သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲမှု အမေရိကန် နိုင်ငံခြားရေး မူဝါဒကို သက်ရောက်မှု ရှိနိုင်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို တရားရုံးတင် စစ်ဆေးတာတွေ လုပ်နေတာဟာ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ထားတဲ့ မူဝါဒ အပြောင်းအလဲတွေကို စဉ်းစားရာမှာ အကျိုး သက်ရောက်မှုတွေ ရှိနိုင် လိမ့်မယ်လို့ အမေရိကန် အကြီးတန်း သံတမန် တယောက်က သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာ တွေကို ပြောဆိုဆွေးနွေးခဲ့ကြတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း နဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် ကုန်သွယ် ဖက်နိုင်ငံတွေရဲ့ ဒေသဆိုင်ရာ အစည်းအဝေးပွဲတွေ ဒီကနေ့ အဆုံးသတ်ချိန်မှာပဲ အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။ အကြောင်းစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြပေး ထားပါတယ်။

နေအိမ်အကျယ်ချုပ် ချခံထားရာကနေ အခုအခါ ရန်ကုန်အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပြီး ရုံးတင်စစ်ဆေး ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ အာဆီယံနဲ့ တခြားနိုင်ငံတွေက ပြောကြဆိုကြဖြစ်နေတာပါ။ ဒီအထဲက မြန်မာ စစ်အစိုးရအပေါ် စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ မူဝါဒတွေ ချမှတ်ထားပေမဲ့၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက် ဖြစ်ထွန်းမှုတွေ ဖြစ်ပေါ်လာအောင် ထိရောက်တဲ့ မူဝါဒအသစ်တွေကို သုံးသပ်ပြီး ချမှတ်မယ်လို့ ပြောထားတဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ အခုကိစ္စဟာ အလေးအနက် ထည့်သွင်းစဉ်းစားရမယ့် ကိစ္စအဖြစ် ယူဆထားပါတယ်။ အခု အစည်းအဝေးပွဲမှာ တက်လာတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီး စကော့တ် မာစဲလ် (Scot Marciel) ကတော့ အခုလုပ်ရပ်ဟာ အမေရိကန် နိုင်ငံရဲ့ နိုင်ငံခြားရေးရာ မူဝါဒကို ပြန်ပြောင်း သုံးသပ်တဲ့ နေရာမှာ အရေးပါလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

"မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ခိုင်ခိုင်မာမာ မရှိဘဲ ဆုံးဖြတ်လုပ်ဆောင်တဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ မူဝါဒရေးရာတွေမှာ ပြန်ပြောင်းသုံးသပ်တာတွေ လုပ်တဲ့အခါမှာ ထည့်သွင်းစဉ်းစားသွားမှာပါ"

ထိုင်းနိုင်ငံ အပန်းဖြေ ကမ်းခြေ ဖူးခက် ်မြို့မှာ ကျင်းပပြီး အဆုံးသတ်သွားတဲ့ ARF အာစီယံ ဒေသ ဆိုင်ရာ အကြီးတန်း အရာရှိတွေရဲ့ ဆွေးနွေးပွဲ ကျင်းပဖို့ တွေ့ဆုံတဲ့ နေရာမှာ အသင်းဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက ပြဿနာတွေကလည်း ကြီးစိုးနေခဲ့တာပါ။ အစည်းအဝေး မစခင်ကတည်းက ပြောကြဆိုကြ ဖြစ်နေကြရတာလို့ မစ္စတာ မာစဲလ်က ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ အခု အစည်းအဝေး မစခင်မှာ အာစီယံက အကြီးတန်း အရာရှိတွေနဲ့ တွေ့ဆုံချိန်မှာ အလေးအနက် ဆွေးနွေးခဲ့ကြတာတွေ ရှိပါတယ်။ ထိုင်းနိုင်ငံ ကလည်း အာစီယံ ဥက္ကဋ္ဌ တယောက်အနေနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ပြီး ပြောတာတွေ ရှိပါတယ်"

ဒီလိုပဲ ကျန်တဲ့ အာစီယံ အသင်းဝင် ဆယ်နိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် ကုန်သွယ်ဘက် နိုင်ငံတွေအကြား မှာ မြန်မာနိုင်ငံက မပြေလည် နိုင်သေးတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးတာတွေ ရှိခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စုရဲ့ အာစီယံ ဆိုင်ရာ သံအမတ်ကြီး မစ္စတာ မာစဲလ်က ပြောပါတယ်။ တကယ်တော့ အာစီယံ အသင်းကြီး အနေနဲ့ အစဉ်အလာ အားဖြင့် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြဿနာတွေ၊ အထူးသဖြင့် နိုင်ငံရေး၊ လူ့အခွင့်အရေး ကိစ္စ တွေကို ပြောဆိုလို့ ဝန်လေးလေ့ ရှိတာပါ။ ဒါပေမဲ့ အခုအခါ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ထိုင်းနိုင်ငံက ဆိုရင် ကြေညာချက် တစောင် ထုတ်ပြန်ပြီးတော့ အာစီယံ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးတာနဲ့ ပတ်သက်လို့ စိုးရိမ် ပူပန်တဲ့အကြောင်း၊ ဒီလုပ်ရပ်ကြောင့်လည်း မြန်မာ စစ်အစိုးရ သိက္ခာ၊ အများလက်ခံယုံကြည်နိုင်မယ့် အခြေအနေတွေအတွက် အရေးကြီးတဲ့ အချိန်ရောက်နေပြီလို့ သတိပေး ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG