သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲတင်သင့်ကြောင်း ဆုံးဖြတ်လိုက်ပြီ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ် ချမှတ်ထားတဲ့ တားမြစ်ကန့်သတ်မိန့်ကို ချိုးဖောက် တယ်လို့ စွပ်စွဲပြီး တရားရုံးတင်စစ်ဆေးတာတွေ လုပ်ဆောင်နေတဲ့ ၅ ရက်မြောက်နေ့မှာပဲ သူ့အပေါ် တရားစွဲဆိုဖို့ တရားခွင်က ဆုံးဖြတ်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အခုတပတ်လုံးလုံး မရပ်မနား စစ်ဆေးနေတဲ့ တရားခွင်က နောက်ထပ် တရားလိုသက်သေတချို့ကို စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ပြီး အခုလို ဆုံးဖြတ်လိုက်တာပါ။ ဒီလို တရားစွဲတင်လိုက်ပြီဆိုတော့၊ တရားခွင်မှာ စစ်ဆေးခဲ့တာတွေ၊ ရှေ့လျှောက် ဒေါ်အောင်ဆန်းစုကြည် အတွက် ခုခံချေပဖို့ အလားအလာတွေ ကရော ဘယ်လို ရှိနိုင်မလဲ၊ တရားခွင်က နောက်ဆုံး အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်အင်းစိန်ထောင်တွင်း အထူးတရားခွင်တခုမှာ ရုံးတင်စစ်ဆေးတာ ၅ ရက်မြောက်တဲ့ နေ့မှာတော့ တားဆီးကန့်သတ်မိန့်ကို ဖောက်ဖျက်တယ် ဆိုပြီး သူ့အပေါ် စွပ်စွဲထားတဲ့အတိုင်း ပုဒ်မ (၂၂) နဲ့ တရားစွဲတင် လိုက်တာပါ။ ၅ ရက်လုံးလုံး တရားလို သက်သေတွေက ဒီစွပ်စွဲချက်နဲ့ တရားစွဲတင်သင့်၊ မတင်သင့် ဆုံးဖြတ်နိုင်ဖို့ သက်သေ ထွက်ဆိုခဲ့ပြီးတဲ့နောက် မွန်းလွဲပိုင်း တရားခွင် ပြန်ကြားနာတဲ့ အချိန်မှာပဲ တရားရုံးက တရားစွဲတင်သင့်တယ် ဆိုပြီး ဆုံးဖြတ် လိုက်တာပါ။

တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျန်သူတွေ အားလုံးကတော့ အပြစ်မရှိကြောင်းပြောပြီး ဆက်ပြီးတော့ ခုခံချေပသွားဖို့ ရှိတယ်လို့ ဥပဒေ အကျိုးဆောင် ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။

“စွဲချက်ကတော့ အခုတရားစွဲထားတဲ့ ပုဒ်မတွေအတိုင်းပေါ့။ ပုဒ်မ (၂၂) တရားစွဲချက် တင်တယ်။ ဒေါ်စုက အပြစ်မရှိဘူးလို့ လျှောက်လဲလိုက်တယ်။ နောက်ပြီးတော့ ခင်ခင်ဝင်း ကလည်း အပြစ်မရှိဘူး၊ နောက်ပြီးတော့ ဝင်းမမ လည်း အပြစ်မရှိဘူး၊ မစ္စတာ ယက်တော ကလည်း အပြစ်မရှိဘူး။ အဲဒီလိုပေါ့၊ နောက်ပြီးတော့ သက်သေတွေ ပြန်ခေါ်။ သက်သေ ၈ ယောက် ပြန်ခေါ်မယ်တဲ့။ ဦးဉာဏ်ဝင်း ပြောတာနော်။ အဲဒါပါပဲ။ စွဲချက်တင်တဲ့အပေါ် စွဲချက်ကို ထပ်ပြီးတော့မှ အပြစ်ရှိလားမရှိလား မေးတော့ အပြစ်မရှိဘူး။ ဘာဖြစ်လို့မရှိလဲ၊ စွဲချက်တင်တဲ့အတိုင်း ကျူးလွန်ခြင်းမရှိလို့ အပြစ်မရှိဘူး။ ဒါပါပဲ။”

ရုံးချိန်းရက်ကိုတော့ လာမယ့် တနင်္လာနေ့ကို ပြန်ချိန်းလိုက်ပါတယ်။

အခုလို တရားစွဲတင်ဖို့ ဆုံးဖြတ်လိုက်တယ် ဆိုပေမယ့်လည်း ကြားနာစစ်ဆေးစဉ်ကာလ တလျှောက် တရားလို သက်သေ တွေ ဘက်က အစစ်ခံထွက်ဆိုချက်တွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိနိုင်တာတွေက အများအပြား ရှိနေတယ်လို့ ယူဆနေသူတွေလည်း ရှိနေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမှုမှာ အကျိုးဆောင်ပေးဖို့ ကျိုးပမ်းခဲ့ပေမဲ့ မရခဲ့ဘဲ ရှေ့နေလိုင်စင်ပါ အသိမ်းခံထားရတဲ့ ဥပဒေပညာရှင် ဦးအောင်သိန်း ကတော့ အာဏာပိုင်တွေရဲ့ စွပ်စွဲချက်တွေ တရားခွင် အတွင်း စစ်ဆေးမှုတွေမှာ မေးစရာတွေ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။

“တရားခွင်မှာ ဝတ်ရုံ ဝတ်ပြီးတော့ demonstration လုပ်ပြတယ်ပေါ့နော်။ အဲဒီ ဝတ်ရုံဟာ ဘယ်အတွက် ဘယ်လို ရည်ရွယ်ချက် နဲ့ သူ ယူလာတာလဲ ဆိုတဲ့ကိစ္စတွေရယ်။ နောက်တချက်က အဲဒီ ဝတ်ရုံနှစ်ခုကို demonstration လုပ်ပြတာ ဟာ ဘာအတွက် လုပ်ပြတာလဲ ဆိုတဲ့အချက်အလက်တွေပေါ့ဗျာ။ ဒီဟာတွေလည်း ပေါ်ပေါက်ဖို့ လိုတယ်ဗျ။ နောက်တခါက ပထမအကြိမ် ၃၀ ရက် ၁၁ လ ၂၀၀၈ ခုနှစ်တုန်းက သူလာတဲ့ဟာ ဘယ်ကနေ လာသလဲ။ ဘယ်လမ်းကြောင်းကနေ လာသလဲ။ အဲဒီကိစ္စတွေလည်း ကျနော်တို့ လိုတယ်နော်။ အိမ်နောက်ဖေး ဘက်ကို ရောက်သွားပြီးတော့ ခြံ၀ နောက်ဖေး ဘက်ကို အဲဒီကနေ Book of Morman စာအုပ်တအုပ်ကို ချထားပြီးတော့ သွားတဲ့ဆိုတဲ့ဟာပဲ ပေါ်ပေါက်တယ်။ ပထမ တကြိမ် သူလာသွားတာနဲ့ ပတ်သက်ပြီးတော့ ဒီဟာက သက်ဆိုင်ရာ အာဏာပိုင်ကို အကြောင်းကြားမှု လုပ်လားမလုပ်လား ဆိုတာ ခိုင်ခိုင်မာမာ ကျနော်တို့ ဒါလည်း မသိရဘူး။ ဒီ ဆာရီ ဝတ်ရုံလို ဝတ်ပြီးထွက်သွားရင် မမြင်လိုက်ဘဲနဲ့ ဝတ်ရုံဟာ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့က ခိုးထုတ်သွားမယ့် ပုံစံမျိုးလား။ သို့မဟုတ်ရင် ဒေါ်ခင်ဝင်း တို့ သားအမိ နှစ်ယောက် အတွက်လား။ သို့မဟုတ်ရင် သူနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ဝတ်ဖို့လား။ ဒီလို လားပေါင်းများစွာ စဉ်းစားစရာ အချက်တွေ အများကြီးပေါ့ဗျာ။”

အာဏာပိုင်တွေဖက်က သက်သေခံချက်တွေ၊ အထူးသဖြင့်ကတော့ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို သံတမန်တွေ စာနယ်ဇင်း သမားတွေကို တရားခွင်ဝင်ရောက်ခွင့် ပေးတဲ့နေ့မှာ အစစ်ခံရမှာ ထူးထူးခြားခြား မူဆလင်အမျိုးသမီးတွေ ဝတ်ဆင်လေ့ ရှိတဲ့ ဝတ်ရုံကိုဝတ်ပြီး သရုပ်ပြတာမျိုးတွေ လုပ်ခဲ့တဲ့ ရည်ရွယ်ချက်တွေအပေါ် ရှင်းရှင်းလင်းလင်း သိလိုနေကြတာပါ။ ဥပဒေ အကျိုးဆောင်ရှေ့နေကြီး ဦးကြည်ဝင်းကတော့ ဒီလို ပုံစံအမျိုးမျိုးနဲ့ ထွက်ဆိုနေပေမယ့် ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ အထောက်အကူ ဖြစ်စေတယ်လို့ မယူဆကြောင်း ပြောပါတယ်။

“ပြောနေတာက အဲဒီ ဝတ်စုံက ဒေါ်စုအိမ်မှာ သူက ထားသွားတယ်လို့ ပြောတယ်။ နဂိုကလည်း မသိဘူး။ အဲဒါကတော့ ယက်တော က သူ ထားခဲ့တဲ့ဝတ်စုံလို့ ဆိုတယ်။ ထားထား မထားထားပါ။ ဒါကလည်း အရေးမပါပါဘူး။ ကုလားဝတ်စုံဖြစ်ဖြစ် တရုတ်ဝတ်စုံ ဖြစ်ဖြစ် ဘာကြီးဖြစ်နေနေ အဲဒါ အပိုတွေပါ။ ဒါတွေက အမှုနဲ့ ဘာမှမဖြစ်ပါဘူး။ သူတို့ကတော့ ပြောတယ်။ ဒေါ်စုအိမ်မှာ ရောက်တယ်ပေါ့။ တည်းတယ်ပေါ့။ စားတယ်သောက်တယ်။ ဒါကို ပြောနေတာ။ စားတယ်သောက်တယ် ဆိုတာက စည်းကမ်းထဲမှာမှ မပါဘဲ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေ ဦးကြည်ဝင်း ပါ။

တရားရုံးတင် ကြားနာမှုတွေ စခဲ့တဲ့ တနင်္လာနေ့ကစလို့ ဖြန့်ချထားတဲ့ လုံခြုံရေးတွေကတော့ တင်းတင်းကျပ်ကျပ် ရှိနေတုန်း ပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ခြံဝင်းထဲကို တိတ်တဆိတ် ဝင်ရောက်ခဲ့တယ်ဆိုတဲ့ အမေရိကန် နိုင်ငံသား တယောက် ပါဝင်ပတ်သက်နေတဲ့ အမှုဖြစ်တဲ့အတွက် သူ့သံရုံးက ဝင်ခွင့်ရတာကလွဲလို့ ဗုဒ္ဓဟူးနေ့တုန်းကလို သံတမန်တွေ၊ စာနယ်ဇင်းသမားတွေကတော့ ဝင်ခွင့် မရတော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံကြောင်း ပြသဖို့ဆိုပြီး ရုံးတင်စစ်ဆေးတာတွေ လုပ်နေတဲ့ အင်းစိန် အကျဉ်းထောင် အနီးအနားကို သွားပြီး အားပေးနေသူတွေလည်း ရှိနေဆဲဖြစ်ပေမဲ့ ဒီနေ့ကတော့ ရန်ကုန်မှာ မိုးကလည်း အတော့်ကို ရွာနေတဲ့အတွက် လူက ခါတိုင်းထက် လျော့သွားတယ်လို့လည်း အဲဒီမှာ ရောက်သွားတဲ့လူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG