သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကြားဝင်စေ့စပ်ပေးလိုဟု တောင်အာဖရိက ကမ်းလှမ်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တကမ္ဘာလုံးက တောင်းဆိုနေကြတဲ့အထဲ တောင်အာဖရိကနိုင်ငံလည်း ပါဝင်ပါတယ်။
မနေ့ကတော့ တောင်အာဖရိက ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီဘရာဟင်မ် (Mr Ebrahim) က တောင်အာဖရိကဆိုင်ရာ မြန်မာသံအမတ်ကြီးကို ခေါ်ယူပြီး မြန်မာနိုင်ငံက အမျိုးသား ရင်ကြားစေ့ရေးအတွက် ကြားဝင်ညှိနှိုင်းဖို့ တောင်အာဖရိကအနေနဲ့ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ စေလွှတ်လိုတယ်လို့ အဆိုပြုခဲ့ပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းပြီး
ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တောင်အာဖရိကနိုင်ငံဟာ ဘက်မလိုက်အုပ်စုဝင် နိုင်ငံ တနိုင်ငံဖြစ်သလို အရင်တုန်းက ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးပွဲတွေမှာ မြန်မာ စစ်အစိုးရ ဘက်က ရှိခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ကန့်ကွက်ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့
ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံဖမ်းဆီးတဲ့အပေါ် စိုးရိမ်မိကြောင်းနဲ့ ဒေါ်အောင်ဆန်း
စုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်အာဖရိက အစိုးရသစ်ရဲ့ နိုင်ငံခြားရေးဌာနက တရားဝင်ထုတ်ပြန်သလို မနေ့ကဆိုရင် မြန်မာသံအမတ်ကြီးကို ခေါ်ယူပြီး ဒုတိယ ဝန်ကြီး အီဘရာဟင်မ်ကိုယ်တိုင် ဆွေးနွေးပြောဆိုတာတွေ ရှိခဲ့ပါတယ်။ လက်ရှိ တောင်အာဖရိကနိုင်ငံ အစိုးရရဲ့ မြန်မာနိုင်ငံ အပေါ် ထားတဲ့ မူဝါဒနဲ့ ပတ်သက်လို့ တောင်အာဖရိကအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာသိန်းဝင်းကို သူ့ရဲ့
သုံးသပ်ချက် မေးကြည့်ပါတယ်။

“အခုလက်ရှိ သံအမတ်အသစ်ရောက်တယ်လို့ ကြားပါတယ်။ အဲဒီသံအမတ် တင်ဦးလွင်ဆိုတဲ့ပုဂ္ဂိုလ်ကို ဒု-ဝန်ကြီးက ခေါ်ပြီး တော့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ပြောတယ်။ နောက်တခု ထူးခြားတာကတော့ မြန်မာ နိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်မှုကို ရပ်ဆိုင်းပြီး စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို တကယ်သွားဖို့ တောင်းဆိုတယ်။ နောက်တခု ထူးခြားတာက သံအမတ်ကိုပဲ တောင်အာဖရိက အနေနဲ့ အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ပြီး စေ့စပ် ဆွေးနွေးရေးလုပ်ဖို့ တောင်းဆိုတာကို ဒီနေ့ပဲ ဒု-ဝန်ကြီးက ထုတ်ပြန်တာကို ကြားသိရပါတယ်။”

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေကို ညှိနှိုင်းပေးဖို့အတွက် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ဖို့ အဆိုပြုတယ်ဆိုတာ ဘယ်အဆင့်မျိုးလဲ၊ အစိုးရအဆင့်လား၊ နိုင်ငံတကာအဆင့်လား။

“ဒါကိုတော့ ကျနော်တို့လည်း မသိပါဘူး။ သူကနေပြီး တောင်းဆိုတယ်ပေါ့၊ ပြောရရင်တော့ ဒါ နအဖကို ကမ်းလှမ်းလိုက် တာပါပဲ၊ နအဖ သံအမတ်ကတဆင့်။ ပြောရရင် အခု ဒု-ဝန်ကြီးဖြစ်တဲ့ မစ္စတာအီဘရာဟင်မ်ဟာ သူ့မှာ အစဉ်အလာလည်း ရှိခဲ့ပါတယ်။ အသားအရောင်ခွဲခြားတဲ့စနစ် ပြီးဆုံးခါနီးမှာ လူဖြူအစိုးရနဲ့ နှစ်ဦးနှစ်ဖက် ဆွေးနွေးတဲ့အခါ ထိပ်တန်းက ပါဝင်တယ်။ နောက် တောင်အာဖရိကနိုင်ငံ ဒီမိုကရေစီ ပြောင်းသွားပြီးတဲ့အခါ အပြည်ပြည်ဆိုင်ရာကိုသွားပြီး ငြိမ်းချမ်းရေး ကိစ္စတွေ ဆောင်ရွက်တဲ့ အတွေ့အကြုံ မစ္စတာအီဘရာဟင်မ်မှာ ရှိပါတယ်။ ဒါကြောင့် သူကိုယ်တိုင်ကလည်း ဒီကိစ္စကို
တော်တော်လေး စိတ်ပါပုံရပါတယ်။”

အရင်တုန်းကတော့ တောင်အာဖရိကနိုင်ငံက မြန်မာ့အရေးကိစ္စမှာ အစိုးရအနေနဲ့ တော်တော်လေး ရှောင်ဖယ်ရှောင်ဖယ် လုပ်လေ့ရှိပါတယ်။ အထူးသဖြင့် လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ချမယ်ဆိုရင် ကန့်ကွက်မဲပေးတဲ့အထိ လုပ်ခဲ့တဲ့ အစဉ်အလာတွေရှိတော့ အခုလို အစိုးရပိုင်းရဲ့ ရပ်တည်ချက်က တောင်အာဖရိကအစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒ ပြောင်းလဲသွားတယ်လို့ ပြောလို့ရမလား။

“လုံးဝပြောင်းလဲတယ်လို့ ပြောဖို့တော့ စောပါသေးတယ်၊ စောင့်ကြည့်ရဦးမှာပေါ့။ သို့သော်လည်း အခုအပိုင်းမှာ ပြောင်းလဲ မှု တစုံတရာရှိတယ်လို့တော့ ပြောလို့ရပါတယ်။ နောက်တခု သတိချပ်ဖို့ကတော့ အရင်တုန်းက တောင်အာဖရိက နိုင်ငံ အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပေါ့၊ အင်္ဂလိပ်လို Foreign Affairs လို့ ခေါ်ရာကနေ အခု လက်ရှိအစိုးရ တက်လာတဲ့ အခါ Foreign Affairs ဆိုတဲ့နာမည်ကို ဖျောက်ပြီးတော့ International Relations and Cooperation Ministry လို့ ပြောင်းသွား ပါတယ်။ ပြောင်းတဲ့ကိစ္စကိုလည်း သူတို့ ရှင်းပါတယ်။ နိုင်ငံခြားရေးဝါဒတင်မက အပြည်ပြည်ဆိုင်ရာနဲ့ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်တယ်ဆိုတဲ့သဘော ပိုပြီးတော့ လိုလားအပ်တဲ့ အခြေအနေလို့ သူတို့ ယူဆတဲ့အတွက် မီဒီယာတွေမှာ ပြောပါ တယ်။”

မြန်မာသံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့တဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီဘရာဟင်မ် ဟာ တချိန်တုန်းက တောင်အာဖရိက နိုင်ငံ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့သူဖြစ်သလို ထောင်ထဲမှာလည်း နှစ်ရှည်နေခဲ့ရသူပါ။ အသားအရောင် ခွဲခြားမှုတွေကို အဆုံးသတ်ဖို့ လူဖြူအစိုးရနဲ့ အေအန်စီ စေ့စပ်မှု မှာလည်း အဓိကနေရာက ပါဝင်ခဲ့သူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG