သုံးရလွယ်ကူစေသည့် Link များ

ကုလသမဂ္ဂ နဲ့ နိုင်ငံတကာရဲ့  မတူညီ တုံ့ပြန်ဆောင်ရွက်ချက်


ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ရုံးတင်တရားစွဲလုပ်ကိုင်မှုကြောင့် မြန်မာ့သတင်း ကမ္ဘာ့သတင်းမီဒီယာမှာ လူသိများလာနေတဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် မြောက်ကိုးရီးယား (North Korea) နျူကလီးယား အဏုမြူဗုံး စမ်းသပ်တဲ့သတင်းပေါ်ထွက်လာပြီး မြန်မာသတင်းကို ကျော်တက်သွားခဲ့ပါတယ်။ မြန်မာသတင်းက ပြည်တွင်းနိုင်ငံရေး အရေးကိစ္စသာဖြစ်ပြီး မြောက်ကိုးရီးယားသတင်းဟာ ကမ္ဘာကြီးကို တိုက်ရိုက်အန္တရာယ်ပြုနိုင်တဲ့ အဏုမြူ နျူကလီးယားဗုံးကိစ္စဖြစ်နေတာကြောင့် အခုလို မြန်မာသတင်းနောက်ဖက်ရောက်သွားတယ်လို့ သုံးသပ်နိုင်ပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းကြီးဖြစ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတော့ မြန်မာအရေးနဲ့ ပတ်သက်လို့ အစည်းအဝေးပြုလုပ်ခဲ့ကြသလို မြောက်ကိုးရီးယားအရေးအတွက်လည်း အရေးပေါ်အစည်းအဝေးတခု ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာအရေးအတွက်တော့ ဗီတိုအာဏာရှင် တရုတ် နဲ့ ရုရှနိုင်ငံတို့က ကန့်ကွက်ဆန်ကျင်ခဲ့မှုကြောင့် ကို resolution ခေါ် ပြဌာန်းချက်၊ ဆုံးဖြတ်ချက် နဲ့ presidential statement ခေါ် ဥက္ကဌကြေညာချက် စတဲ့ အဆင့်တွေတောင်မှ မထုတ်ပြန်နိုင်ခဲ့ဘဲ press statement လို့ ခေါ်တဲ့ သတင်းထုတ်ပြန်ချက်လောက်သာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆက်စပ်ပြီး မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက ပေါ်ထွက်လာမဲ့ နိုင်ငံရေးအကျိုးဆက်တွေနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေက စိုရိမ်မကင်းကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက ဖော်ပြလိုက်ပါသည် (The members of the Security Council express their concern about the political impact of recent developments relating to Daw Aung San Suu Kyi.)။

ဒါအပြင် ကြေညာချက်ရဲ့  နောက်ဆုံးပိုင်းမှာ မြန်မာနိုင်ငံရဲ့  နယ်မြေတည်တံ့ခိုင်မြဲရေး၊ အချုပ်အချာအဏာပိုင်ဆိုင်မှုကို လုံခြုံရေးကောင်စီအဖွဲ့ဝင်များက အလေးအနက်ထားကြောင်း ဖော်ပြပြီးတော့ မြန်မာနိုင်ငံရဲ့  အနာဂတ်ဟာ မြန်မာနိုင်ငံသားများရဲ့  လက်ထဲမှာသာရှိတယ်ဆိုတာကို ထပ်မံအတည်ပြုပါကြောင်း ထုတ်ပြန်ချက်ထဲမှာ ရေးသားဖော်ပြထားပါတယ် (The members of the Security Council affirm their commitment to the sovereignty and territorial integrity of Myanmar and, in that context, reiterate that the future of Myanmar lies in the hands of all of its people.)။

ဒါပေမဲ့ မြောက်ကိုးရီးယား နျူကလီးယား စမ်းသပ်မှုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာတော့ နျူကလီးယား စမ်းသပ်မှုကို အပြင်းအထန်ကန့်ကွက် ရှုတ်ချတယ် (strong opposition and condemnation of the nuclear test) လို့ ဖော်ပြထားပါတယ်။ မြန်မာအရေးမှာ တွန့်ဆုတ်ခဲ့တဲ့ တရုတ် နဲ့ ရုရှ နိုင်ငံတို့ကလည်း တခြားအဖွဲ့ဝင်နိုင်ငံများနဲ့အတူ မြောက်ကိုးရီးယားကို ရှုတ်ချခဲ့ပါတယ်။ ဒီအရေးကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂရဲ့  ဆုံးဖြတ်ပြဌာန်းချက် အမြန်ဆုံးထုတ်ပြန်ဖို့ အပူအပြင်းဆောင်ရွက်နေကြပါတယ်။

ဒီလို နှစ်နိုင်ငံအပေါ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ ဘာကြောင့် မတူညီခွဲခြားလုပ်ကိုင်နေတာလဲ။ ဘာကြောင့် တန်တူသတ်မှတ် မတုံ့ပြန်သလဲ စတဲ့ အချက်တွေကို ရှင်းလင်းသိရှိနိုင်ဖို့ မြန်မာ့အရေး ကျွမ်းကျင်သူ၊ မြန်မာ့အရေးလှုပ်ရှားနေသူ ဥရောပမြန်မာဌာန ညွှန်းကြားရေးမှုး ဦးဟန်ညောင်ရွှေ၊ အမေရိကန်အခြေစိုက် အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ ဥက္ကဌ ဦးအောင်စောဦး တို့ကို ဦးကျော်ဇံသာ (ဗွီအိုအေ) က ဆက်သွယ်မေးမြန်း သုံးသပ်တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG