သုံးရလွယ်ကူစေသည့် Link များ

ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဟု ရှေ့နေဦးကြည်ဝင်းပြောဆို


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုနဲ့ မြန်မာစစ်အစိုးရက တရားစွဲဆိုခဲ့ရာမှာ မေလ ၁၈ရက်နေ့ အင်းစိန် အကျဉ်းထောင် တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ် စစ်ဆေး မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့ သူ့ ရှေ့နေဖြစ်သူတို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအမှုမှာ လုံးဝ အပြစ်မရှိဘူးလို့ ပြောနေကြသလို၊ နိုင်ငံတကာရောက် မြန်မာတွေကလည်း ဒီအမှုဟာ စစ်အစိုးရက အကွက်ချ စီမံ တာ ဖြစ်တယ်ဆိုပြီး မြန်မာသံရုံးတွေရှေ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပြုလုပ်နေကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်း သိရှိထား သမျှ ပြောပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်မယ့် အင်စိန်ထောင်မှာတော့ ဒီကနေ့ အင်းစိန်ထောင် ထောင်ဝင်စာ တွေ့တာတွေ အားလုံး ပိတ်ပင်ထားတယ်လို့ အကျဉ်းသား မိသားစု အသိုင်းအ၀ိုင်းတွေက တဆင့် ကြားရပါတယ်။ တချိန်တည်းမှာပဲ အင်းစိန်ထောင် အနီးတ၀ိုက်မှာလည်း အရပ်ဝတ် လုံခြုံရေးတွေ ပြင်ထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတော့ ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်ရင် အင်စိန် ထောင်အနီး သူ့ကို ထောက်ခံသူတွေ လာရောက် စုရုံးကြမှာကို အာဏာပိုင် တွေဘက်က စိုးရိမ်နေတဲ့သဘောရှိပါတယ်။ အမှုကို ဒီကနေ ကြားနာစစ်ဆေးဖြစ်မလား၊ ရုံးချိန်းပဲ ထပ်ယူမလား ဆိုတာ တော့ မကျိန်းသေပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမခြံထဲ ခိုးဝင်လာတဲ့ အမေရိကန်နိုင်ငံသားကို လက်ခံခဲ့တာကြောင့် နေအိမ် အကျယ်ချုပ် တားမြစ်မှုကို ဖောက်ဖျက်တယ်ဆိုတဲ့ စွဲချက်နဲ့ အာဏာပိုင်တွေက သူမကို ရုံးတင်ခဲ့တာပါ။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်း စုကြည် ရဲ့ နေအိမ်လုံခြုံရေးကို တာဝန်ယူထားတာ အာဏာပိုင်တွေဖြစ်လို့ ဒီခြံထဲ ခိုးဝင်ရောက်လာသူကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်မရှိဘူး၊ ဒီအမှုမှာလည်း ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူးလို့ သူမရဲ့ ရှေ့နေ ဖြစ်သူ ဦးကြည်ဝင်းက ဗွီအိုအေကို ရှင်းပြပါတယ်။

“စည်းကမ်းချက်က သံရုံးက၊ နောက်ပြီးတော့ နိုင်ငံရေးပါတီများ အဲဒါနဲ့ ဆက်နွယ်သူအားလုံး တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ ဆက်ဆံခြင်း မလုပ်ရဘူးဆိုပြီး တားထားလိုက်တာပါ။ အဲဒါက ၁အချက်ပါ။ ၂အချက်ကတော့ ဒေါ်စုကို အိမ်အကျယ်ချုပ် ဆိုတဲ့အတိုင်း ဒီအိမ်မှာပဲနေ၊ ဒီခြံအတွင်းမှာပဲနေ၊ တခြားမှာ မနေနဲ့၊ နောက်ပြင်ပနဲ့ ဆက်နွယ်ခြင်း မပြုရဘူး။ အဲဒါပဲ။ မစ္စတာ ယက်ထော ဆိုတဲ့ ဒီပုဂ္ဂိုလ် ရေကူးဝင်လာတဲ့ ကိစ္စကို သေသေချာချာ စေ့စေ့ပေါက်ပေါက် ကြည့်ရင် အပြစ် ချိုးဖောက်မှု မရှိဘူး။ ဒေါ်စုကလည်း သူ့ကို ဖိတ်ခေါ်တာမဟုတ်ဘူး။ သူ့ဟာသူ ရေကူးလာတာ။ သူတို့ ပြန်ပြီးတော့ နှင်ထုတ်တယ်။ နှင်ထုတ်ပေမဲ့လို့ သူကလည်း အင်းယားကန်ကြီး ဖြတ်ကူးလာပြီးတော့ တော်တော်လေး ကြွက်တက်တာနဲ့ အနားပေးထားလိုက်တယ်။”

သားညွှန့်ဦး။ ။ အဲဒီအချိန်မှာ အနားက အာဏာပိုင်တွေက သတိမထားမိဘူးလား။

ဦးကြည်ဝင်း။ ။ ကန်ဘက်မှာလည်း လုံခြုံရေးတွေတော့ အတော်ရှိတယ်လို့ ပြောတယ်။ ပုဂ္ဂိုလ်တယောက်ကဆို ဘယ်လောက်တောင် ပြောသလဲဆိုရင် ငါးတောင် ၀င်လို့ မရနိုင်ဘူးလို့တောင် ပြောတယ်။ အခု ၀င်လာတာကတော့ အဲဒီ တင်းတင်းကျပ်ကျပ်လုပ်ထားတယ်ဆိုတာ ပေါက်နေလို့ပေါ့။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားရုံးတင် စစ်ဆေးနေတယ် အင်းစိန် အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်း ထား တယ်ဆိုတဲ့ သတင်းတွေကြောင့် နိုင်ငံတကာမှာတော့ ကမ္ဘာ့ ခေါင်းဆောင်တွေ အစိုးရအဖွဲ့တွေဟာ အတော်လေး စိုးရိမ် တကြီးနဲ့ မြန်မာစစ်အစိုးရကို ဝေဖန် ပြောခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အရေးကြီးတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ရုံးတင်တာဟာ၊ စစ်အစိုးရ ပြောနေ သလို အမျိုးသား ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီရေး လုပ်ဆောင် နေတာတွေနဲ့ မကိုက်ညီဘူးလို့ ပြောဆိုနေကြတာပါ။ တချိန်တည်းမှာပဲ နိုင်ငံတကာရောက် မြန်မာတွေ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကလည်း ဒီအမှုကိစ္စဟာ စစ်အစိုးရ ဘက်က တမင်သက်သက် အကွက်ချ ဖန်တီးတဲ့လုပ်ရပ်ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကမ္ဘာ့နေရာအနှံ့ ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်လာကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG