သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိကြောင်း ရှေ့နေဖြစ်သူ ချေပ


နေအိမ်အကျယ်ချုပ်ချထားတဲ့အမိန့်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူးလို့ သူ့ရဲ့ ရှေ့နေက အခိုင်အမာ ပြောလိုက်ပါတယ်။ မြန်မာအာဏာပိုင်တွေ ကတော့ လာမယ့်တနင်္လာနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကို တရားရုံးတင် စစ်ဆေးဖို့ ချိန်းဆိုထားပါတယ်။

အမေရိကန်နိုင်ငံသားဖြစ်တဲ့ ဂျွန် ဝီလျီယံ ယက်တော (John William Yettaw) ဆိုသူက ဒေါ်အောင်ဆန်းစုကြည် အိမ်ဆီကို အင်းလျားကန်ဖြတ်ပြီး ရေကူး ဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး အာဏာပိုင်တွေက စွပ်စွဲထားတာပါ။

အခုလို စွပ်စွဲတဲ့အချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် သက်တမ်း ကုန်ဆုံးခါနီးအချိန် ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။ လက်ရှိ နေအိမ်အကျယ်ချုပ် သက်တမ်းဟာ ဒီလကုန်ပိုင်းမှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

ဂျွန် ဝီလျီယံ ယက်တော ဟာ နေအိမ်တွင်းကို ခွင့်ပြုချက်မရဘဲ ကျူးကျော်ဝင်ရောက် လာသူသာ ဖြစ်ပြီး သူက ဖိတ်ခေါ်ခဲ့တာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ရှေ့နေဦးကြည်ဝင်း က ပြန်ပြောပြပါတယ်။

မစ္စတာယက်တော အိမ်ထဲဝင်လာတာကို အကြောင်းမကြားခဲ့တာကတော့ သူ့ကြောင့် လူတယောက်ယောက် အဖမ်းခံရတာမျိုး ကို မမြင်ချင်တာကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်းလည်း ဦးကြည်ဝင်းက ပြောပါတယ်။

မစ္စတာယက်တော ဘာ့ကြောင့် ဒီလိုလုပ်တယ်ဆိုတာ ခုချိန်ထိ ရှင်းရှင်းလင်းလင်း မရှိသေးပေမယ့် သူ့သားသမီးတွေကို အမေရိကန်မှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ထားခဲ့ပြီး ခရီးထွက်သွားတာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

သူဟာ ခွင့်လွှတ်ခြင်းနဲ့ပတ်သက်တဲ့ စာတမ်းတစောင် ရေးနေတယ်လို့ ခရီးမထွက်ခင်က လာတွေ့ပြီး ပြောခဲ့ကြောင်း ဇနီးဖြစ်သူ Yvonne Yettaw က ပြောတာကို အေပီသတင်းက ကိုးကားဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ရုံးတင်တရားစွဲဆိုတဲ့အပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ ဖြစ်တဲ့ စင်္ကာပူ၊ မလေးရှား၊ ထိုင်းတို့ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၊ ထင်ရှားတဲ့ လူပုဂ္ဂိုလ်အသီးသီးနဲ့ ကုလသမဂ္ဂတို့က စိုးရိမ်တဲ့အကြောင်းနဲ့ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG