သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီ စိုးရိမ်ကြောင်း ကြေညာချက်ထုတ်


ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်မှာ ရုံးတင်စစ်ဆေးတာနဲ့ ပတ်သက်ပြီးတော့ ကြေညာချက်တစောင်ကို ထုတ်ပြန် နိုင်ဖို့အတွက် မေလ ၁၉ ရက်လောက်ကတည်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ နဲ့ ယာယီ အဖွဲ့ဝင် ၁၀ နိုင်ငံတွေကြားမှာ ညှိနှိုင်းနေခဲ့ကြပါတယ်။ အဓိကအားဖြင့် ကြေညာချက်မှာ ပါဝင်တဲ့အချက်အလက်တွေ စကားလုံး အသုံးအနှုန်းတွေ ကြေညာချက်ကို သတင်းထုတ်ပြန်ချက်အနေနဲ့ပဲ ထုတ်ပြန်မလား၊ ဒါမှမဟုတ် ကုလသမဂ္ဂရဲ့ အလှည့်ကျ ဥက္ကဋ္ဌက ကြီးမှူးတဲ့ ကြေညာချက်တစောင်အနေနဲ့ ထုတ်ပြန်မလားဆိုတာတွေကို ညှိနှိုင်းနေခဲ့ကြတာ ဖြစ်ပါ တယ်။

လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံထဲက တရုတ်နိုင်ငံကတော့ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်တယ်ဆိုပြီး အင်တင်တင်ဖြစ်နေခဲ့ပါတယ်။ အလားတူ ဂျပန် နဲ့ ရုရှတို့ကလည်း သတိကြီးကြီးနဲ့ ချဉ်းကပ်နေခဲ့ကြပါတယ်။ ဒါနဲ့ သောကြာ နေ့မှာတော့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌဆီက ထုတ်ပြန်တဲ့ ကြေညာချက်တစောင်အနေနဲ့ မဟုတ်ဘဲ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက တညီတညွတ်တည်း ထုတ်ပြန်တဲ့ သတင်းကြေညာချက်တစောင်အနေနဲ့ပဲ ထုတ်ပြန်ခဲ့ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးမှုကြောင့် ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအကျိုးဆက်တွေနဲ့ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရကြောင်း နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်းရင်းသား အဖွဲ့တွေ အပါအဝင် သက်ဆိုင်တဲ့အဖွဲ့တွေ အားလုံးပါဝင်တဲ့ စစ်မှန်တဲ့အမျိုးသားရင်ကြားစေ့ရေး ဖြစ်ပေါ်လာဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ကိုလည်း မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒီသတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေကို စကားပြောခဲ့သူကတော့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Sir John Sawers ဖြစ်ပါတယ်။

“စစ်အစိုးရရဲ့ လုပ်ရပ်တွေဟာ စစ်မှန်တဲ့အမျိုးသားရင်ကြားစေ့ရေး ပေါ်ပေါက်ဖို့အတွက် ဘယ်လိုမှ အထောက်အပံ့ မဖြစ် စေနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအတိုက်အခံတွေထဲမှာ အထင်ကရအဖြစ်ဆုံး ပုဂ္ဂိုလ်ဖြစ်ရုံမက မြန်မာ့သမိုင်းမှာ အယုံကြည်ရဆုံးလို့ ဆိုရမယ့် ရွေးကောက်ပွဲမှာလည်း အနိုင်ရခဲ့သူဖြစ်ပါတယ်။ ဒါကို စစ်အစိုးရက ရင်ဆိုင်ဖို့ ပျက်ကွက်နေခဲ့တာဖြစ်ပါတယ်။”

အခုလို လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်အပေါ်မှာ ကျေနပ်အားရမှုရှိပါသလားလို့ အဲန်စီဂျီယူဘီ အဝေးရောက်ညွှန့်ပေါင်း အစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်း ကို မေးမြန်းခဲ့ပါတယ်။

“လုံခြုံရေးကောင်စီအားလုံးရဲ့ သဘောထားအမြင်ကို အခုလိုတုံ့ပြန်တာနဲ့ပတ်သက်လို့တော့ ကျနော်တို့ အားရ ကျေနပ်မှုှ ရှိပါတယ်။ ဒါပေမယ်လို့ ယနေ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုမှုနဲ့ တရားစွဲဆိုမှု အခြေခံကနေ ဖြစ်ပေါ်လာနိုင်တဲ့ ဒီဆိုးကျိုးတွေ မြန်မာနိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေ ပတ်သက်လို့ လုံခြုံရေးကောင်စီရဲ့ တုံ့ပြန်မှုက ဒီထက်ပိုသင့်တယ်။ ဒါကတော့ သံတမန်ရေးအရဆိုရင်တော့ ဒါက သတိပေးတဲ့သဘောဖက်ပေါ့။ ကျနော်တို့အနေနဲ့ကတော့ သတိပေးမှု သာမက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သင့်တဲ့ အဆင့်ကို သွားသင့်ပြီးလို့ ထင်ပါတယ်။”

အခု ဒီ ဒေါ်အောင်ဆန်းစုကြည်ကိစ္စအပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဆိုလို့ရှိရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ဘယ်လိုများ ဒီထက်ပိုပြီး ထိထိရောက်ရောက် လုပ်ကိုင်နိုင်မယ်လို့ ထင်ပါသလဲ။ -

“ဖြစ်နိုင်ရင်တော့ ကျနော်တို့က တကယ့်ဆုံးဖြတ်ချက် binding resolution ဟာမျိုးတွေကို လုံခြုံရေးကောင်စီအနေနဲ့ ထုတ်ပြန်သင့်တာကြာပြီ။ ဗမာနိုင်ငံရဲ့ကိစ္စကို ထိထိရောက်ရောက် လုပ်ကိုင်ဖို့ဆိုတာ ဆုံးဖြတ်ချက်တွေချဖို့ လိုတယ်။ ဒီ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကြားဝင်ဆောင်ရွက်မှုကို ထောက်ခံအားပေးဖို့သင့်တယ်။ ကျနော်ဆိုလိုချင်တဲ့သဘောက လက်ရှိအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ လုပ်ပိုင်ခွင့်ဟာ အထွေထွေညီလာခံက ချထားတာဖြစ်တယ်။ အဲဒီထက် ကျော်လွန် ပြီးတော့ လုံခြုံရေးကောင်စီကနေပြီးတော့ ပေးနိုင်မယ်ဆိုလို့ရှိရင် သူရဲ့ လုပ်ဆောင်မှုတွေက ပိုထိရောက်နိုင်မယ်။ ဒါက တချက်၊ နောက်တချက်ကတော့ ဆုံးဖြတ်ချက်တွေ ချရုံတင်မကဘဲနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ဗမာနိုင်ငံနဲ့ ပတ်သက် လို့ တညီတညွတ်တည်း သူတို့ရဲ့ နှစ်နိုင်ငံချင်းဆက်ဆံရေး လမ်းကြောင်းတွေကို သုံးလို့ပဲဖြစ်စေ၊ စုဖွဲ့လို့ပဲဖြစ်စေ ထိထိရောက်ရောက် လုပ်သင့်တယ်လို့ ကျနော်မြင်ပါတယ်။”

ဆိုတော့ အခုလိုမျိုး သာမန်သတင်းမီဒီယာထုတ်ပြန်တာ နဲ့ လုံခြုံရေးကောင်စီဥက္ကဌကနေ ကြီးမှူးပြီးတော့ တရားဝင် statement ထုတ်တာနဲ့ နှစ်ခုယှဉ်ကြည့်မယ်ဆိုရင် သူရဲ့ အကျိုးသက်ရောက်မှုက လက်တွေ့ကျကျ ဘယ်လောက်ကွာခြားမှု ရှိသလဲ။ -

“ဒီအရာတွေက press statement တို့ မီဒီယာထုတ်ပြန်ချက်တို့ အလှည့်ကျ ဥက္ကဌရဲ့ ထုတ်ပြန်ချက်တို့ဆိုတာ ဒါက diplomatic format တွေပါ။ သံတမန်ရေးအရ တင်ပြတဲ့ ပုံသဏ္ဍာန်တွေပါ။ ထိရောက်မှုဆိုတာကတော့ ဒီပုံသဏ္ဍာန်တွေ ဒီထုတ်ပြန်ချက်တွေ ကြေညာရုံမကဘဲ လက်တွေ့ အကောင်အထည် ပေါ်လာအောင် အဖွဲ့ဝင်နိုင်ငံတွေကနေ တနိုင်ငံချင်းရဲ့ နိုင်ငံရေးသြဇာ၊ သံတမန်ရေးသြဇာ သုံးတဲ့အပိုင်းပေါ့။ နောက်တခုကတော့ အရေးယူ အပြစ်ပေးမှုတွေလုပ်တာပေါ့။ ပထမပိုင်းကတော့ မေတ္တာရပ်ခံချက်ဟာမျိုးတွေနဲ့ သွားမယ်၊ နားမထောင်ဘူးဆိုရင် ဘာလုပ်မလဲ။ စီးပွားရေးအရ အရေးယူ မလား၊ လက်နက်ပိတ်ဆို့မှုနဲ့ အရေးယူမလား၊ အဲဒီဆောင်ရွက်မှုမျိုးတွေလုပ်မှ ပိုပြီးတော့ ထိရောက်မှုရှိမယ်လို့ မြင်ပါတယ်။”

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီက ၂၀၀၇ ခုနှစ် အောက်တိုဘာလ သံဃာ့လှုပ်ရှားမှုဖြစ်ပွားပြီးတုန်းက တခါ၊ ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးတုန်းကတခါ ကုလသမဂ္ဂအလှည့်ကျ ဥက္ကဋ္ဌကကြီးမှူးပြီးတော့ မြန်မာနိုင်ငံ အတွင်းက နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့နဲ့ စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်ပေါ်လာဖို့အတွက် တိုက်တွန်းတဲ့ ကြေညာချက်တွေကို ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG