သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါဝန်ကြီးချုပ်သစ် လွှတ်တော်က ရွေးချယ်


နီပေါနိုင်ငံမှာ ရက်သီတင်းပတ်အတန်ကြာ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းချက်အနေနဲ့ အခု နီပေါ လွှတ်တော်ကနေ သဘောထား ပျော့ပြောင်းတဲ့ ကွန်မြူနစ်ခေါင်းဆောင်တဦးကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ပါတယ်။

စနေနေ့က မက်ဒဗ် ကူးမား နီပေါလ် (Madhav Kumar Nepal) ကို ကန့်ကွက်မယ့်သူမရှိဘဲ မဲပေး ရွေးချယ်ခဲ့တာပါ။ အဲဒီ မတိုင်ခင် နာရီပိုင်းကတော့ ကတ်ဒမန်ဒူ မြို့တောင်ဖက် ဘုရားကျောင်းတခုမှာ ဗုံးကွဲတာကြောင့် လူနှစ်ဦး သေဆုံးသွားပါ တယ်။

မစ္စတာ နီပေါလ် ဟာ နီပေါနိုင်ငံမှာရှိတဲ့ ကွန်မြူနစ်ပါတီတွေထဲက တခုဖြစ်တဲ့ CPN/UML United Marxist Leninist ပါတီရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ သူဟာ မော်ဝါဒီခေါင်းဆောင် ပရာချန်ဒါ လို့ လူသိများတဲ့ ပုရှ်ပါ ကမဲလ် ဒါဟဲလ် (Pushpa Kamal Dahal) ရဲ့ ဝန်ကြီးချုပ်နေရာကို ဆက်ခံတာပါ။ ပရာချန်ဒါကတော့ သမ္မတဖြစ်သူနဲ့ အချေအတင်ဖြစ်ပြီးတော့ အခုလအတွင်း ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်သွားခဲ့ပါတယ်။

အရင် မော်ဝါဒီ သူပုန်ဟောင်းတွေကို အစိုးရစစ်တပ်မှာ ဝင်ရောက်ခွင်ပြုဖို့ နီပေါ အစိုးရတပ် အကြီးအကဲက ငြင်းပယ်ထား ပါတယ်။ အဲဒီ ဗိုလ်ချုပ်ကြီးကို ပရာချန်ဒါ က ရာထူးကနေ ထုတ်ဖို့ ကြိုးစားတာကို သမ္မတဖြစ်သူက ကန့်ကွက်ခဲ့ပြီးနောက် သမ္မတနဲ့ ဝန်ကြီးချုပ် ပရာချန်ဒါ အကြား အချင်းများခဲ့ကြတာပါ။

ဒီကနေ့ လွှတ်တော်မှာ ဝန်ကြီးချုပ်သစ် ရွေးချယ်ချိန်မှာ မော်ဝါဒီတွေဟာ လွှတ်တော်ကို ဝိုင်းရံရောက်ရှိလာပြီး ဝန်ကြီးချုပ် သစ်ကို “ဟာသကောင်” ဆိုပြီး လှောင်ပြောင်ခဲ့ကြပါတယ်။

လွှတ်တော်က ဝန်ကြီးချုပ်မရွေးခင် စနေနေ့ အစောပိုင်းက ဘုရားကျောင်း ဗုံးကွဲမှုကြောင့် အသက် ၃၀ အရွယ် အမျိုးသမီး တဦးနဲ့ ၁၄ နှစ်အရွယ် ကလေးမတဦးတို့ သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG