သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတဟောင်း နိုမူဟွန်း ကိုယ့်ကိုကိုယ် အဆုံးစီရင်


တောင်ကိုရီးယားသမ္မတဟောင်း Roh Moo-hyun ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပြီ ဖြစ်ပါတယ်။ ဒီကနေ့မှာ ကျောက် တောင်စွန်းတခုပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်သွားတာပါ။ သမ္မတဟောင်းဟာ အကျင့်ပျက်လာဘ်စားမှုဆိုင်ရာ ပြင်းထန် တဲ့ စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Kurt Achin က သတင်းပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက အပြည့်အစုံ အစီရင်ခံထားပါ တယ်။

သမ္မတဟောင်းဟာ ကိုယ့်ကိုကိုယ် အဆုံးမစီရင်ခင်မှာ သူ စိတ်ထိခိုက်ခံစားနေရတာနဲ့ ပတ်သက်ပြီး စာတိုလေးတစောင် ရေးထားခဲ့တယ်လို့ မစ္စတာနိုရဲ့ မိသားစုရှေ့နေတဦးက ပြောပါတယ်။

မစ္စတာနိုဟာ စနေနေ့ မနက်စောစောပိုင်းမှာ တောင်ပေါ်တက်ပြီး တောင်စွန်းကနေ ခုန်ချသွားခဲ့တဲ့အကြောင်း သူ့ရဲ့ လက်ထောက်ဟောင်းတဦးဖြစ်သူ Moon Jae-in က ကိုရီးယားဘာသာစကားနဲ့ ပြောသွားတာပါ။ ခုန်ချပြီးတဲ့နောက် သိပ် မကြာခင်မှာပဲ ခုန်ချရာကနေ ရတဲ့ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

မစ္စတာနိုနဲ့ သူ့ရဲ့မိသားစုဟာ စီးပွားရေးလုပ်ငန်းရှင် တဦးစီကနေ ဒေါ်လာသန်းပေါင်းများစွာ လာဘ်ယူခဲ့တယ်ဆိုတဲ့ စွဲချက် နဲ့ စုံစမ်း စစ်ဆေးတာကို ခံနေရပါတယ်။ သူထားခဲ့တဲ့စာတိုလေးထဲမှာ မစ္စတာနိုက သူ့ကို မီးသဂြိၤုဟ်ပြီး သူ့ဇာတိရွာလေးမှာ အမှတ်တရ ကျောက်တိုင်လေးတခုနဲ့ စိုက်ထူထားပေးဖို့ မှာထားခဲ့ပါတယ်။

သူဟာ စာတအုပ်ကိုတောင်မှ အာရုံစိုက်ပြီး ဖတ်နိုင်စွမ်းမရှိတော့တဲ့အကြောင်းနဲ့ "ကျနော့်ကို အပြစ်မတင်ကြပါနဲ့၊ အသက်ရှင်နေရတာနဲ့ သေသွားတာက အတူတူပါပဲ။" လို့ သူ့ရဲ့စာတိုလေးထဲမှာ ရေးထားပါတယ်။

လာဘ်စားမှုဆိုင်ရာ စွဲချက်နဲ့ ပြီးခဲ့တဲ့လက တရားရုံးတင် စစ်ဆေးမှုတခုမှာ ဆယ်နာရီကျော်ကြာအောင် မစ္စတာနို ထွက်ဆို အစစ်ခံ ခဲ့ပါတယ်။ သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်ဖို့အတွက်တောင်မှ အစိုးရရှေ့နေတွေက အပြင်းအထန် ကြိုးစားခဲ့ကြ ပါသေးတယ်။

၂၀၀၂ ခုနှစ် သမ္မတရွေးကောက်ပွဲ ကာလအတွင်း သန့်ရှင်းပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရတရပ် ဖြစ်စေရမယ်လို့ မဲဆွယ် စည်းရုံးပြီးတော့ ရွေးကောက်ခံခဲ့ရတဲ့ မစ္စတာနိုအတွက်တော့ ဒီစွပ်စွဲချက်ဟာ စိတ်ထိခိုက်ကြေကွဲဖွယ်ပါ။ သူ ရှက်မိတဲ့ အကြောင်း နဲ့ တောင်ကိုရီးယားပြည်သူလူထုကို တောင်းပန်ပါကြောင်း ပြီးခဲ့တဲ့လစစ်ဆေးမှုမှာ ပြောဆိုခဲ့ပါတယ်။

သာမန် တောင်ကိုရီးယားလူထုကတော့ ဒီသတင်းကြောင့် အထိတ်တလန့်ဖြစ်ကြရသလို တုံ့ပြန်ချက်တွေကလည်း ရောထွေး နေပါတယ်။

ကိုယ့်ကိုယ်ကို အဆုံးစီရင်တာဟာ အဓိကလူမှုရေးဆိုင်ရာ ပြဿနာတခုဖြစ်လာနေတဲ့ အထူးသဖြင့် တောင်ကိုရီးယားလို နိုင်ငံမျိုး မှာ နိုင်ငံရဲ့သမ္မတတယောက်က ဒီလိုလုပ်သွားတာဟာ တာဝန်မဲ့တာပဲလို့ အသက် ၃၀ အရွယ် Yun Hye-yun က ကိုရီးယား ဘာသာစကားနဲ့ ပြောသွားတာပါ။ မိသားစုတခုလုံးရဲ့ မှားယွင်းတဲ့လုပ်ဆောင်ချက်အတွက် တာဝန်ယူတဲ့အနေနဲ့ သူ ဒီလို လုပ် သွားတာကိုတော့ တစိတ်တပိုင်း နားလည်ပေးနိုင်ပါတယ်လို့ သူက ပြောပါတယ်။

အသက် ၅၉ နှစ်အရွယ် Jeon Su-young ကတော့ ဒီဖြစ်ရပ်ဟာ မယုံကြည်နိုင်ဖွယ်၊ မဖြစ်နိုင်တဲ့ ဖြစ်ရပ်တခုလို့ ပြောပါ တယ်။ မစ္စတာနိုဟာ အရမ်းကို စိတ်ထိခိုက်ခံစားသွားရမယ်လို့ သူက ပြောပါတယ်။ အာဏာပိုင်တွေအနေနဲ့ အမှန်အတိုင်း ဖြစ်စေချင်တယ်ဆိုရင်တောင်မှ ဒီအခြေအနေမျိုးတော့ ဖြစ်မသွားသင့်ပါဘူးလို့ သူက ဆိုပါတယ်။

အထိတ်တလန့်ဖြစ်ကြရတဲ့ အခြေအနေကနေ ကျော်လွန်လာချိန်ရောက်ရင်တော့ တောင်ကိုရီးယားနိုင်ငံသားတွေ၊ အထူးသဖြင့် မစ္စတာနိုကို ထောက်ခံသူတွေ ဘယ်လို တုံ့ပြန်မယ်ဆိုတာကို မသိနိုင်သေးပါဘူး။ တချို့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေကတော့ အစိုးရရှေ့နေတွေအပေါ် တန်ပြန်သက်ရောက်တာတွေ ဖြစ်လာနိုင်တယ်၊ ဆန္ဒပြပွဲတွေတောင်မှ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG