သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆွေးနွေးရန် စင်ပြိုင်အစိုးရ တောင်းဆို


ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်မှာ စွဲချက်တင်ခံနေရတာနဲ့ ပတ်သက်လို့
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံအနေနဲ့ အရေးပေါ်အစည်း
အဝေးတရပ် ခေါ်ယူပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး
အကြံပေး မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ကို မြန်မာနိုင်ငံကို
အမြန်ဆုံး စေလွှတ်နိုင်ရေး ဆွေးနွေးသင့်တယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံ
ညွန့်ပေါင်းအစိုးရ (NCGUB) က ပြောလိုက်ပါတယ်။ မေလ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့
NCGUB ရဲ့ ကြေညာချက်ထဲမှာ အခုလိုဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ
နိုင်ငံရဲ့ လက်ရှိအခြေအနေပေါ် ဘယ်လိုမြင်သလဲလို့ NCGUB ကုလသမဂ္ဂဆိုင်ရာ
တာဝန်ခံ ဒေါက်တာသောင်းထွန်းကို နော်ရှိုးက ဆက်သွယ်မေးမြန်းပြီး တင်ပြ
ပေးထားပါတယ်။

“ယနေ့ ဗမာပြည်ရဲ့ အခြေအနေက ဘာနဲ့တူသလဲ
ဆိုတော့ ပေါက်ကွဲလုနီးနီး ယမ်းပုံကြီးတခုလို ဖြစ်နေ
တယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုလို
မတရား တရားစွဲဆိုမှုအပေါ်မှာ ပြည်သူလူထုက
တော်တော်လေး မကျေမနပ်ဖြစ်နေတယ်ဆိုတဲ့
အပိုင်းကတော့ ပြည်တွင်းကလာတဲ့ သတင်းတွေ
အရ ကျနော်တို့ သိရပါတယ်။ အဲဒီအပြင် စီးပွားရေး၊
လူမှုရေးအရလည်း အထွေထွေအကျပ်အတည်းက
တော့ နဂိုကတည်းက ရှိနေပြီးသား နောက်ခံအခြေ
အနေပါ။ ဆိုတော့ အဲဒီဟာမှာ ကျနော်တို့အနေနဲ့
အများကြီးစိုးရိမ်ပါတယ်။ အခြေအနေတွေဟာ
ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုဖြစ်လာပြီးတော့ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာ
ဖြစ်လာမှာ ကျနော်တို့ စိုးရိမ်တယ်။”

အခုလိုအခြေအနေမျိုးမှာ ဒေါက်တာသောင်းထွန်းတို့အနေနဲ့ နိုင်ငံတကာကို ဘာလုပ်
စေချင်သလဲ၊ ဘာလုပ်ရင် မြန်မာပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမယ်လို့ ထင်ပါ
သလဲ။

“ကျနော်တို့က နိုင်ငံတကာအသိုင်းအဝန်းကို ပထမအနေနဲ့ ဒီမတရားမှုကို လက်ပိုက်
မနေဖို့၊ ဒီမတရားမှု အခြေခံပေါ်မှာ ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေ၊
နောက်ဆက်တွဲ ပြဿနာတွေကို ကြိုတင်တားဆီးနိုင်ဖို့အတွက် နိုင်ငံတကာကနေ
ကြိုတင်စဉ်းစားထားဖို့ပေါ့။ အဲဒီမှာ အဆိုပြုချက် ၂ ခု ကျနော်တို့ တင်ထားပါတယ်။
ပထမတခုကတော့ လက်ရှိ တင်းမာနေတဲ့ အနေအထားကို အဖြေရှာနိုင်အောင်၊
ဒေါ်အောင်ဆန်းစုကြည်အပေါ် လက်ရှိတရားစွဲဆိုမှုတွေ ပြန်ပြီးရုပ်သိမ်းနိုင်အောင်၊
ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ
လွတ်မြောက်အောင်၊ ဒီကိစ္စတွေ ဆွေးနွေးဖို့ ဘယ်လိုအဖြေရှာမလဲ၊ ယနေ့အကျပ်
အတည်းတွေကို ဆွေးနွေးဖို့အတွက် အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်
မစ္စတာဂမ်ဘာရီကို အမြန်ဆုံး စေလွှတ်သင့်တယ်ဆိုတဲ့ အဆိုပြုချက်ပေါ့။

“ဒုတိယတခုကတော့ ယနေ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ချဉ်းကပ်မှုတွေမှာ အနောက်
ဒီမိုကရေစီနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကြားမှာ ကွာဟချက်တွေ ရှိနေတယ်။
ဒါတွေကို ကျဉ်းမြောင်းနိုင်သမျှ ကျဉ်းမြောင်းအောင်၊ ဘုံချဉ်းကပ်မှုတွေ ဖြစ်လာအောင်
အခုလိုအခြေအနေမျိုးမှာ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး လုပ်သင့်တယ်။
ဘယ်လိုချဉ်းကပ်မှုနဲ့ ဘယ်လိုဖြေရှင်းမှုမျိုးတွေကို အထွေထွေအတွင်းရေးမှူးချုပ်ကို
အကြံပေးမလဲ။ အထွေထွေအတွင်းရေးမှူးချုပ်ကို အနောက်အင်အားစုနိုင်ငံတွေရော၊
အိမ်နီးချင်းနိုင်ငံတွေကပါ ဘယ်လို ထောက်ခံအားပေးမှုတွေ နောက်ကနေ အားပေးပြီး
တော့ ဗမာပြည်ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့ လုပ်ပေးမလဲ။ အဲဒါကို
အရေးပေါ်အစည်းအဝေးကနေ ဆွေးနွေးပေးဖို့ဆိုပြီး ကျနော်တို့ အဆိုပြုထားပါတယ်။”

မစ္စတာဂမ်ဘာရီ ဗမာပြည်ကိုသွားခဲ့တာလည်း ၇ ကြိမ်တိတိရှိပြီ၊ နိုင်ငံတကာကြားမှာ
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ တယောက်တပေါက်မဟုတ်ဘဲ ညှိညှိနှိုင်းနှိုင်းရှိဖို့
ပြောလာတာကလည်း ကြာပြီ၊ ဆိုတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး
ခေါ်လို့ရော မြန်မာနိုင်ငံအတွက် ဘာတွေထူးခြားမှုရှိနိုင်မယ်လို့ ထင်ပါသလဲ။

“ကျနော်တို့လိုချင်တာက ထိရောက်တဲ့ သံတမန်ရေး ညှိနှိုင်းမှုပါ။ အခု တရုတ်ရှိတယ်၊
အိန္ဒိယရှိတယ်၊ အာဆီယံနိုင်ငံတွေရှိတယ်၊ အရင်ကထက်စာရင် ဘာမှမပြောတာကနေ
ယနေ့ ပြောလာတဲ့အနေအထား ဖြစ်လာတယ်။ ယနေ့ ဒေါ်အောင်ဆန်းစုကြည်
တရားစွဲဆိုမှုမှာ အာဆီယံနိုင်ငံတွေ ပြောလာတယ်၊ ကြေညာချက်တွေ ထုတ်ပြန်လာ
တယ်။ ဒီကြေညာချက်တွေဟာ ကြေညာချက် မည်ကာမတ္တ ထုတ်ပြန်ရုံတင်မကဘဲနဲ့
သူတို့အနေနဲ့ သူတို့သက်ဆိုင်ရာ သံတမန်ရေးလမ်းကြောင်းတွေကနေ ဒီကိစ္စတွေဟာ
တကယ်လုပ်မှရမယ်ဆိုတဲ့ အပိုင်းတွေကို တိုက်တိုက်တွန်းတွန်း အားလုံး အသံတညီ
တည်း တွန်းအားပေးကြမယ်ဆိုရင် ဒီနေ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဘယ်နိုင်ငံမှ
တနိုင်ငံတည်း ရပ်တည်လို့ မရပါဘူး။ ထိရောက်မှုတွေ ရှိလာလိမ့်မယ်လို့ ကျနော်တို့
ယုံကြည်ပါတယ်။

“ဒီအင်အားကြီးနိုင်ငံတွေ၊ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတခုချင်းအနေနဲ့ နှစ်နိုင်ငံ
ဆက်ဆံရေး အခြေခံအပေါ်မှာ သံတမန်ရေး၊ စီးပွားရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်
မှု အခြေခံပေါ်မှာရှိတဲ့ သြဇာတိက္ကမတွေကို အသုံးချပြီးတော့ အထွေထွေအတွင်းရေး
မှူးချုပ်က တဆင့်ပါးလိုက်တဲ့ အကြံပြုချက်တွေကို နအဖ လိုက်နာဆောင်ရွက်အောင်
ဘယ်လောက်လုပ်သလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ဒါကြောင့် ကျနော်တို့ပြောနေ
တာ မစ္စတာဂမ်ဘာရီ ဒီတိုင်းသွားတော့ဆိုပြီး လွှတ်လိုက်ရုံနဲ့ မရဘူး။ မသွားခင်မှာ
ညှိနှိုင်းဆွေးနွေးမှုတွေ၊ နှစ်နိုင်ငံချင်း လုပ်ဆောင်မှုတွေ၊ လုံခြုံရေးကောင်စီ တခုလုံးရဲ့
လုပ်ဆောင်မှုတွေ၊ အဲဒါတွေ အဓိကလိုတယ်ဆိုပြီး ကျနော်တို့ အကြံပြုထားတာ
ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေ အခု On the Way စပြီး လုပ်နေပါပြီ။ ဒီအပိုင်း
တော့ သိရတယ်။ ဒါပေမယ့် တရားဝင် ဆွေးနွေးမယ့် ရက်စွဲကိုတော့ မသိသေးပါဘူး။
ကျနော်တို့အနေနဲ့ သိပ်မကြာခင်မှာ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။”

အဝေးရောက် ညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်း
ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG