သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားတွေကြားထဲ ပုန်းနေတဲ့ ကျားသူပုန်တွေ ရှာနေဆဲမှာ ဒုက္ခသည် စခန်းတွေကို သွားခွင့် မပြုသေး


သီရိလင်္ကာအစိုးရက သူပုန်တွေလို့ သံသယရှိသူတွေ အရပ်သားတွေကြားထဲ ပုန်းအောင်းနေတာတွေကို ရှာထုတ်လို့ မပြီးမချင်း ဒုက္ခသည်တွေနဲ့ ပြည့်နှက်နေတဲ့ ယာယီစခန်းတွေမှာ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေ သွားရောက်ဖို့ အပြည့်အ၀ ခွင့်ပြုနိုင်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ သီရိလင်္ကာသမ္မတ Mahinda Rajapaksa က အခြေအနေတွေ တိုးတက်မှု ရှိလာရင် အထူးသဖြင့် လုံခြုံရေး အခြေအနေတွေ စိတ်ချမှု ရှိပြီဆိုရင်တော့ အကူအညီတွေ ကို အတားအဆီးမရှိ ခွင့်ပြုမှာပါလို့ မနေ့က ပြောခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံကို အခု အလည်ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်က နိုင်ငံတကာ အကူအညီတွေ ဒုက္ခသည်တွေဆီ အတားအဆီးမရှိ ပေးပို့နိုင်ဖို့ အစိုးရကို ပန်ကြားထားတာကို တုံ့ပြန်တဲ့ အနေနဲ့ သမ္မတ မဟင်ဒါ ရာဂျပတ်စက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ မနေ့က မစ္စတာ ဘန်ကီမွန်ဟာ အိုးအိမ်စွန့် ထွက်ပြေး ခဲ့ရသူ အရပ်သားပေါင်း ၃ သောင်းထဲက အများစု ၃ ပုံ ၂ ပုံ ခိုနားနေရာ Manik Farm ခေါ် ဒုက္ခသည်စခန်း ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ ဒီနှစ် မကုန်မီ အိုးအိမ်စွန့် ထွက်ပြေးခဲ့ရသူတွေ အားလုံးရဲ့ ဘ၀ အတည်တကျ ပြန်ဖြစ်စေရမယ်လို့ သီရိလင်္ကာ အစိုးရက ဂတိပြုထားတဲ့အတိုင်း ကုလသမဂ္ဂဘက်ကလည်း အစွမ်းကုန် ကြိုးစားသွားမယ်လို့ မစ္စတာ ဘန်ကီမွန်က ပြောခဲ့ပါတယ်။ မစ္စတာဘန်ကီမွန်ဟာ သီရိလင်္ကာသမ္မတ မဟင်ဒါ ရာဂျာပတ်စအပြင် တခြား ထိပ်တန်း အစိုးရ အရာရှိတွေ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာတော့ မစ္စတာ ဘန်ကီမွန်က တကယ်လို့ သီရိလင်္ကာအစိုးရဟာ လူနည်းစု တမီးလ် လူမျိုးတွေနဲ့ ပြန်လည် သင့်မြတ်အောင် မကြိုးစားဘူးဆိုရင်တော့ သမိုင်းဟာ သူ့ဟာနဲ့သူ တကျော့ ပြန်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

XS
SM
MD
LG