သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမီးလ်ကျားသူပုန်တို့နှင့် ပြည်တွင်းစစ် အဆုံးသတ်လိုက်နိုင်ပြီလို့ သီရိလင်္ကာစစ်တပ် ကြေညာ


သီရိလင်္ကာနိုင်ငံမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တောင်းဆိုတိုက်ခိုက်နေတဲ့ တမီးလ်
ကျားသူပုန်တွေနဲ့ စစ်ပွဲဟာ အဆုံးသတ်သွားပြီလို့ စစ်တပ်အကြီးအကဲက ကြေညာ
လိုက်တာကြောင့် သီရိလင်္ကာနိုင်ငံက ဒေသအားလုံးကို ၂၆ နှစ်အတွင်း ပထမဆုံး
အကြိမ် အစိုးရက အပြည့်အဝ အုပ်ချုပ်နိုင်လိုက်ပါပြီ။

LTTE လို့သိကြတဲ့ တမီးလ်ကျားသူပုန်အဖွဲ့ကို ချေမှုန်းလိုက်နိုင်ပြီဖြစ်သလို အဖွဲ့ကို
တည်ထောင်သူလည်းဖြစ်၊ အဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ပရာဘာကာရန်း
(Prabhakaran) ကိုလည်း သုတ်သင်နိုင်ခဲ့တယ်လို့ သီရိလင်္ကာအစိုးရ ရုပ်မြင်သံကြားက
ထုတ်လွှင့်ပြသပါတယ်။ သေချာတဲ့ဖော်ထုတ်မှုတွေကို လုပ်ပြီးတဲ့အခါ အစိုးရအနေနဲ့
တရားဝင်ကြေညာမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သမ္မတရုံး တာဝန်ရှိသူ
တယောက်က ဗွီအိုအေကို ပြောပါတယ်။

ပရာဘာကာရန်းရဲ့ သားဖြစ်သူ ချားလ်စ် အန်ထော်နီ (Charles Anthony) ရဲ့ အလောင်းအပါအဝင် ကျားသူပုန် ထိပ်တန်း ခေါင်းဆောင်ပိုင်းရဲ့ အလောင်းတွေကို တွေ့ရှိတယ်လို့စစ်တပ်က ပြောပါတယ်။ သမ္မတ ရာဂျာပက်ခ်ဆာ (Rajapaksa) က အင်္ဂါနေ့ကျရင်လွှတ်တော်ကနေ နိုင်ငံတော်ကို မိန့်ခွန်းပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။

သီရိလင်္ကာမှာ အမုန်းတရားတွေ အဆုံးသတ်သွားပြီဆိုတဲ့ သတင်းအပေါ် အမေရိကန်နိုင်ငံခြားရေးဌာနက ကြိုဆိုပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးရအောင် လုပ်ဖို့နဲ့ နောက်ဆုံးတိုက်ပွဲတွေကြောင့် အိုးအိမ်ပစ် ထွက်ပြေးနေကြရသူ သောင်းချီတဲ့လူတွေကို ကူညီကြဖို့ ပန်ကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG