သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် သီရိလင်္ကာ သွားရောက်စစ်ဆေးမည်


သီရိလင်္ကာနိုင်ငံမှာ အစိုးရတပ်တွေနဲ့ တမီးလ်သူပုန်တွေအကြား ဖြစ်ခဲ့တဲ့ စစ်ပွဲတွေ
ကြောင့် အပျက်အစီးတွေကို မျက်မြင်တွေ့ရှိဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်း (Ban Ki-moon) ဟာ သီရိလင်္ကာနိုင်ငံကို နှစ်ရက်ကြာခရီးစဉ်အဖြစ်
သောကြာနေ့မှာ ထွက်ခွာမယ်လို့ ပြောပါတယ်။ ဂျနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂ ဥရောပ
ဌာနချုပ်မှာ မစ္စတာဘန်က သတင်းထောက်တွေကို ပြောခဲ့တာပါ။ သီရိလင်္ကာမှာ
လူမျိုးစုအုပ်စုတွေနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ကုလသမဂ္ဂအနေနဲ့ ကူညီ
ဆောင်ရွက်ပေးနိုင်ဖို့ သီရိလင်္ကာအစိုးရကို ကမ်းလှမ်းသွားမယ်လို့ မစ္စတာဘန်က
ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် လီဆာ ရှလိုင်း
(Lisa Schlein) သတင်းရေးသားပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထား
ပါတယ်။

သီရိလင်္ကာမြောက်ပိုင်းမှာ စစ်ဆင်ရေးတွေ အဆုံးသတ်သွားပြီ ဖြစ်တဲ့အတွက်
စိတ်သက်သာရာ ရမိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါ
တယ်။ ဒါပေမဲ့လည်း အဲဒီမှာ အရပ်သားတွေ အတော်များများ အသက်ဆုံးရှုံးကြရတဲ့
အတွက်တော့ စိတ်အတော်လေး စိုးရိမ်ပူပန်ရပါတယ်လို့ မစ္စတာဘန်က ပြောပါတယ်။
ဒါကြောင့်လည်း ဒီလိုအဖြစ်အပျက်ဆိုးတွေအပေါ် ပြန်လည်ကုစားမယ့် အမျိုးသား
ရင်ကြားစေ့ရေးလုပ်ငန်းတွေ စတင်ဖို့ ဘက်ပေါင်းစုံက ကြိုးစားရမယ်လို့ အတွင်းရေးမှူး
ချုပ်က ပြောပါတယ်။

“တမီးလ်လူမျိုးတွေနဲ့ ကျန်လူနည်းစုတွေရဲ့ လိုလားချက်ဆန္ဒတွေ၊ တရားဝင်မှုဆိုင်ရာ
စိုးရိမ်ချက်တွေကို အပြည့်အ၀ ကိုင်တွယ်ဖြေရှင်းပေးရပါလိမ့်မယ်။ နာကျင်ခံစားမှုတွေ
အခြေခံကျကျ ရှိနေတယ်ဆိုတာကို ကျနော်တို့ အသိအမှတ်ပြုရပါမယ်။ အထူးသဖြင့်
ဆိုရင် ဒီအကြမ်းဖက်မှုတွေအတွင်း မိသားစုတွေ၊ ချစ်ခင်သူတွေ ဆုံးရှုံးသွားသူတွေ
ကြားထဲ ပဋိပက္ခအတွင်းထဲက လူ့အသိုင်းအဝိုင်းကြားထဲမှာ နာကျင်မှုတွေ ရှိနေပါ
တယ်။ ဆယ်စုနှစ်သုံးစုနီးပါး စစ်ဒဏ်ခံခဲ့ရတဲ့ ဒီလူမှုအသိုင်းအဝန်းရဲ့ ဒဏ်ရာဒဏ်ချက်
တွေကို အရေးတကြီး ပြန်လည်ကုစားဖို့ လိုအပ်ပါတယ်။”

တမီးလ်ကျားသူပုန်တွေဟာ နိုင်ငံသီးခြားထူထောင်ဖို့ ၂၅ နှစ်ကျော်ကြာ တိုက်ပွဲဝင်ခဲ့
ကြတာပါ။ သီရိလင်္ကာမှာ ဒီပြည်တွင်းစစ်ကြီးကြောင့် လူပေါင်း ၇၀,၀၀၀ ကျော်
အသက်ဆုံးရှုံးပြီး သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ သီရိလင်္ကာအစိုးရဟာ
အခုနှစ်ဆန်းပိုင်းကစလို့ အဆုံးသတ်တိုက်ပွဲဆိုပြီး တမီးလ်ကျားတွေကို ထိုးစစ်ဆင်ခဲ့
တာပါ။ အဲဒီအချိန်ကစလို့ဆိုရင် လူပေါင်း ၂၅၀,၀၀၀ ကျော်ဟာ အိုးအိမ်မဲ့ဖြစ်ပြီး
ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ပါတယ်။ အဲဒီ နောက်ဆုံးတိုက်ပွဲတွေအတွင်း
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနိုင်တာကြောင့် ဒါကို စုံစမ်းစစ်ဆေးသင့်တယ်လို့
မစ္စတာဘန်က သတင်းထောက်တွေကို ပြောပါတယ်။

“နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို ချိုးဖောက်မှု ပြင်းပြင်းထန်ထန်
ဖြစ်ပေါ်ခဲ့တယ်လို့ ယုံကြည်စိတ်ချရတဲ့ စွပ်စွဲချက်တွေအပေါ်မှာ သင့်လျော်သလို စုံစမ်း
စစ်ဆေးတာတွေ လုပ်ရပါမယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက
လည်း ဒီအဖြစ်အပျက်တွေကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။ ဒီစွပ်စွဲ
ချက်တွေကို သင့်လျော်သလို စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ကိုင်တွယ်သွားမယ်လို့
မျှော်လင့်ပါတယ်။”

သီရိလင်္ကာမှာ အစိုးရတပ်ဘက်ကရော တမီးလ်ကျားသူပုန်တွေဘက်ကပါ စစ်ရာဇဝတ်မှု တွေနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကတော့ စွပ်စွဲထားပါတယ်။

မစ္စတာဘန်အနေနဲ့ အဖြစ်အပျက် အခြေအနေမှန်တွေကို သိနိုင်မြင်နိုင် အကဲဖြတ်နိုင်
ဖို့ စစ်ပွဲဖြစ်တဲ့ဒေသတွေ အပါအဝင် စစ်ဒဏ်အဆိုးဆုံးခံရတဲ့နေရာအချို့ကို
သွားရောက်မှာဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနေရာက အရပ်သားတွေရဲ့ လုံခြုံရေးနဲ့
စားဝတ်နေရေး အခြေအနေ အ၀၀အပေါ် စိုးရိမ်ပူပန်မိတယ်လို့ မစ္စတာဘန်က
ပြောပါတယ်။

သီရိလင်္ကာ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်သင့်မြတ်မှုတွေ ရလာစေဖို့နဲ့ ခိုင်မာပြီး
မျှမျှတတရှိတဲ့ နိုင်ငံရေးအဖြေထုတ်နိုင်ဖို့ တမီးလ်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို
ကိုင်တွယ်ဖြေရှင်းနိုင်ရေးဟာ အရေးတကြီးလိုအပ်ချက် ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်က ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG