအနေနဲ့ စိုးရိမ်ပူပန်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ တွေ့ဆုံပြီးတော့ ဆေးဝါးကုသမှု ခံယူခွင့် ရဖို့ စစ်အစိုးရကို တိုက်တွန်းပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို သူမရဲ့ရှေ့နေဖြစ်သူနဲ့လည်း တွေ့ဆုံခွင့်ပေးဖို့ စစ်အစိုးရကို ထပ်မံတောင်းဆိုပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တဲ့ ဆေးဝါကုသမှုတွေပေးဖို့ အခုလို တောင်းဆိုလိုက်တဲ့ တချိန်တည်းမှာပဲ သူမနဲ့အတူ စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့ကိုလည်း အမေရိကန် အစိုးရက တောင်းဆိုလိုက်ပါတယ်။ အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ် မစ်ချ်မက်ကောနဲလ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအတွက် စိုးရိမ်ပူပန်ကြောင်း အခုလိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် သူ့ရဲ့ မိသားစုဆရာဝန်နဲ့ တွေ့ဆုံခွင့်ပေးဖို့ အမေရိကန်အစိုးရရဲ့ တောင်းဆိုမှုကို ကျနော် ထောက်ခံပါတယ်။ မြန်မာနိုင်ငံအပေါ်မှာ အမေရိကန်နိုင်ငံရဲ့ မူဝါဒကို လက်ရှိ အိုဘားမားအစိုးရ အနေနဲ့ ပြန်ပြီး ဆန်းစစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ နိုင်ငံတကာရဲ့ တောင်းဆို ဖိအားပေးမှုက အရေးကြီးပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်အောင်ဆန်းစုကြည်ကို ဆေးဝါးကုသမှုတွေ ပေးပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ အခုလို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တဲ့ တချိန်တည်းမှာပဲ အီတလီနိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံက အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုလိုက် ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့နဲ့အတူလက်တွဲပြီး လုပ်ဆောင်သွားမယ်လို့ အီတလီနိုင်ငံက ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG