သုံးရလွယ်ကူစေသည့် Link များ

လက်နက်ရောင်းချမှု ပိတ်ဆို့ရေး အမေရိကန် အောက်လွှတ်တော်အမတ် အဆိုပြု


နိုင်ငံတကာကနေ မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချနေတာတွေကို တကမ္ဘာလုံး
အတိုင်းအတာနဲ့ တားဆီးပိတ်ပင်သွားဖို့ လုံခြုံရေးကောင်စီမှာ လုပ်ဆောင်သွားပါလို့
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက သမ္မတအိုဘားမား
အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်
နိုင်ငံရဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်နေတဲ့အချိန်မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က
အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ရီပတ်ဘလစ်ကန်
လွှတ်တော်အမတ်တဦးဖြစ်တဲ့ အီလီယားနား ရို့စ် လေတီနန် (Ileana Ros-Lehtinen)
က မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့တာတွေ ၁ နှစ် သက်တမ်းထပ်တိုးတဲ့အပြင် ပြီးခဲ့တဲ့
နှစ်က အမေရိကန် အထက်လွှတ်တော်ကနေ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ Block Burma
Jade Act လို့ခေါ်တဲ့ စစ်အစိုးရရဲ့ ဒီမိုကရေစီဆန့်ကျင်ရေး ကြိုးပမ်းမှုတွေကို ပိတ်ဆို့တဲ့
ဥပဒေအရ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံကို တင်သွင်းမှု
ပိတ်ဆို့တာကို အားကောင်းလာအောင်လုပ်ဖို့ အမေရိကန်သမ္မတ အိုဘားမားကို
အဆိုပြု တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်အစိုးရကို အရေးယူပိတ်ဆို့တာတွေ ပိုပြီးအားကောင်းအောင် လုပ်တဲ့နေရာမှာ
မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ တင်ပို့မှု တားဆီးပိတ်ပင်တာတွေအပြင်
မြန်မာစစ်အစိုးရကို လက်နက်တင်ပို့ရောင်းချတာတွေကို တကမ္ဘာလုံး အတိုင်းအတာနဲ့
ပိတ်ဆို့တားဆီးမှုတွေ လုပ်သွားဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အရေးယူ
လုပ်ဆောင်ဖို့နဲ့ စစ်အစိုးရက မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်တွေအပေါ် စစ်ရာဇ၀တ်မှု
ကျူးလွန်တာတွေအတွက် နိုင်ငံတကာခုံရုံးတင် တရားစွဲဆိုသွားဖို့ ပါဝင်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက မြန်မာ့အရေး ဆောင်ရွက်နေတဲ့ US Campaign
for Burma အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံ အရေးကိစ္စကို လုံခြုံရေးကောင်စီမှာ တခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေး
ညှိနှိုင်းပြီး ဒီထက်ပိုပြီး လုံခြုံရေးကောင်စီအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့
သမ္မတကို နည်းလမ်းရှာဖို့ တိုက်တွန်းထားတာ ရှိပါတယ်။ အဲလိုတိုက်တွန်းချက်အတိုင်း
အခု အမေရိကန် အောက်လွှတ်တော်က အီလီယားနား ရို့စ် လေတီနန်၊ သူက
အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက ရီပတ်ဘလစ်ကန်ပါတီ
ခေါင်းဆောင်ပေါ့၊ သူက အမေရိကန်သမ္မတကို တိုက်တွန်းပါတယ်။ အဓိကကတော့
မြန်မာစစ်အစိုးရကို လုံခြုံရေးကောင်စီကနေပြီးတော့ Arms Embargo ဆိုတဲ့ တကမ္ဘာ
လုံးက လက်နက်ရောင်းချမှု ပိတ်ပင်ဖို့အတွက် လုံခြုံရေးကောင်စီမှာ ကြိုးစား
ဆောင်ရွက်ဖို့ သမ္မတကို တိုက်တွန်းတာပါ။”

မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချနေတဲ့ နိုင်ငံတွေထဲမှာ တရုတ်၊ အိန္ဒိယ၊ ရုရှား၊
မြောက်ကိုရီးယားနဲ့ အရှေ့ဥရောပနိုင်ငံတွေဖြစ်တဲ့ ဂျော်ဂျီယာနဲ့ ယူကရိန်းနိုင်ငံတို့
လည်း ပါဝင်ပါတယ်။ မြန်မာစစ်အစိုးရကို လက်နက်တင်ပို့ ရောင်းချမှုတွေ တားဆီး
ပိတ်ဆို့သွားဖို့ အရေးကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ
ဆောင်ရွက်သွားဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက သမ္မတ အိုဘားမား
ကို တိုက်တွန်းခဲ့ပေမယ့် လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်ပြီး
အရင်က အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အဖွဲ့ဝင်နိုင်ငံတွေအားလုံး
သဘောတူပြီး အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ ကိစ္စတွေဟာ အောင်မြင်မှုမရခဲ့ပါဘူး။
ဒါပေမယ့် မြန်မာစစ်အစိုးရအပေါ် အရေးယူဆောင်ရွက်မှုတွေ လုပ်လာအောင်
ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဦးအောင်ဒင်က အခုလိုပြောပါတယ်။

“လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်တခုကျဖို့ ဆိုတာကတော့ သိပ်လွယ်တဲ့ကိစ္စ
မဟုတ်ပါဘူး။ အရင်တခေါက်တုန်းက တရုတ်နဲ့ ရုရှားက အမေရိကန်အစိုးရ ဦးဆောင်
တင်သွင်းတဲ့ ဥပဒေမူကြမ်းကို ဗီတိုအာဏာသုံးပြီး ကန့်ကွက်ခဲ့ကြတယ်။ ဒါပေမယ့်
အဲဒီလို တခါရှုံးခဲ့ဖူးလို့ ဘာမှဆက်မလုပ်တော့ဘဲ ထိုင်နေရမှာလားဆိုတော့ ဒါလည်း
မဟုတ်ဘူးလေ။ အရေးကြီးတာက တာဝန်ရှိတဲ့နိုင်ငံတွေ၊ တာဝန်သိတဲ့နိုင်ငံတွေက
မြန်မာနိုင်ငံအပေါ်မှာ ဒီလိုမျိုး အရေးယူဖို့လိုတယ်ဆိုတာကို လုံခြုံရေးကောင်စီမှာ
ဆက်တိုက်တင်ပြပြီး ဆွေးနွေးညှိနှိုင်းနေရမှာကိုး။

“အဲဒီလို ဆွေးနွေးညှိနှိုင်းမှသာလျှင် တဖက်မှာ တရုတ်နဲ့ ရုရှားအပါအ၀င် ဗီတိုအာဏာ
သုံးပြီး ကန့်ကွက်မယ့်နိုင်ငံတွေအနေနဲ့ ဗီတိုအာဏာ သုံးချင်လည်းသုံးမယ်၊ ဒါမှ
မဟုတ်ရင်လည်း မသုံးဘဲနဲ့ ကြားထဲမှာ နှစ်ဖက်လက်ခံနိုင်တဲ့ လမ်းကြောင်းတခု
ရအောင် ဆွေးနွေးညှိနှိုင်းတာလည်း ရှိချင်ရှိမယ်၊ စသဖြင့်ပေါ့။

“အမေရိကန်အစိုးရ၊ အမေရိကန် ကွန်ဂရက်စ်ရဲ့သဘောကတော့ ဆက်ပြီးတင်ပါ၊
ဆက်ပြီးဆွေးနွေးပါ၊ အဓိက ကိုယ့်ဘက်ကအချက်အလက်တွေ ခိုင်လုံဖို့လိုတယ်။ အခု
မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ အကြမ်းဖက်မှုတွေအတွက် ဒီဘက်မှာတောင်းဆိုတာက
တကမ္ဘာလုံးက မြန်မာစစ်အစိုးရကို လက်နက်ရောင်းချမှု တားဆီးပိတ်ပင်ရေး၊ ဒါ
အင်မတန် သဘာဝကျတဲ့ တောင်းဆိုချက်တရပ်ဖြစ်တယ်။”

တခါ မြန်မာစစ်အစိုးရက မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ပြီး လူသား
မျိုးနွယ်တွေအပေါ် ရာဇ၀တ်မှု ကျူးလွန်နေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ
ခုံရုံးတင် တရားစွဲဆိုသွားနိုင်အောင်လည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ အခုလို
ဆက်ပြီးပြောပါတယ်။

“လူသားမျိုးနွယ်စု တစုလုံးအပေါ်မှာ ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေအတွက် မြန်မာ
စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးတင်ပါ၊ တင်ဖို့အတွက် လိုအပ်တဲ့ စုံစမ်း
စစ်ဆေးမှုတွေကိုလည်း လုံခြုံရေးကောင်စီက ဦးဆောင်ပြီးလုပ်ပါလို့ ကျနော်တို့
ပြောဆိုနေတာတွေ ရှိတယ်။”

အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီအခြေစိုက် US Campaign for Burma အဖွဲ့ရဲ့
အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်ဒင် ပြောသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာစစ်အစိုးရကို စီးပွားရေး
ဒဏ်ခတ်အရေးယူ ပိတ်ဆို့တာတွေအပြင် လက်နက်တင်ပို့ ရောင်းချနေတာတွေကို
အရေးယူဆောင်ရွက်မှုတွေ ထပ်တိုးလုပ်ဆောင်သွားဖို့ အမေရိကန် အောက်လွှတ်တော်
နိုင်ငံခြားရေးကော်မတီက သမ္မတအိုဘားမားကို တိုက်တွန်းပြောကြားသွားတာ
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG