သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထုတ်ပြန်ချက် မြန်မာစစ်အစိုးရ ကန့်ကွက်


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို လိုက်တာနဲ့ ပတ်သက်ပြီးတော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို မြန်မာ စစ်အစိုးရက ပြင်းထန်တဲ့ အသုံးအနှုန်း တွေ သုံးပြီးတော့ ကန့်ကွက်ခဲ့ပါတယ်။ မေလ၁၉ရက်နေ့စွဲနဲ့ အာစီယံ အလှည့်ကျ ဥက္ကဋ္ဌ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတဲ့ အတွက် နိုင်ငံတကာမှာ မြန်မာ အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ဖေါ်ပြထားပါတယ်။ အာစီယံ အလှည့်ကျ ဥက္ကဋ္ဌရဲ့ ကြေညာချက်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တာ ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ထုတ်လွှင့်ပြသသွားတဲ့ အစိုးရ သတင်းထဲမှာ ပြောကြား သွားပါတယ်။ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ဒီကြေညာချက်ကို တခြားအဖွဲ့ဝင် နိုင်ငံတွေက အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ ကြိုတင် ညှိနှိုင်းမှု မရှိဘဲ သဘောရိုးနဲ့ မဟုတ် ထုတ်ပြန်ခဲ့တာ ဖြစ်တဲ့အတွက် အာဆီယံ အဖွဲ့အတွင်းမှာ မကောင်းတဲ့ အစဉ်အလာကို ဖြစ်စေတယ်လို့ အစိုးရ သတင်းထဲမှာ ဖေါ်ပြပါတယ်။ အမေရိကန် လူမျိုး ဂျွန်ဝီလျှံ ယက်ထော မေလ ၃ရက် နေ့တုံးက ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ခံထားရတဲ့ သူမရဲ့ ခြံဝင်းထဲကို ရေကူးသွားရောက်ကာ ၂ရက်ကြာအောင်နေခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆိုထားပါ တယ်။ ဒီလို တရားစွဲဆိုတာကို ကန့်ကွက်တဲ့ အနေနဲ့ ကမ္ဘာအရပ်ရပ်က မြန်မာ့အရေး လှုပ်ရှားသူတွေ ကလည်း ဆန္ဒပြမှုတွေ လုပ်နေကြတာမှာ တနင်္ဂနွေနေ့က ထိုင်းမြန်မာနယ်စပ်မှာ ဆန္ဒပြခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးကြဖို့ကို တောင်းဆိုခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို အင်းစိန်ထောင်ထဲက အထူးတရားရုံးမှာ ဒီကနေ့ တနင်္လာနေ့မှာ လည်း ဆက်ပြီးတော့ စစ်ဆေးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG