သုံးရလွယ်ကူစေသည့် Link များ

ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန် ရှေ့နေလိုင်စင်သိမ်းခံရ


ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲပြီး အင်းစိန်ထောင်ကို ပို့ထားချိန်မှာပဲ ရန်ကုန်မြို့က လူ့အခွင့်အရေး ရှေ့နေကြီး တချို့လည်း ရှေ့နေလိုင်စင်တွေ အသိမ်းခံလိုက်ရပါတယ်။ တရားရုံးကို မထေမဲ့မြင်လုပ်မှု ပုဒ်မ (၃) နဲ့ ထောင်ဒဏ် ၄ လ ချခံရပြီးနောက်မှာ လူ့အခွင့်အရေးရှေ့နေကြီး နှစ်ဦးဖြစ်တဲ့ ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန် တိုရဲ့ ရှေ့နေလိုက်စင်တွေကို အာဏာပိုင်တွေက လာရောက် သိမ်းဆည်းသွားကြပါတယ်။ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

၁၅ ရက်နေ့ည ၈ နာရီကျော် အချိန်လောက်မှာပဲ အရပ်ဝတ်လုံခြုံရေး ၀န်ထမ်းတွေ နဲ့အတူ မြို့နယ် တရားသူကြီးက လိုင်စင်သိမ်းတာကို လက်ခံသိရှိတဲ့အကြောင်း လက်မှတ်လာထိုးခိုင်းပါတယ်။ ရှေ့နေကြီး ဦးအောင်သိန်း ပြောပြတာကတော့ -

“မြို့နယ်တရားသူကြီးရယ်၊ ရယက ဥက္ကဌ ရယ်၊ နောက်ပြီးတော့ သူတို့ လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်ပေါ့၊ အရပ်ဝတ်တွေနဲ့ ပါလာကြတယ်၊ ဆိုင်ကယ်တွေနဲ့။ လာပြီးတော့ လက်မှတ်ထိုးခိုင်းတာပေါ့နော်။ ခေတ်ကတော့ ပြောင်းမှာပါဗျာ - လို့ အဲန်ကယ်လ်ကတောင် ပြောလိုက်သေးတယ်။”

သောကြာနေ့က အင်းစိန်ထောင်ကို ရွှေ့ပြောင်းပြီး ထိန်းသိမ်းခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ဆန္ဒအရ အမှုလိုက်ဖို့အတွက် ပြင်ဆင်နေစဉ်မှာပဲ အခုလို ရှေ့နေလိုင်စင် အသိမ်းခံရတာလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အင်းစိန်ထောင်တွင်း ရုံးထုတ်ချိန်မှာ ဦးအောင်သိန်းတို့ကို အမူလိုက်ဖို့အတွက် စီစဉ်ခဲ့တယ်လို့လည်း ဆက်ပြောပြပါတယ်။

“ဒေါ်စု တို့ကလည်း တောင်းဆိုတယ်။ ဒေါ်စုကလည်း ပြောတယ်။ အပြင်မှာစောင့်နေကြတာ ဘယ်သူတွေလဲဆိုတော့ ဦးဉာဏ်ဝင်း၊ ဦးအောင်သိန်း၊ ဒေါ်ခင်ဌေးကြွယ်တို့ ၀င်လို့မရလို့ စောင့်နေတယ်ဆိုတော့ ဒေါ်စုက အဲဒါကို ထပ်ငှားတယ်ဆိုတဲ့သဘောမျိုး ဒေါ်စုက တရားခွင်မှာ ပြောတယ်၊ ပြီးတော့ ရဲကို ပြောတယ်ပေါ့နော်။ ဘယ်သူကို ထပ်ငှားတယ်ပေါ့။ ဦးအောင်သိန်း၊ ဒေါ်ခင်ဌေးကြွယ်တို့ကို ထပ်ငှားတယ်ပေါ့။ ဆိုတော့ အဲဒီလိုလည်း ပြောပြီး တနင်္လာနေ့ကျတော့ အဲဒါ လုပ်လို့ရပါတယ် ဆိုပြီးတော့ ဒီဘက်ကလူတွေကိုလည်း ပြောပြီးတော့ အဆင်ပြေသွားတာပေါ့။ အဲဒီတော့ အဲဒီဟာအပေါ်မှာလည်း ပါမှာပေါ့လေ။”

ရှေ့နေတယောက်အနေနဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်တွေလည်း ဘာမှ မရခဲ့ဘူးလို့လည်း ဆက်ပြောသွားပါတယ်။

“ရှေ့နေတွေက ဒီ နိုင်ငံရေးအမှုတွေနဲ့ပတ်သက်ပြီးတော့ လိုက်ပါရပ်တည်ပေးတာကို သူတို့ မလိုလားဘူးဆိုတာတော့ ထင်ရှားတယ်။ သူတို့က သူတို့မှာ အာဏာရှိတယ်။ လုပ်ပိုင်ခွင့်ရှိတယ်။ သူတို့ထုတ်ပေးထားတဲ့ လိုင်စင်၊ သူတို့ရဲ့ တရားရုံး၊ သူတို့ရဲ့ စီမံခန့်ခွဲမှုကို ပတ်ဝန်းကျင်မှာ လုပ်နေရတဲ့အတွက် ဒါ သူတို့ လုပ်ပိုင်ခွင့်ရှိလို့ လုပ်တယ်ဆိုပြီးတော့ လုပ်တာကိုး။ အဲန်ကယ်လ်တို့က ဒီကိစ္စ ဘာပြောစရာ ရှိလဲ။ ဒီ တရားရုံးများ ရှေ့နေများကောင်စီကနေပြီးတော့ ဒါ အဲန်ကယ်လ်တို့ကို ဥပဒေနဲ့အညီ သူတို့ လက်ခံပေးရတယ်။ ဒီဟာအတွက်ကို သေချာ တရားမျှမျှတတ ပြောဆိုပိုင်ခွင့် ဘာမှပေးတာမှ မဟုတ်ဘဲ။ အဲဒီတော့ ထိန်းချုပ်ထားတဲ့ အနေအထားမျိုး ဖြစ်နေတယ်။”

မြန်မာစစ်အစိုးရ အနေနဲ့ အကျင့်စာရိတ္တ ပျက်တဲ့ ဥပဒေ ၀န်ထမ်းတွေကိုတော့ လိုင်စင်သိမ်းတာမျိုးတွေ မလုပ်ခဲ့လို့ ဆိုပါတယ်။

“ဒီလိုနိုင်ငံရေးအမှုတွေ မလိုက်ရဲအောင် မလိုက်ရအောင် လုပ်ဖို့ကြိုးစားတဲ့အတွက် ဒီလို လုပ်တယ်ဆိုရင်လည်း ဒါကို အဲန်ကယ်လ် တို့ဘက်က မှန်တယ်လို့ ယူဆပါတယ်။ အဲန်ကယ်လ်တို့ကတော့ ဒါ ရှေ့နေတယောက်ဟာ မည်သည့်အမှုမဆို လိုက်ပါဆောင်ရွက်ခွင့် ရှိနေတာပဲ။ အဲဒါကို ဒီလို နိုင်ငံရေးအမှုမျိုး ဒီလို လုပ်ပါတယ်ဆိုလည်း လုပ်ဗျာ။ ဒါပေမယ့် တချို့ ဥပဒေအရာရှိတွေ တချို့ တရားသူကြီးတွေ ထောင်တွေကျတယ်။ လာဘ်ပေးလာဘ်ယူနဲ့ လာဘ်စားမှုတွေနဲ့ အရေးယူ ခံရတာ ရှိတယ်။ သူတို့ကမှ တကယ့်အကျင့်စာရိတ္တ ဖောက်ဖျက်ပြီးတဲ့ ရှေ့နေတွေ ရှိတယ်။ အဲဒီလူတွေ ထောင်တွေ ကျတယ်။ သူတို့ ထောင်ကထွက်လာတော့ သူတို့အမှုတွေ လိုက်နေကြတာ တွေ့တာပဲ။ အဲဒီတော့ သူ့လူကိုယ့်လူ သူတို့လူတော့ ဒီလို အကျင့်စာရိတ္တ ပျက်ယွင်းတဲ့သူတွေတောင်မှ အမှုလိုက်ပါဆောင်ရွက်ခွင့်တွေ သူတို့ ပေးခဲ့တယ်။ ရှေ့နေရဲ့ လိုင်စင်တွေကို သူတို့ မသိမ်းခဲ့ဘူး။”

အခုလို လိုင်စင်သိမ်းလိုက်တဲ့အတွက် ဘာတွေ နစ်နာမူရှိနိုင်မလဲ ဆိုတာကိုလည်း မေးမြန်းကြည့်ခဲ့ပါတယ်။

“မထူးဘူးလေ။ ကိုယ်လိုက်တဲ့အမှုသည်တွေ (၆၅) နှစ်တို့ ဘာတို့ ကျခဲ့ပြီးပြီ။ ခံခဲ့ရပြီးသူတွေ အများကြီး ရှိနေတာပဲ။ တရားမျှတမှုအတွက်ပေါ့နော်။ အဲန်ကယ်လ်တို့က အဲဒီအတွက်တော့ မခံစားပါဘူး တကယ်ပြောရင်တော့။ ကိုယ်က အကာအကွယ်ပေးဖို့ ရပ်တည်ပေးဖို့ မလုပ်လိုက်နိုင်ရတဲ့အတွက်ပဲ ဒါ နိုင်ငံရေး ဆောင်ရွက်တဲ့သူတွေအတွက်ကို မဆောင်ရွက်ပေးနိုင်တာလောက်ပဲ စိတ်မကောင်းတာပေါ့။ ကိုယ့်အတွက်ကတော့ သိပ်မထူးပါဘူး။”

အလားတူပဲ ရှေ့နေကြီး ဦးခင်မောင်ရှိန် ကိုလည်း လိုင်စင် သိမ်းခဲ့ပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ရှေ့နေတွေမှန်သမျှ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးတာတွေ လုပ်သလို နိုင်ငံရေးနဲ့ပတ်သက်ပြီး အမှုမလိုက်နိုင်ဖို့ကိုလည်း ရှေ့နေတွေကို ဖိအားပေးနေတာတွေ ရှိနေတာကြောင့် နိုင်ငံရေးအမှုတွေကို ရှေ့နေတွေ အတော်များများ အနေနဲ့ မလိုက်ရဲတာတွေလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG