သုံးရလွယ်ကူစေသည့် Link များ

ဒေါ်အောင်ဆန်းစုကြည် မေ၂၆ရက် ရုံးတော်ရှေ့မှောက် အစစ်ခံမည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတင် စစ်ဆေးမှုတွေ စတင်လုပ်ဆောင်တဲ့နေ့အဖြစ် သက်သေတချို့ကို အပြန်အလှန် စစ်ဆေးမေးမြန်းတာတွေ ရှိခဲ့ပြီးတော့ မနက်ဖြန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထွက်ဆိုဖို့ရှိတယ်လို့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။ ဒီလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားခွင်မှာ ထွက်ဆိုမယ့်နေ့အဖြစ်နဲ့လည်း စာနယ်ဇင်းသမားတွေကို ၀င်ရောက်ခွင့်ပေးဖို့ ရှိနေပါတယ်။ တရားခွင်က နောက်ဆုံးအခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ်ချမှတ်ထားတဲ့ တားဆီးကန့်သတ်မိန့်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆို စစ်မေးတာတွေကို ခံနေရတဲ့နေရာမှာ ဒီကနေ့မှာတော့ တရားလိုတွေဘက်က တင်သွင်းလာတဲ့ သက်သေတချို့ ကို စစ်မေးတာတွေ ရှိခဲ့ပါတယ်။ ဒီလို တရားလို သက်သေတွေအပေါ် စစ်မေးတာတွေ နောက်ဆက်တွဲအဖြစ်နဲ့ကတော့ စွပ်စွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ နောက် သူနဲ့အတူ အဖော်အဖြစ်နေထိုင်သူ ဒေါ်ခင်ခင်ဝင်း၊ သမီးဖြစ်သူ မ၀င်းမမ နဲ့ နေအိမ်ခြံဝင်းထဲကို တိတ်တဆိတ် ရေကူး ၀င်ရောက်ခဲ့တယ်ဆိုတဲ့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျမ်ယက်ထော (John William Yettaw) တို့ကို စစ်မေးမှုတွေ မနက်ဖြန် အင်္ဂါနေ့မှာ စတင် လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးကြည်ဝင်းက ပြောပါတယ်။

“ဒီနေ့ တရားခွင်အခြေအနေက ဒို့ဘက်က ပြန်ခေါ်တဲ့သက်သေ ၅ ယောက်ထဲက ၄ ယောက် စစ်လိုက်တယ်၊ ပြီးသွားတယ်။ ကျန်တဲ့တယောက်တော့ မစစ်တော့ဘူး ဆိုပြီးတော့။ နောက်တခါ တရားလိုဘက်က ကျန်တဲ့သက်သေတယောက် စစ်လိုက်
တယ်။ စစ်ပြီးတော့ ကျန်တဲ့သက်သေတွေအားလုံး တရားလိုဘက်က ဥပဒေ၀န်ထမ်းက ပယ်တယ်တဲ့။ ဆိုတော့ အဲဒီမှာ ပြီးသွားရော။ မနက်ဖြန်က ဒေါ်အောင်ဆန်းစုကြည်တို့ကို စစစ်တော့မယ်။”

တရားလိုဘက်က သက်သေတွေကို ပြန်လှန်စစ်ကြောတဲ့ နေရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားသလို ကန့်သတ်မိန့်ကို ချိုးဖောက်ရာ ရောက်မရောက်၊ နောက် ဒီလိုပြဋ္ဌာန်းထားတယ်ဆိုတဲ့ ဥပဒေတွေဟာဆိုရင်လည်း တရား ဥပဒေနဲ့ညီမညီ ဆိုတာတွေနဲ့ ပတ်သက်လို့ သက်သေတွေကို ပေါ်လွင်အောင် မေးမြန်းတာတွေ လုပ်ခဲ့တယ်လို့လည်း ဦးကြည်ဝင်းက ပြောပါတယ်။ ဒါပေမဲ့လည်း ဒီလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရုံးတော်ရှေ့မှောက် အစစ်ခံရတော့မှာ ဖြစ်တာမို့ ဥပဒေကြောင်းအရ တိုင်ပင်ဆွေးနွေးခွင့်ရဖို့ ကြိုးပမ်းခဲ့ပေမဲ့လည်း မရခဲ့ဘူးလို့ ဦးကြည်ဝင်းက ပြောပါတယ်။

“ဒီနေ့ တရားသူကြီးကို ခဏလေးတွေ့ပါရစေ၊ မကြာပါဘူး၊ ၁၀ မိနစ်လောက်ပါ။ တောင်းဆိုချင်တာက ဒေါ်အောင်ဆန်းစုကြည်၊ ခင်ခင်ဝင်း၊ ၀င်းမမတို့နဲ့ တနာရီလောက် ဆွေးနွေးချင်တယ်။ ဘာတွေလုပ်မယ်၊ ဘယ်သူတွေ သက်သေခံမယ်ဆိုပြီးတော့ လုပ်ချင်လို့ တောင်းဆိုလိုက်တယ်။ စောင့်ရင်းစောင့်ရင်းနဲ့ နောက်ကျတော့ တရားသူကြီးတွေ မရှိတော့ဘူးတဲ့။”

အမေရိကန်နိုင်ငံသားတဦး နေအိမ်ခြံဝင်းထဲကို ကျူးကျော်ဝင်ရောက်ခဲ့ရာက အခုလို တရားစွဲဆို အရေးယူခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရုံးတော်ရှေ့မှောက် ထွက်ဆိုမယ့် မနက်ဖြန်မှာတော့ စာနယ်ဇင်း သမားတချို့ကို သတင်းယူခွင့်ပြုမှာဖြစ်ပြီး တရားခွင်မစတင်ခင် သတင်းစာရှင်းလင်းပွဲတရပ်လုပ်ဖို့ အာဏာပိုင်တွေဘက်က စီစဉ်ထားတယ်လို့လည်း ဥပဒေအကျိုးဆောင်ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။

“သတင်းတပ်ဖွဲ့က ဒု-တပ်ဖွဲ့မှူး ဦးဝင်းနိုင်ထွန်းက အခုညနေပိုင်းမှာ အန်ကယ်တို့ကို လာပြောတာက မနက်ဖြန် သတင်းစာ ရှင်းလင်းပွဲ ရှိမယ်တဲ့။ အဲဒီရုံးမှာပဲ၊ မနက် ၈ နာရီဆိုတော့ ၇ နာရီအရောက် လာခဲ့ကြဖို့၊ သံတမန်ပါမယ်လို့တော့ မပြောဘူး၊ သတင်းထောက်တွေလို့ ပြောတယ်။ ကိုဉာဏ်ဝင်းကမေးတယ်၊ ကျနော်တို့ကရော ပြန်ပြီးတော့ ဖြေခွင့်တို့ ဆွေးနွေးခွင့်တို့ မေးခွင့်တို့ ရှိလားဆိုတော့ အဲဒါတော့ မရှိဘူးတဲ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ဦးကြည်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မနက်ဖြန် ရုံးချိန်းရက်မှာတော့ ဒုတိယအကြိမ်အဖြစ်နဲ့ စာနယ်ဇင်းသမား ၂၀ ကျော်ကို ခွင့်ပြုဖို့ရှိပြီး ပထမတကြိမ်တုန်းက တက်ရောက်ခွင့်ရခဲ့ကြတဲ့ ပြည်တွင်းနဲ့ ပြည်ပ သတင်းဌာနက လူတွေတော့ မပါဘူးလို့လည်း စာနယ်ဇင်းသမားတွေက ပြောပါတယ်။ အခုတကြိမ်မှာလည်း အရင်တခေါက်ကလို ရန်ကုန်အခြေစိုက် သံတမန်တွေကို ဖိတ်ကြားကောင်း ဖိတ်ကြား လိမ့်မယ်လို့ မျှော်လင့်ထားကြပေမယ့်လည်း တရားဝင် အကြောင်းကြားတာမျိုးတော့ မကြားရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG